Tuesday, July 7, 2015

အခြေခံမဲစာရင်းကိစ္စ ကူညီသူများကို ကျေးရွာအုပ်ချုပ်ရေးမှူး တားမြစ်ဟုဆို

အခြေခံမဲစာရင်းကိစ္စ ကူညီသူများကို ကျေးရွာအုပ်ချုပ်ရေးမှူး တားမြစ်ဟုဆို ဗန်းမော်၊ ဇူလိုင် ၆ ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာအတွင်း အခြေခံမဲစာရင်း ကြည့်ရှုရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှု မဖြစ်စေရန် တာဝန်သိ ဒေသခံတို့က တစ်အိမ်တက်ဆင်း ကူညီသည့် ကိစ္စများကို ကျေးရွာအုပ်ချုပ်ရေးမှူးက တားမြစ်ခဲ့ကြောင်း ဒေသခံတို့က ပြောကြားသည်။ မိုးကာလစိုက်ပျိုးချိန်တွင် လယ်တောဆင်းနေရသူများ၊ မကျန်းမမာသူများ၊ မသိနားမလည်သူများ၊ ရွာခံတတ်သိ နားလည်သူများကို နိုင်ငံသားအခွင့်အရေး လက်လွတ်မဆုံးရှုံးစေရန် တစ်အိမ်တက်ဆင်း ဝင်ရောက်ကာ အကူအညီပေးနိုင်ရေး ဆောင်ရွက်ရန် ကြိုးစားစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးက မြို့နယ်ကော်မရှင်ခွဲ ခွင့်ပြုချက်မရှိဘဲ မလုပ်ရဟု တားမြစ်ခဲ့ကြောင်း တာဝန်သိ စေတနာ့ဝန်ထမ်း ကူညီသူ ဦးမြင့်တင်က ပြောဆိုသည်။ “တကယ်ဆို ကျွန်တော်တို့ကို ကျေးဇူးတောင် တင်ရဦးမှာ။ ကော်မရှင်တွေ၊ အုပ်ချုပ်ရေးမှူးတွေက စားပွဲခုံလေးချ၊ ထိုင်ခုံမှာ ထိုင်ရုံပဲ။ မြို့မှာဆို သုံးဘီးကားနဲ့၊ ကားနဲ့လှည့်ပြီး အော်နေတာ။ ဒီရွာမှာ သူတို့ အခုလို လုပ်တာကို ကျေးဇူးမတင်တဲ့အပြင် မြို့နယ်ကော်မရှင် ခွင့်ပြုချက်မရှိဘဲ မလုပ်ရဘူးဆိုတာ အုပ်ချုပ်ရေးမှူး ပြောရမယ့် စကားလားဗျာ” ဟု ၎င်းကဆိုသည်။ စင်းခန်းကျေးရွာ အုပ်စုသည် စင်းခန်း၊ မြလယ်၊ နတ်ခုတ်၊ ရွာသာယာဟူသော လေးရွာပေါင်း တစ်အုပ်စုဖြစ်ပြီး အခြေခံမဲစာရင်း ကပ်ခြင်းကို ဇွန်လ ၂၃ ရက်မှ ကပ်နိုင်ခဲ့ကြောင်း၊ ကျေးလက်ကော်မရှင် မရှိ၊ အုပ်ချုပ်ရေးမှူး မထိုင် ဖြစ်နေသဖြင့် ခရိုင်ကော်မရှင်က ညွှန်ကြားသောအခါမှ ဇူလိုင်လ ၁ ရက်က တစ်ရက်သာထိုင်ပြီး နောက်ရက်များတွင် မထိုင်တော့ကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါကိစ္စအတွက် စင်းခန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းညွှန့်ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းခေါ်ဆို၍ မရပေ။ “ဒါမဖြစ်သင့်တဲ့ ဖြစ်ရပ်ပါ။ တကယ်ဆို အုပ်ချုပ်ရေးမှူးအနေနဲ့ သူတို့တွေကို ကျေးဇူးတောင် တင်ရဦးမယ်။ မြို့နယ်ကော်မရှင်ကို ကွင်းဆင်းဖို့ ကျွန်တော် ညွှန်ကြားလိုက်ပါတယ်” ဟု ခရိုင်ကော်မရှင် ဦးစီးအရာရှိရုံး ဦးစီးအရာရှိ ဦးကျော်သိန်းဦးက ပြောဆိုသည်။ ဗန်းမော်မြို့နယ်တွင် မှတ်ပုံတင်ထားသည့် ရွေးကောက်ပွဲဝင်ပြိုင်မည့် နိုင်ငံရေးပါတီ ၁၀ ခုရှိပြီး ပါတီအသီးသီးကလည်း မိမိနယ်မြေအတွင်း ဆန္ဒမဲပေးပိုင်ခွင့် ရရှိရေး လက်လှမ်းမီသရွေ့ ဆောင်ရွက်လုပ်ကိုင်နေကြသော်လည်း အချို့သော ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး ကော်မရှင်တို့သည် အလုပ်မလုပ်ကြသည့် အပြင် အတိုက်အခံ ပါတီဝင်များ၏ ပူးပေါင်းကူညီခြင်းကိုလည်း ဟန့်တားနှောင့်ယှက်နေကြသည်ဟု နိင်ငံရေးပါတီဝင် အချို့က ထောက်ပြသည်။ ဗန်းမော်ခရိုင်အတွင်း ကော်မရှင်နှင့် လက်တွဲကာ အခြေခံမဲစာရင်း အမှန်ရရှိနိုင်ရေး ကူညီပံ့ပိုးနေသော ဒေသဘက်စုံ ဖွံ့ဖြိုးရေး အလင်းဗန်းမော်အဖွဲ့သည် စောင့်ကြည့်လေ့လာရေးနှင့် ပညာပေးလုပ်ငန်း အတွက် ဘတ်ဂျက်ငွေ ပြတ်သွားသဖြင့် အဆိုပါလုပ်ငန်းကို ရပ်နားထားရသည်မှာ ရက်သတ္တတစ်ပတ် ကြာမြင့်ခဲ့ပြီဟု စေတနာ့ဝန်ထမ်း တစ်ဦးထံမှ သိရသည်။ (ဆလိုင်းယောဇဉ်)

No comments: