မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, July 15, 2015
ရွေးကောက်ပွဲ သုံးလ နောက်ဆုတ်ပေးဖို့ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကော်မရှင်ကို စာပို့
ရွေးကောက်ပွဲ သုံးလ နောက်ဆုတ်ပေးဖို့ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကော်မရှင်ကို စာပို့
အထွေထွေရွေးကောက်ပွဲကို အခုကြေညာထားတဲ့ ရက်ထက် သုံးလနောက်ဆုတ်ကျင်းပပေးဖို့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေနဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံကို စာပေးပို့ တောင်းဆိုထားတယ်လို့ အဲ့ဒီပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ဆိုပါတယ်။
“မဲစာရင်းတွေ မှားနေတယ်လေ။ မှားနေတာကို ကျွန်တော်တို့ပါတီ အနေနဲ့ မဲစာရင်းတွေ လိုက်စစ်ပေးပါ့မယ်။ မဲစာရင်းမှန်မှလည်း ရလဒ်က အမှန် ထွက်လာမှာလေ။ မဲစာရင်းအမှားကြီးနဲ့ ပြိုင်ရမယ်ဆိုရင် နိုင်တဲ့သူလည်း မကောင်းဘူး။ ရှုံးတဲ့သူအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် မဲစာရင်းတွေ မှန်ကန်အောင် ပြန်စစ်ဖို့ ဆိုတာ အချိန်သုံးလလောက် လိုပါတယ်။ ဒါကြောင့် အချိန်သုံးလလောက် နောက်ဆုတ်ပေးပါလို့ စာတင်ထားတာပါ” လို့ သူက ရှင်းပြပါတယ်။
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မဲစာရင်း မှားယွင်းတဲ့ကိစ္စကို ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတချို့ ပူးပေါင်း လုပ်ဆောင်နေပြီး ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ပြီးစီးနိုင်တာကြောင့် အဲ့ဒီကိစ္စ တစ်ခုတည်းနဲ့ ရွေးကောက်ပွဲ နောက်ဆုတ်ဖို့မလိုဘူးလို့ ဆိုပါတယ်။
“ဒီကိစ္စက လုံးဝမဖြစ်နိုင်ပါဘူး။ ရွေးကောက်ပွဲ နောက်ဆုတ်ပေးဖို့ ကိစ္စကို ပါတီတစ်ခုတည်းက တင်ထားတာဆိုတော့ လုံးဝ နောက်ဆုတ်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ မဲစာရင်းမှားတဲ့ ကိစ္စအတွက် အချိန်က ကျန်ပါသေးတယ်။ နောက်ဆုတ်ဖို့မလိုပါဘူး။ ဒါပေမဲ့ ပါတီအားလုံးက တောင်းဆိုမယ်ဆိုရင်တော့ စဉ်းစားရမှာပေါ့ဗျာ။ ကျွန်တော့်အနေနဲ့ကတော့ မရွှေ့တာ ပိုကောင်းတယ်ထင်ပါတယ်” လို့ သူက ဆိုပါတယ်။
ဒါပေမဲ့ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်အချိန် သုံးလလောက် နောက်ဆုတ်ပေးဖို့ တောင်းဆိုတဲ့စာဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဆီကို မရောက်သေးဘဲ စာရောက်တာနဲ့ သတင်း ထုတ်ပြန်ပေးသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးလှမောင်ချိုက ဆိုပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment