Wednesday, July 15, 2015

အော်တိုဖုန်းလိုင်းတပ်ဆင်ခ ထက်ဝက်လျှော့ချ

အော်တိုဖုန်းလိုင်းတပ်ဆင်ခ ထက်ဝက်လျှော့ချ ဂျပန်အခြေစိုက် ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) က အော်တိုဖုန်းလိုင်း (PSTN) တပ်ဆင်ခတွေကို ထက်ဝက် လျှော့ချလိုက်တယ်လို့ MPT ထံမှ သိရပါတယ်။ အိမ်သုံးအတွက်သာမက စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ အတွက် ဇူလိုင်လ ၁၅ ရက်နေ့ မှ စတင်ပြီး အော်တိုဖုန်းလိုင်း တပ်ဆင်ခကို ယခင် ကျပ်ခြောက်သိန်းခွဲမှ ကျပ် ၃၂၅၀၀၀ သို့ လျှော့ချလိုက်ပြီဖြစ်တယ်လို့ MPT ကထုတ်ပြန်ထားပါတယ်။ စီးပွားရေး လုပ်ငန်းတွေမှာ လိုင်းခွဲဖုန်းတွေ ထားရှိဖို့နဲ့ ADSL အင်တာနက်လိုင်းတွေအတွက် အော်တိုဖုန်းလိုင်းတွေ လိုအပ်ပြီး အဲ့ဒီလို တပ်ဆင်ခ ပြောင်းလဲ လျှော့ချလိုက်တာကြောင့် တပ်ဆင်သူ ပိုမို များပြားလာနိုင်တယ်လို့ အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “လျှော့လိုက်တာ ကောင်းတယ်။ ဒါပေမဲ့ လိုင်းကောင်းဖို့လိုတယ်။ အဓိကက လိုင်းတည်ငြိမ်ဖို့ပါ။ MPT က အဲ့လို လျှော့လိုက်တော့ သုံးစွဲလိုသူတွေက ပိုအသုံးပြုလာနိုင်မယ်” လို့ အင်တာနက်ကို အသုံးပြုပြီး ကတ်ငွေပေးချေမှု လုပ်ငန်း လုပ်ကိုင်တဲ့ ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ယခင်က တယ်လီဖုန်း ဆက်သွယ်ရေးအတွက် အဓိက အသုံးပြုခဲ့ရတဲ့ အော်တိုလိုင်းဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို ဒီထက်ပိုပြီး နှစ်ဆမြှင့်တင်မှာ ဖြစ်တယ်လို့လည်း MPT ကကြေညာထားပါတယ်။

No comments: