Wednesday, July 15, 2015

လှေစီးခရီးသွားများအရေး ခက်ခဲရှုပ်ထွေးသည်ကို နားလည်ကြောင်း ကုလအတွင်းရေးမှူးချုပ် စာပို့ ------------------------------------------------------

လှေစီးခရီးသွားများအရေး ခက်ခဲရှုပ်ထွေးသည်ကို နားလည်ကြောင်း ကုလအတွင်းရေးမှူးချုပ် စာပို့ ------------------------------------------------------ မြန်မာ့ရေပိုင်နက်မှ ဖမ်းမိထားသော လှေစီးသူများ အရေးသည် ပုံမှန်မဟုတ်ဘဲ ခက်ခဲရှုပ်ထွေးမှုများ ရှိသည်ကို နားလည်ကြောင်း ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဇူလိုင်လ ၁၄ ရက်နေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်အတွင်း ပုံမှန်မဟုတ်သည့် ရေကြောင်းသွားလာမှုနှင့် ပတ်သက်သည့် ခက်ခဲရှုပ်ထွေးသည့် အခြေအနေကို သတိပြု နားလည်ကြောင်း၊ ရွှေ့ပြောင်းသွားလာသူ များနှင့် ဒုက္ခသည်များ၏ ဆင်းရဲဒုက္ခများ အပေါ် စိုးရိမ်ပူပန်မှု ရှိသည့်အတွက် အသက်ကယ်ဆယ်ရေး လုပ်ငန်းကို ဦးစားပေးဆောင်ရွက်ကြရန် ဒေသတွင်းရှိ ခေါင်းဆောင်များအား တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက လွှတ်တော်သို့ စာရေးသား ပေးပို့ခဲ့ခြင်းဖြစ်သည်။ လူကုန်ကူးခြင်းကိစ္စ၊ လှေစီးခရီး သည်များကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားမှုများ မဖြစ်ပေါ်စေရန်၊ မြန်မာနိုင်ငံအတွင်း လူမျိုးစုအရေး ပဋိပက္ခများ မကြီးထွားစေ ရန်နှင့် မြန်မာနိုင်ငံအပေါ် မှန်ကန်မျှတစွာ ပြောဆိုမှုပြုရန် မစ္စတာဘန်ကီမွန်းထံ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဇွန်လ ၃ ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့ခြင်းကြောင့် ယင်းသို့ ပြန်ပို့ခြင်းဖြစ်ကြောင်း အဆိုပါစာတွင် ထည့်သွင်းရေး သားထားသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၌ ကျင်းပခဲ့သည့် ပုံမှန်မဟုတ်သည့် ရွှေ့ပြောင်းသွား လာမှုဆိုင်ရာ ဒေသအတွင်း အထူးအစည်း အဝေး၌ မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများမှ အသိအမှတ် ပြုထားကြသည့်အတိုင်း ယင်းပြဿနာ၏ အခြေခံအရင်းအမြစ်အား ဘက်စုံထောင့်စုံမှ ဖြေရှင်းနိုင်ရေး အတွက် ဒေသတွင်း အဆင့်တွင် တုံ့ပြန်ဆောင်ရွက်မှု တစ်ရပ် ချက်ချင်းဆောင်ရွက်ပေးရန် အရေးကြီး လိုအပ်လျက်ရှိကြောင်း မစ္စတာ ဘန်ကီမွန်း၏ စာတွင် ရေးသားထားသည်။ ကုလသမဂ္ဂအနေနှင့် မြန်မာနိုင်ငံ၏ ယခုကိစ္စသာမက အခြားကိစ္စများတွင်လည်း အပြုသဘောဆောင် ထိတွေ့ ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားရန် ကတိကဝတ် ပြုကြောင်း မစ္စတာဘန်ကီမွန်း၏ စာတွင် ပါရှိသည်။

No comments: