မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 16, 2015
ကောင်းဆိုးနှစ်ဖြာ အဏုမြူနည်းပညာ ===========================
ကောင်းဆိုးနှစ်ဖြာ အဏုမြူနည်းပညာ
===========================
အဏုမြူစွမ်းအင်နှင့် လူသားအကျိုးပြုလုပ်ငန်းများ
အဏုမြူနည်းပညာ၏ သဘောသဘာဝအရ အဆင့်နိမ့်သန့်စင်ထားသော ယူရေနီယံများကို အသုံးပြုကာ လျှပ်စစ်ဓာတ်အား ပမာဏကြီးမားစွာ ထုတ်လုပ်ရရှိနိုင်သလို ရေဒီယိုအိုင်ဆိုတုပ်များကို အသုံးပြုခြင်းအားဖြင့်လည်း ခန္ဓာကိုယ်တွင်းရှိ အစိတ် အပိုင်းများကို ပုံရိပ်ဖမ်းရိုက်ကူးခြင်း၊ ကင်ဆာရောဂါ ဝေဒနာများကို ကုသခြင်းစသည့် လူသားအကျိုးပြု လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်သည်။
အဏုမြူဓာတ်ပြုခြင်းကြောင့် ထွက်ပေါ်လာသော ရေဒီယိုသတ္တိကြွ ဖြာထွက်ရောင်ခြည်များဖြစ်ကြသည့် အယ်လ်ဖာရောင်ခြည်၊ ဘီတာရောင်ခြည်၊ ဂမ်မာ ရောင်ခြည်၊ အိတ်ခ်စ်ရောင်ခြည်၊ အီလက်ထရွန် ရောင်ခြည်၊ နျူထရွန်ရောင်ခြည်တို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိနေကြသည်။
လူတို့၏ ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းများနှင့် တစ်သျှူးများ၏ ပုံရိပ်များကို ဓာတ်မှန်ရိုက်ကူးရာ၌ အိတ်ခ်စ်ရောင်ခြည်ကို အသုံးပြုခဲ့ကြသည်။ ခေတ်သစ် ရောဂါရှာဖွေရေးစက်များ၌မူ ရောဂါရှာဖွေလိုသော လူနာကို တက်နီရှီယမ်ထိုးဆေးထိုးပေးခြင်း၊ သောက် ဆေးမျိုချစေခြင်းတို့ကို ပြုလုပ်ပြီး ရောဂါရှိသည့် နေရာကို အသေးစိတ် အနုစိတ်ရှာဖွေဖော်ထုတ် ပေးနိုင်ကြပြီ ဖြစ်သည်။
ရေဒီယိုအိုင်ဆိုတုပ်ထိုးဆေးနှင့် သောက်ဆေး များသည် ဂမ်မာရောင်ခြည်များကို ဖြာထွက်လာစေ သည်။ ထိုဂမ်မာရောင်ခြည်များသည် ဖောက်ထွင်း စွမ်းအားမြင့်မားသည့်အတွက် ရောဂါရှာဖွေရေးစက်ပုံရိပ်ဖော်ဖန်သားပြင်၏ အကူအညီဖြင့် ရောဂါဖြစ် ပွားနေသည့်နေရာကို တိတိကျကျ ဖော်ထုတ်နိုင်စွမ်း ရှိကြသည်။
အလားတူပင် ကင်ဆာရောဂါ ဝေဒနာများကို ကုသရာ၌လည်း ဂမ်မာရောင်ခြည်ကို ဖြာထွက်စေသည့် ရေဒီယိုအိုင်ဆိုတုပ်များဖြစ်ကြသော ဆီစီယမ်၊ ကိုဘော့၊ အိုင်အိုဒင်း စသည်တို့ကို အသုံးပြုပြီး ကင်ဆာဆဲလ်များကို ဖျက်ဆီးကာ ကုသပေးလျက် ရှိသည်။ အချို့သော ကင်ဆာရောဂါ ကုထုံးများ၌မူ အီလက်ထရွန်ရောင်ခြည်နှင့် နျူထရွန်ရောင်ခြည် များကိုပါ အသုံးပြုလျက်ရှိကြသည်။
ဓာတ်ကင်ခြင်းဟုအများက ခေါ်ဝေါ်သုံးနှုန်းနေ ကြသော ရေဒီယိုသတ္တိကြွ ဖြာထွက်ရောင်ခြည်များ ဖြင့် ကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်သည့်ကုထုံးတွင် အသုံးပြုမည့် စက်ကိရိယာ အားလုံးတို့သည် သတ်မှတ် ခွင့်ပြုထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီနေရန် လိုအပ်နေသလို အသုံးပြုခွင့် သက်တမ်းအတွင်း၌ ရှိနေရန်လည်း အရေးကြီးသည်။
ထို့ကြောင့်ပင်လျှင် ကမ္ဘာ့နိုင်ငံအသီးသီးတို့၌ ရေဒီယိုသတ္တြိ<ွကရောင်ခြည်သုံး စက်ကိရိယာများအား ထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ သယ်ယူ ရွှေ့ပြောင်းခြင်း ၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်းစသော လုပ်ငန်းစဉ် အဆင့်ဆင့်တို့တွင် တိတိကျကျ လိုက်နာ ဆောင်ရွက်ကြရမည့် စည်းကမ်းချက်နှင့် ညွှန်ကြား ချက်များကို သတ်မှတ်ထုတ်ပြန်ထားရှိကြရသည်။
သို့ဖြစ်၍ ရေဒီယိုသတ္တြိ<ွကရောင်ခြည်သုံး စက်ကိရိ ယာများကို ထုတ်လုပ်သူ ၊ တင်ပို့သူ၊ တင်သွင်းသူ၊ သယ်ယူပို့ဆောင်သူ၊ သိုလှောင်ထားရှိသူနှင့် ကိုင်တွယ် အသုံးပြုမည့်သူများအားလုံးတို့သည် မိမိတို့နိုင်ငံရှိ အဏုမြူ နည်းပညာဆိုင်ရာ အဖွဲ့အစည်းများတွင် စနစ်တကျ မှတ်ပုံတင်ခြင်း၊ အခါအားလျော်စွာ စစ်ဆေးမှုခံယူခြင်း၊ ကျွမ်းကျင်မှုသင်တန်းများ တက်ရောက်ခြင်း၊ ပညာပေး လေ့ကျင့်မှုကို ခံယူခြင်း၊ ကြိုတင်ကာကွယ်မှုများပြုလုပ် ခြင်း၊ ရေဒီယိုသတ္တြိ<ွကရောင်ခြည် ယိုစိမ့်ခြင်းကဲ့သို့ သော အရေးပေါ်အခြေအနေအတွက် စီမံချက်များကို စနစ်တကျ ရေးဆွဲထားခြင်း စသည်တို့ကို လေးလေးစားစားလိုက်နာလုပ်ဆောင်ကြရန် အလွန်အရေးကြီးသည်။
အများပြည်သူတို့အနေဖြင့်လည်း ရေဒီယိုသတ္တိကြွ အဏုမြူရောင်ခြည်၏ အန္တရာယ်ကို ကြိုတင်ကာကွယ် သည့်အနေဖြင့် မလိုအပ်ဘဲ အဏုမြူရောင်ခြည်သုံး ရောဂါ ရှာဖွေစက်များဖြင့် အစစ်ဆေးခံခြင်းကို မပြုလုပ်သင့် ကြပေ။ ဆီစီယမ်ကလိုရိုက်ကဲ့သို့သော ရေဒီယိုသတ္တိကြွနှုန်း မြင့်မားသည့် ပစ္စည်းများကို ထည့်သွင်းတည်ဆောက် ထားသည့် ရောဂါရှာဖွေရေးစက်ကိရိယာများသည် အဏု မြူရောင်ခြည်များကိုဖြာထွက်စေနိုင်သော အာနိသင်ရှိနေ သည်ကို သတိပြုကြရမည်ဖြစ်သည်။
အများက CT စက်ဟုခေါ်ဆိုနေကြသော Computed Tomography စက်များသည် လည်းကောင်း၊ MRI ဟုခေါ်ဆိုနေကြသော Magnetic Resonance Imaging စက်များသည် လည်းကောင်း၊ PET Scan ဟု ခေါ်ဆိုနေကြသော Positron Emission Tomography စက်များသည် လည်းကောင်း၊ ရေဒီယို အိုင်ဆိုတုပ်များကို အသုံးပြုတည်ဆောက်ထားသည့် ရောဂါရှာဖွေရေးနှင့် ကုသရေးစက်များဖြစ်ကြသည်။
အဏုမြူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများ
ကမ္ဘာပေါ်တွင် လက်ရှိအားဖြင့် အဏုမြူဓာတ်ပေါင်းဖို ၄၃၄ လုံးကို အသုံးပြုကာ တစ်ကမ္ဘာလုံး လျှပ်စစ်ဓာတ် အားသုံးစွဲမှု၏ ၁၆ ရာခိုင်နှုန်းကို ဖြည့်ဆည်းထုတ်လုပ် ပေးလျက်ရှိနေကြသည်။ အမေရိကန်ပြည်ထောင်စုတွင် အဏုမြူဓာတ်အားပေးစက်ရုံ ၁ဝ၄ ရုံ ရှိနေပြီးပြင်သစ်တွင် အဏုမြူဓာတ်အားပေးစက်ရုံ ၅၈ ရုံ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ၃၂ ရုံ၊ တောင်ကိုရီးယားနိုင်ငံတွင် ၂၁ ရုံ၊ ကနေဒါနိုင်ငံတွင် ၁၇ ရုံုံ၊ ယူကရိန်းနိုင်ငံတွင် ၁၅ ရုံ စသည်ဖြင့် အသီးသီး လည်ပတ်လျက်ရှိနေကြသည်။
ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံများဖြစ်ကြသည့် တရုတ်နှင့်အိန္ဒိယတို့ကလည်း ယင်းတို့၏ လျှပ်စစ်ဓာတ် အားလိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ရန် အတွက် အဏုမြူဓာတ်အားပေး စီမံကိန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိနေကြသည်။
တရုတ်နိုင်ငံတွင် လက်ရှိအားဖြင့် အဏုမြူဓာတ်အား ပေးစက်ရုံ ၁၄ ရုံရှိနေပြီး နောက်ထပ်စက်ရုံများ ထပ်မံ တိုးချဲ့တည်ဆောက်ရန် လျာထားချက်များလည်းရှိနေ သည်။ လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံသည် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ်၆ဝခန့်ထုတ်လုပ်ပေးလျက်ရှိ နေပြီး ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် အဏုမြူစွမ်းအင်ကို အသုံးပြုထုတ်လုပ်သော လျှပ်စစ်ဓာတ်အားပမာဏ စုစု ပေါင်း မဂ္ဂါဝပ် ၇ဝအထိ ရောက်ရှိအောင် ရည်မှန်း လုပ်ဆောင်လျက်ရှိသည်။
တရုတ်နိုင်ငံ၏ အကြီးဆုံးသော လျှပ်စစ်ဓာတ်အား ကုမ္ပဏီကြီးဖြစ်သည့် ဂွမ်းဒေါင်းအဏုမြူဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းစုက နိုင်ငံတောင်ပိုင်းရှိ ဒါယာ ပင်လယ်အော်တွင် အဏုမြူဓာတ်အားပေးစက်ရုံများကို တည်ဆောက်ပြီး တရုတ်နိုင်ငံ တောင်ပိုင်းဒေသများကို သာမက ဟောင်ကောင်ကျွန်းအထိပင် လျှပ်စစ်ဓာတ် အားများကို ဖြန့်ဖြူးပေးနိုင်ပြီဖြစ်သည်။ ဂွမ်းဒေါင်းအဏုမြူ ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းစုကြီးသည် လက်ရှိ အချိန်တွင် ယူရေနီယံသတ္တု ကုန်ကြမ်းအမြောက်အမြားကို တင်သွင်းကာ အဏုမြူဓာတ်အားပေးစက်ရုံများကို လည်ပတ်စေလျက်ရှိသည်။
တစ်ချိန်ကအမေရိကန်၊ ရုရှားနှင့်ပြင်သစ်တို့ထံမှ အဏုမြူနည်းပညာများကို တင်သွင်းရယူခဲ့သောတရုတ်နိုင်ငံသည် ယခုအခါ ကိုယ်ပိုင်နည်းပညာဖြင့် အဏုမြူ ဓာတ်အားပေးစက်ရုံများကို တည်ဆောက်လည်ပတ်နိုင်ပြီ ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးရှိ လျှပ်စစ်ဓာတ်အားသုံးစွဲ မှု၏ ၂ ရာခိုင်နှုန်းကို အဏုမြူစွမ်းအင်ဖြင့် ထုတ်လုပ် ပေးလျက်ရှိသော တရုတ်နိုင်ငံသည် နောက်ထပ်တစ်ဆင့် တက်ကာ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန်ရည်ရွယ် လုပ်ဆောင်လျက်ရှိနေသည်။
အလားတူပင် ကမ္ဘာ့လူဦးရေ ဒုတိယအများဆုံးနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံတွင် လက်ရှိအားဖြင့် အဏုမြူ ဓာတ်အားပေးစက်ရုံများ ထပ်မံတိုးချဲ့တည်ဆောက်သွား ရန်နှင့် သက္ကရာဇ် ၂ဝ၃ဝ ပြည့်နှစ်အရောက်တွင် အဏုမြူ စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆ဝ အထိ ထုတ်လုပ်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ နေသည်။
အိန္ဒိယအဏုမြူဓာတ်အား ထုတ်လုပ်ရေးကော်ပိုရေး ရှင်းသည် ပြင်သစ်နိုင်ငံမှ Areva အဏုမြူနည်းပညာ ကုမ္ပဏီ၏ တာဝန်ယူတည်ဆောက်မှုဖြင့် မာရပ်ရှ်ထရာ ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ပမာဏ ၁၆၅ဝ မီဂါဝပ် ထုတ်လုပ်ပေးမည့် အဏုမြူဓာတ်အားပေး စက်ရုံကို ၂ဝ၁၈ ခုနှစ်တွင် စတင်လည်ပတ်နိုင်ရန် လုပ်ဆောင်လျက်ရှိနေသည်။
ယင်းစက်ရုံတည်ဆောက်ပြီးစီး၍ စတင်လည်ပတ် သည်နှင့် နောက်ထပ် အဏုမြူဓာတ်အားပေးစက်ရုံ လေးရုံကိုပါ ထပ်မံတည်ဆောက်ရန် လျာထားစီစဉ်ပြီး ဖြစ်သည့်အတွက် ထိုစက်ရုံများအားလုံးပြီးစီးပါက ယင်း ပြည်နယ်တစ်ခုတည်းမှာပင် လျှပ်စစ်ဓာတ်အားပမာဏ ၁ဝ မဂ္ဂါဝပ်ခန့်အထိ ထုတ်လုပ်လာနိုင်လိမ့်မည်ဖြစ်သည်။
အလားတူပင် လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် ၁ဝဝဝ ထုတ်လုပ်ပေးနိုင်သော အဏုမြူဓာတ်အားပေး စက်ရုံတစ်ခုကို ရုရှားနိုင်ငံ Atom Stroyexpord နည်းပညာကုမ္ပဏီ၏ တာဝန်ယူမှုဖြင့် တမီလ်နာဒူး ပြည်နယ်၌ တည်ဆောက်လျက်ရှိသည်။ တည်ဆောက် ပြီးစီးပါက ယင်းပြည်နယ်၌ပင် လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ် ၁ဝဝဝ ထုတ်လုပ်ပေးနိုင်သော အဏုမြူဓာတ် အားပေးစက်ရုံနှစ်ရုံကို ထပ်မံတည်ဆောက်ရန် စီစဉ် ထားပြီးဖြစ်သည်။
အရှေ့တောင်အာရှဒေသတွင် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု အရှိန်အဟုန်ကောင်းလာနေသော ဗီယက်နမ် နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ်အရောက်တွင် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို စိန်ခေါ်လာနိုင်သည့် လျှပ်စစ် ဓာတ်အားလိုအပ်ချက် ကိန်းဂဏန်းအများအပြားကို ဖြည့်ဆည်းပေးနိုင်ရန် အဏုမြူဓာတ်အားပေးစက်ရုံ ငါးရုံကို မကြာမီနှစ်များအတွင်း စတင်တည်ဆောက် တော့မည်ဖြစ်သည်။ ရုရှားနိုင်ငံ၏ ချေးငွေ အမေရိကန် ဒေါ်လာ သန်းငါးရာဖြင့် ပထမဦးဆုံးသော အဏုမြူ ဓာတ်အားပေးစက်ရုံနှစ်ရုံ တည်ဆောက်ရေးစီမံကိန်း များကို အကောင်အထည်ဖော်နေပြီဖြစ်သည်။
ရုရှားနိုင်ငံက ချေးငွေအပြင် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများကိုပါ ဖြည့်ဆည်းပေးမည်ဖြစ်သည်။ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ်၂ဝဝဝ အထိ ထုတ်လုပ်ရရှိအောင် စွမ်းဆောင်ပံ့ပိုးပေးရန် သဘောတူညီထားကြသည်။ ထို့အတူ ဂျပန်နိုင်ငံကလည်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂ဝဝဝ အထိ ထုတ်လုပ်ရရှိအောင် အဏုမြူနည်းပညာ များကို ပံ့ပိုးပေးမည်ဟု ကတိပြုထားပြီးဖြစ်သည်။
မဲခေါင်မြစ်အောက်ပိုင်းရှိ နိုင်ငံတစ်နိုင်ငံဖြစ် သော ဗီယက်နမ်နိုင်ငံသည် ၂ဝဝ၉ ခုနှစ် အတွင်းက တစ်နိုင်ငံလုံး၌ သုံးစွဲခဲ့သော လျှပ်စစ်ဓာတ်အား၏ ၃၃ ရာခိုင်နှုန်းကို ရေအားသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ လည်းကောင်း၊ ၁၇ ရာခိုင်နှုန်းကို သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လည်းကောင်း၊ ခြောက်ရာခိုင်နှုန်းကို ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လည်းကောင်း၊ နောက်ထပ် ၆ ရာခိုင်နှုန်းကို ဒီဇယ်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ လည်းကောင်း ရယူသုံးစွဲ ခဲ့သည်။
သို့ရာတွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် အလွန်မြင့်မားလာနေသည့်အလျောက် ပြည်တွင်းမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားနှင့် လုံလောက်မှု မရှိတော့သည့်အတွက် ၂ဝ၁၂ ခုနှစ်အတွင်းက တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၄ ဒသမ ၆၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံမှ ဝယ်ယူသုံး စွဲခဲ့ရသည်။
အမေရိကန်ပြည်ထောင်စုတွင်မူ ပြည်နယ်ပေါင်း ၃ဝ ကျော်၌ အဏုမြူစွမ်းအင်မှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲလျက်ရှိနေကြသည်။ ယင်းတို့အနက် ပြည်နယ်ခုနစ်ခု၌ သုံးစွဲနေသော လျှပ်စစ်ဓာတ်အား စုစုပေါင်း၏ ၅ဝ ရာခိုင်နှုန်းသည် အဏုမြူဓာတ်အားပေးစက်ရုံများမှ ပို့လွှတ်သော လျှပ်စစ်ဓာတ်အားများ ဖြစ်ကြသည်။ အမေရိကန် နိုင်ငံသည် ၂ဝ၁ဝ ပြည့်နှစ်မှစ၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၈ဝဝ ကျော်ကို အဏုမြူ စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ် ပေးလျက်ရှိသည်။
အလားတူပင် ပြင်သစ်နိုင်ငံသည်လည်း အဏုမြူ စွမ်းအင်ကိုသုံး၍ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄ဝဝ ကျော်ကို ထုတ်လုပ်သုံးစွဲလျက်ရှိသည်။ အဏုမြူ နည်းပညာအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ် သော ပြင်သစ်နိုင်ငံသည် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားလိုအပ်ချက်၏ ၇၅ ရာခိုင်နှုန်းကို အဏုမြူ စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများဖြင့် ထုတ်လုပ်ဖြန့်ဖြူး ပေးနေရသည်။ ရေနံလည်းမထွက်၊ ကျောက်မီးသွေးလည်း တူး၍မရသော ပြင်သစ် နိုင်ငံသည် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအနက် ရာခိုင်နှုန်းအများစုကို အဏုမြူနည်းပညာသုံး၍ ထုတ်လုပ်ရန်မှတစ်ပါး ရွေးချယ်ရန် လမ်းမရှိနိုင်ပေ။
သိပ္ပံစာရေးဆရာ ကိုကိုအောင် ကောင်းဆိုးနှစ်ဖြာ အဏုမြူနည်းပညာ

သိပ္ပံစာရေးဆရာ ကိုကိုအောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment