မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 10, 2015
ကချင်တွင် ကေအိုင်အေနှင့် ဆက်စပ်သည့် မြို့နယ်လေးမြို့နယ်၌ မြို့ပေါ်နေထိုင်သူများသာ မဲစာရင်း တွင်ပါဝင်

ဇူလှိုင်လ ၁၀ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်တွင် KIA နှင့် ဆက်စပ်မှုရှိသည့် မြို့နယ်လေးမြို့နယ်၌ မြို့ပေါ် ရပ်ကွက်များသာ မဲစာရင်းပြုစုနိုင်ပြီး ကျေးလက်ဒေသများတွင် နေထိုင်သူများမဲစာရင်းတွင် မပါဝင်ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးညွှန့်ရွှေက မဇ္ဈိမကိုပြောသည်။
စွန်ပရာဘွန်မြို့နယ်၊အင်ဂျန်းယန်မြို့နယ်၊မိုးမောက်မြို့နယ် နှင့် မန်စီမြို့နယ် တို့တွင် လုံခြုံရေး အခြေအနေကြောင့် အပြည့် အ၀ မဲစာရင်းပြုစု နိုင်ခြင်းမရှိဟု ၄င်းက ဆိုလိုခြင်းဖြစ်သည်။
ဦးညွှန့်ရွှေက " မြို့နယ်လေးမြို့နယ်လောက် က မြို့ပေါ် တွေပဲ မဲစာရင်းပြုစုလို့ရတယ် ရွာတွေမှာမရပါဘူး"ဟု ပြောသည်။
ကချင်ပြည်နယ် အတွင်းတွင် အစိုးရထိန်းချုပ်နယ်မြေအတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ လုံခြုံရေးရရှိသော နေရာများ တွင်သာ မဲစာရင်းပြုစုနိုင်သည် ဟု ၄င်းကပြောသည်။
မဲစာရင်း ကောက်ယူနိုင်မည့် အခြေအနေနှင့် ပတ်သက်၍လည်း ဦးညွှန့်ရွှေက "ဒီအတောအတွင်း ငြိမ်းချမ်းရေးဆွေးနွေး မှုပြေလည် သွားရင်တော့လည်း ဒီမှာရှိတဲ့လူအားလုံး မဲစာရင်းမှာ ပါအောင် ကောက်ယူနိုင်မှာပေါ့"ဟုလည်း ဆိုသည်။
ကချင်ပြည်နယ် တွင် ဇွန်လ ၂၂ ရက် နှင့်ဇူလိုင်လ အတွင်းက မဲစာရင်းကြေညာခဲ့ပြီး ထိုမဲစာရင်းသည် ပြည့်စုံမှု အားနည်းသည် ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ သုံးသပ်သည်။
မြစ်ကြီးနားနှင့် ၀ိုင်းမော်ဒေသများတွင် မဲစာရင်း မှားယွင်းမှု ရှိနေပြီး ပြင်ဆင်မှုများပြုလုပ်နေသည် ဟု ၄င်းကဆိုသည်။
ဦးညွှန့်ရွေက "မဲစာရင်းကောက်တဲ့ အချိန်မှာ တောင်သူတွေက စိုက်ကြပျိုးကြဆိုတော့ တချို့ရပ်ကွက်တွေမှာ ရာနဲ့ချီပြီး ကျန်ခဲ့တာ ရှိတယ် အခု အိမ်တွေကိုပြန်ရောက်လာကြတော့ မဲစာရင်းမှာမပါတဲ့သူတွေက ပုံစံတွေဖြည့်ပြီးပြန်ပြင်နေ ကြတယ်" ဟုပြော သည်။
မန်စီမြို့နယ် တွင် မေလ အတွင်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မဲစာရင်းကောက်ယူရာတွင် အခက်အခက်ကြုံတွေ့ခဲ့သည် ဟု မန်စီ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးမြင့်မောင်ကပြောသည်။
၎င်းက "အစိုးရထိန်းချုပ်နယ်မြေမဟုတ်တဲ့နေရာတွေ မဲစာရင်းကောက် လို့မရဘူး "ဟု ပြောသည်။
ကချင်ပြည်နယ် မန်စီမြို့နယ်၊မိုးမောက်မြို့နယ် တို့တွင် မေလ နှင့် ဇွန် လ အတွင်းက တိုက်ပွဲ အချို့ဖြစ်ပွားခဲ့သေးသည်။
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည် ဖြစ်သည်။
Mizzima ကချင်တွင် ကေအိုင်အေနှင့် ဆက်စပ်သည့် မြို့နယ်လေးမြို့နယ်၌ မြို့ပေါ်နေထိုင်သူများသာ မဲစာရင်း တွင်ပါဝင်

Mizzima
Subscribe to:
Post Comments (Atom)
No comments:
Post a Comment