မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 16, 2015
တပ်မတော်နှင့် DKBA တိုက်ပွဲများ ရပ်တန့်ရေး KNU ကြားဝင်ညှိနှိုင်းမည်
တပ်မတော်နှင့် DKBA တိုက်ပွဲများ ရပ်တန့်ရေး KNU ကြားဝင်ညှိနှိုင်းမည်
ရန်ကုန်၊ ဇူလိုင် ၁၅
တပ်မတော်နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့ နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) က ကြားဝင်ညှိနှိုင်းမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီက ထုတ်ပြန်ကြေညာသည်။
ဇူလိုင်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ယင်းကြေညာချက်တွင် နှစ်ဖက်ပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လုပ်ငန်းစဉ်ကို မထိခိုက်စေလိုကြောင်း ဖော်ပြထားသည်။
ထို့အပြင် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားသော စစ်ရေးပဋိပက္ခများကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် အဖြေရှာဆောင်ရွက်ရေးကို တပ်မတော်နှင့် DKBA နှစ်ဖက်လုံးကို မေတ္တာရပ်ခံပြီး ယင်းဆွေးနွေးပွဲများ ပေါ်လာရေးအတွက် အဘက်ဘက်မှ ကြိုးစား ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။
ယင်းသို့ နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရေးအတွက် KNU က ကြားဝင်ညှိနှိုင်းပေးမည်ဟု အသိပေးထားသောကြောင့် ထိတွေ့မှု မဖြစ်ပွားစေရေး အာရှလမ်းမကြီးရှိ DKBA တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းထားကြောင်း DKBA မှ ဗိုလ်မှူးကြီး စောဆန်းအောင်ကဆိုသည်။
“KNU က ညှိနှိုင်းပေးမယ်။ ညှိနှိုင်းနေစဉ် အတွင်းမှာ တပ်ဖွဲ့တွေကို ထိန်းသိမ်းထားပေးပါလို့ ပြောထားတာရှိတယ်” ဟု ၎င်းကဆိုသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် မော်တော်ယာဉ် ဖြတ်သန်းခ ကောက်ယူနေသော DKBA တပ်ဖွဲ့ဝင်များနှင့် အာရှလမ်းမကြီးဖွင့်ပွဲ အတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်သော တပ်မတော်တို့ ဇူလိုင်လ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ဇူလိုင်လ ၉ ရက်နေ့မှ စတင်ကာ တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်း လုံခြုံရေးယူထားပြီး ဇူလိုင်လ ၁၅ ရက်နေ့အထိ နှစ်ဖက်ထိတွေ့မှုများ ရှိနေကြောင်း DKBA ထံမှ သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment