မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 15, 2015
အာဏာလုပွဲလော၊ ရွေးကောက်ပွဲလော
အာဏာလုပွဲလော၊ ရွေးကောက်ပွဲလော
-------------------------------
ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးလာသည့်အတွက် ရွေးကောက်ပွဲတွင် မဲရရှိရေး အလို့ငှာ လူအများအကြိုက် မီးရှူးမီးပန်းဖောက်မှုများဖြင့် ဆွဲဆောင် စည်းရုံးမှုများ တဖြည်းဖြည်း အတွေ့ရ များလာသည်။
အထူးသဖြင့် အာဏာထိုင်ခုံတွင် အချိန်ကြာကြာ ထိုင်လာခဲ့သူများက ဒီမိုကရေစီ ချန်ပီယံကြီးများပုံစံ အလွန်အကျူး ပြသနေခြင်းမှာ အမြင်မတော် ဆင်တော်နှင့်ခလောက် ဆိုသကဲ့သို့ အကြည့်ရ ဆိုးလှကြောင်း ဝေဖန်သံများ ထွက်ပေါ်လာသည်။
မည်မျှပင် အရိုးစွဲနေသော အကျင့်စရိုက်ဆိုး၊ အတွေးအခေါ်အလွဲများ ရှိနေစေကာမူ ပြုလွယ်ပြောင်းလွယ်၊ သင်ယူလွယ်တတ်သည့် သဘောထားရှိပါက အချိန်မရွေး လမ်းမှန်ပေါ် ပြန်ရောက်သွားခြင်းကို ကြိုဆိုရမည် ဖြစ်သော်လည်း မူလစရိုက်နှင့် ပြောင်းပြန်အချိုးကျသည့် ရုတ်ခြည်းပြောင်းလဲမှုမျိုး မှာမူ များစွာ သံသယဖြစ်ဖွယ် ကောင်းလှသည်။
ထို့အပြင် နိုင်ငံရေးလောက အတွင်း အခြေအနေများ ရှုပ်ထွေးသွားစေရန် ကစားကွက် အမျိုးမျိုး ရွှေ့တတ်သည့် စရိုက်လက္ခဏာ ရှိသူများဖြစ်ပါက ကြိုတင်တွက်ဆ၊ အဖြေ ထုတ်ထားပြီးသား ဖြစ်သည့် ကစားကွက်မျိုးဖြင့် လက်ခုပ်သံ ရယူသွားတတ်သည်။
အာဏာနိုင်ငံရေးလောက ဖြစ်ခြင်းကြောင့် အာဏာအခြေပြု ကစားပွဲများသည် ပြိုင်ဘက်အချင်းချင်း အကြား သိက္ခာရှိသော ပြိုင်ဆိုင်မှုမျိုးအပြင် တစ်ခါတစ်ရံ သူသေ၊ ကိုယ်သေ အပြုတ်တိုက် ကစားကွက်မျိုးဖြင့်လည်း ထိပ်တိုက် ရင်ဆိုင်လာတတ်သည်။
ဒီမိုကရေစီ၏ အခြေခံ သဘောတရားမှာ မတူကွဲပြားတတ်သော လူ့သဘာဝကို နားလည်လက်ခံပေးပြီး တူညီသော ဘုံရည်မှန်းချက် တစ်ခုအတွက် မတူညီမှုများကို တတ်နိုင်သရွေ့ အပေးအယူ၊ အလျှော့အတင်းလုပ်၊ ပူးပေါင်း ဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်စေခြင်း ဖြစ်သည်။
ယင်းသဘောတရားသည် ယဉ်ကျေးမှုအဆင့် မမြင့်သေးသော သမိုင်းဦးခေတ်နှင့် အာဏာရှင်စနစ် တို့တွင် ရှိတတ်သည့် တူညီသောမျှော်မှန်းချက် ရာထူး နေရာတစ်ခုအတွက် မိမိကို မထောက်ခံသူ၊ ဆန့်ကျင်သူများ၊ ထိုရာထူးနေရာ အတွက် မိမိအား ယှဉ်ပြိုင်မည့်သူများကို ဖယ်ထုတ် ရှင်းလင်းသည့် သဘောတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
ထို့အပြင် နိုင်ငံတော်၏ အရေးကိစ္စများကို နိုင်ငံသူနိုင်ငံသားများ ကိုယ်စား အာဏာသုံးရပ်တွင် တာဝန်ထမ်းဆောင်ပေးရမည့် ပြည်သူ့ကိုယ်စားလှယ်များ အဖြစ် ရွေးကောက်ပွဲ ဝင်ရာတွင် အရည်အချင်းနှင့် စွမ်းဆောင်ရည်ရှိသူများ အပြင် ပေါ်ပြူလာဖြစ်သူများကို စည်းရုံးဆွဲဆောင်ကာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများလည်း ရှိလာနိုင်ပေသည်။
မြန်မာ့ လူ့အဖွဲ့အစည်းကို ဒီမိုကရေစီ လူ့ဘောင်သစ်သို့ ခေါ်ဆောင်သွားရာတွင် ရေတိုသာခံမည့် ပေါ်ပြူလာဆန်ဆန် တစ်ပွဲတိုး နည်းလမ်းမျိုးထက် အရည်အချင်း၊ စွမ်းဆောင်ရည် ရှိသူများကိုသာ နေရာပေးသည့် ရေရှည်ခံ နည်းလမ်းများ ဖြင့်သာ အချိုးညီ ဟန်ချက်ညီစွာ ပန်းတိုင်သို့ချောမွေ့စွာ ရောက်ရှိနိုင်ကြောင်း သတိပေး ထောက်ပြလိုရင်းဖြစ်သည်။
အယ်ဒီတာ (၁၄- ၇-၂၀၁၅)
--------------------
Editorial, The Voice Daily Vol-3/No-84 (#voiceeditorial) အာဏာလုပွဲလော၊ ရွေးကောက်ပွဲလော

Editorial, The Voice Daily Vol-3/No-84 (#voiceeditorial)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment