Friday, July 17, 2015

ကမ္ဘာကျော် ဂုတ်ထိပ် တံတား

ကမ္ဘာကျော် ဂုတ်ထိပ် တံတား မန္တလေးမြို့မှ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ မီးရထားဖြင့် သွားကြသူတိုင်း နောင်ချိုဘူတာမှ (၇) မိုင် အလွန် ၊ မိုင်တိုင် အမှတ် (၄၆၃/၀၉)ရောက်လျှင် ရင်သပ်ရှုမောဖွယ်ကောင်းလှသည့် ဂုတ်ထိပ် မီးရထားသံလမ်း တံတားကြီးကို ဖြတ်သန်းရမြဲ ဖြစ်ပါ သည်။ခရီးသွားသူတို့သည် ဂုတ်ထိပ် တံတားကို အကြိမ်မည်မျှပင် ဖြတ်သန်းသွားရသည်ဖြစ်ပါစေ ရိုးသွားသည်ဟု မရှိကြဘဲ လှပ သော ၀န်းကျင်ရှုခင်းများကြားမှ အံ့ဘနန်း ထူးခြားသော တံတားကြီးကို စိတ်ဝင်တစားကြည့်ရှုကြစမြဲဖြစ်ပေသည်။ ပြည်တွင်းခရီး သည် များသာမက ပြည်ပ ခရီးသွားများသည်လည်း ယခင်ခေတ်များကတည်းက ဂုတ်ထိပ်တံတားကိုလာရောက်ကြည့်ရှု လေ့ရှိခဲ့ကြ သည်။ ယခုအခါတွင် မြန်မာ နိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများ ယခင်ကထက် များပြားစွာ လာရောက်လည်ပတ်လျက်ရှိရာ ရထား ပို့ဆောင်ရေး ၀န်ကြီး ဌာန၊ မြန်မာ့မီးရထားက နိုင်ငံခြားသား ခရီး သည်များအား ရထားစီးနင်းခကို ဒေါ်လာငွေဖြင့် မကောက်ခံတော့ ဘဲ မြန်မာကျပ် ငွေဖြင့်သာကောက်ခံလျက်ရှိသည်။ ယခင်က မန္တလေး ဂုတ်ထိပ်တံတား အသွားအပြန် ခရီးစဉ်အတွက် တစ်ဦးလျှင် ၈ ဒေါ်လာ ကောက်ခံခဲ့စဉ်ကပင် ဂုတ်ထိပ်သို့ လာရောက်ကြသူများအများအပြားရှိခဲ့ရာ မြန်မာကျပ်ငွေဖြင့်သာ ကောက်ခံသော ယခု အချိန်တွင် လာရောက်ကြသူများ ပိုမိုများပြား လာလျက်ရှိပြီး ဂုတ်ထိပ်တံတားခရီးတွင် ပြည်ပ ဧည့်သည်များကို နေ့စဉ် လိုလို မြင် တွေ့နေကြရပေသည်။ဂုတ်ထိပ်တံတားသို့ မန္တလေးမှ လာကြသူ များရှိ သကဲ့သို့ အချို့ကလည်း ပြင်ဦးလွင် ဘူတာမှ စီးနင်း လိုက်ပါ လေ့ရှိကြသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့နယ်ရှိ ဟိုကွတ်ကျေးရွာသည် မန္တလေးမြို့မှ အရှေ့မြောက် မိုင် (၆၀) အကွာတွင် တည် ရှိသည်။အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အုပ်စိုးထားစဉ်၁၈၉၈ ခုနှစ်က ဟိုကွတ်သည် ရွာ ၄၈ ရွာကို အုပ်ချုပ်ရသော တိုက်နယ် ဌာန ဖြစ် ခဲ့သည်။ဟိုကွတ်ဟူသော အမည်မှာ ထိုနေရာတွင် မြစ်ချောင်းများ ငုပ်လျှိုးကွယ်ပျောက်၍သွားသည်ကို အစွဲပြု၍ခေါ်ခြင်းဖြစ်သည်ဟု မြန်မာ့စွယ်စုံကျမ်း အတွဲ(၃) တွင်ဖော်ပြထားပါသည်။ထိုရွာအနီး တွင် နမ်းပဆေးမြစ်သည် မြေကြီးထဲသို့ ငုပ်လျှိုးသွားပြီး အခြား တစ်နေရာရောက်မှ မြစ်ကြောင်း ပြန်ပေါ်လာ သဖြင့် ထိုရွာကို မြန်မာတို့က နမ်းပဆေးမြစ် ငုပ်သွားသည့် ထိပ်နေရာဟု ရည်ညွှန်း ကာ ငုပ်ထိပ်ကျေးရွာဟု ခေါ်ခဲ့ကြသည်။အချိန် ကာလရွေ့ လျောလာသောအခါ ငုပ်ထိပ်မှ ဂုတ်ထိပ် ဖြစ်လာခဲ့သည်။၁၈၉၇ ခုနှစ် တွင် ဗြိတိသျှတို့သည် မန္တလေးမှ ကွမ်းလုံသို့ မီးရထားလမ်း ဖောက်လုပ်ရန် စီစဉ်ကြရာမှ ဂုတ်ထိပ်ကျေးရွာတွင် ကမ္ဘာကျော် မီးရထား လမ်းကြီး တစ်ခုပေါ်ပေါက်လာရန် အကြောင်း ဖန်လာခဲ့ ပေသည်။ ထိုစဉ်က မြန်မာနိုင်ငံ အတွင်း မီးရထားပို့ဆောင်ရေးလုပ်ငန်းများကို တာဝန်ယူရသည့် ဗမာ့မီးရထားလမ်းကုမ္မဏီ (Burma Railroad Company) တွင်ဗြိတိသျှနှင့် မြန်မာ အင်ဂျင်နီယာများ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ဗြိတိသျှ အစိုးရသည် ၁၈၉၇ ခုနှစ် တွင် မန္တလေး မှ ဗန်းမော်သို့ မီးရထားလမ်းဖောက်ခဲ့ရာ မန္တလေးနှင့် ကွမ်းလုံကိုလည်း ရထားလမ်းဖောက်လုပ်ရန် လိုအပ်ကြောင်း တွေ့ ရှိခဲ့ကြသဖြင့် ဂုတ်ထိပ်တံတားကို ဆောက်လုပ်ရန် စီစဉ်ခဲ့ကြသည်။ ကမ္ဘာပေါ်တွင် အမြင့်ဆုံးရထားလမ်းဖြစ်လာမည့် ဂုတ်ထိပ် တံတားကို တာဝန်ယူ တည်ဆောက် ရန် ဗြိတိသျှ အစိုးရက ဗမာ့ မီးရထား ကုမ္ပဏီကို တာဝန်ပေးခဲ့သည်။ ထို့ကြောင့် ၁၈၉၉ ခုနှစ် တွင် ဗမာ့ မီးရထား ကုမ္ပဏီက ဂုတ်ထိပ်တံတားကြီးဖောက်လုပ် ၊ ဆောက်လုပ်ရန် အမေရိကန် နိုင်ငံ ပင်ဆီလ် ဗေးနီးယား နှင့် မေရီ လန်း စတီးကုမ္ပဏီတို့ အား ငှားရမ်းခဲ့သည်။ သို့သော်လည်း တံတားကြီးကို ဦးစီးတည်ဆောက်သူမှာမူ ဗမာ့မီးရထားဌာနမှ အင်ဂျင် နီယာ Sir Arthur Rendel နှင့်ဗြိတိသျှ၊မြန်မာ အင်ဂျင်နီယာ များပင်ဖြစ်ကြပေသည်။ အသုံးပြုသောပစ္စည်းများကို အမေရိ ကန်နိုင်ငံမှ တိုက်ရိုက် မှာယူ တင်သွင်းခဲ့သည်။ ဂုတ်ထိပ် တံတားကြီး၏ ဒီဇိုင်းပုံစံကို ဗြိတိန်နိုင်ငံမှ ဆာအေအမ်ရင်း ဒဲလ်အင်ကုမ္ပဏီက ရေးဆွဲခဲ့သည်။ တံတားကြီးကို ထောက်ပင့် ထားသော သံတိုင်များအနက် အမြင့်ဆုံးတိုင်သည် ပေ ၃၂ဝ မြင့်၍ အနိမ့်ဆုံး သံတိုင်မှာ ၄၅ ပေမြင့်သည်။ ဂုတ်ထိပ် တံတား ၏ ထူးခြားချက်မှာ အခြားသော တံတားကြီးများ ကဲ့သို့ မြစ်ချောင်း များကို ဖြတ်ကျော် ဆောက်လုပ် ထားခြင်း မဟုတ်ဘဲ ပေ ၃ဝဝ ကျော်မတ် စောက်သည့် လျှိုကြီးနှစ်ခုကို ဖြတ်ကာ ခက်ခက်ခဲခဲ တည်ဆောက် ထားခြင်း ဖြစ်ပေသည်။ ဂုတ်ထိပ်တံတားသည် ပေ (၂၂၆၀) ရှည်လျားပြီးတံတား၏ သံခြေတိုင် အချို့ကို အနိမ့်ဆုံး ချောင်းမြောင်း ချိုင့်ဝှမ်းမြေပြင်မှ ပေ (၁၁၀၀) ခန့်အမြင့်နေရာတွင် စိုက်ထူထားပေသည်။တံတား၏ပျမ်းမျှ အမြင့်သည် တံတားအောက်ရှိ လိုဏ်ဂူအောက်တွင် ဖြတ် သန်း စီးဆင်းနေသော မြစ်ရေပြင်မှ အထက် ပေ (၈၂၀) ဖြစ်ပြီး အမြင့်ဆုံး ဒေါက်တိုင်နေရာရှိ မီးရထားသံလမ်းသည် အောက် မြေပြင် မှ (၃၃၅ ) ပေ အမြင့်တွင် တည်ရှိနေပေသည်။တံတား တစ်ခုလုံးအတွက် သံနှင့် သံမဏိ ၄၃၁၁ တန်၊ သံမှိုပေါင်း တစ်သန်း အသုံးပြုခဲ့ ရသည်။တံတားတိုင်ပေါင်း (၁၆) တိုင်ရှိရာ တံတားကြီး၏ အလယ်တိုင် များဖြစ်ကြသည့် တိုင်အမှတ် (၈) နှင့်(၉) သည် အမြင့်ဆုံးဖြစ်ကြသည်။ ဗြိတိသျှတို့သည်မန္တလေး ကွမ်းလုံမီးရထားလမ်းကို ဖောက်လုပ်ခဲ့သည့်ရည်ရွယ်ချက်များတွင် ကမ္ဘာ့ ခဲသိုက်ကြီးဟု ခေါ်ဆို နိုင်သော နမ္မတူ၊ ဘော်တွင်းမှ သတ္တုများကို သယ်ယူရေးသည် အဓိက အချက် တစ်ခုဖြစ်ခဲ့သည်။ရထားလမ်းဖြတ်သန်းသွားမည့် ဂုတ်ထိပ်တံတားကို ဂုတ်ထိပ်ကျေးရွာရှိ ကျောက်ဂူကြီးနှစ်ခုပေါ်မှ ဖြတ်သန်းလျက် တောင်ထိပ် နှစ်ခုကို သွယ်တန်း ဖောက်လုပ်ခဲ့ရ သည်။တံတားကြီး ဆောက်လုပ်မှု လုပ်ငန်း များကို ၁၈၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ် ဇန်န၀ါရီ ၁ ရက်နေ့တွင် ပြီးစီးခဲ့ကာ ထိုခေတ်က ကျပ်ငွေ (၁၆၉၈၂၀၀) ကုန်ကျခဲ့သည်။၁၉၀၃ ခုနှစ်တွင် တံတားကြီးကို စတင် အသုံးပြုခဲ့သည်။ ဂုတ်ထိပ်တံတားကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးကို များစွာ အထောက်အပံ့ပြုသော တံတားဖြစ်သဖြင့် ဒုတိယ ကမ္ဘာ စစ်ကာလတွင် မဟာမိတ်တို့၏ မြေလှန်စနစ်ဖြင့် ဖျက်ဆီးခြင်းကိုခံခဲ့ရသဖြင့် တိုင် အမှတ်(၂)နှင့် အမှတ်(၅)တို့ ပျက်စီးခဲ့ရသည်။ စစ်အတွင်း မြန်မာနိုင်ငံမှ ဂျပန်တို့ ပြန်လည်ဆုတ်ခွါရာတွင်လည်း ဂုတ်ထိပ်တံတား၏ အမြင့်ဆုံးတိုင်များဖြစ်သည့် တံတား အလယ်မှ တိုင် ၄ တိုင်ကို ဗုံးခွဲဖျက်ဆီးပစ်ခဲ့သဖြင့် တိုင်အမှတ် (၁၁)သည် အောက်ခြေပြတ်ခဲ့ပြီး တိုင်အမှတ်(၁၀) နှင့် (၁၂) တို့မှာလဲကျ ပျက်စီး ခဲ့ကြရပေသည်။ထိုတိုင်များပေါ်တွင် တပ်ဆင်ထားသော ပေ (၁၂၀) စီ ရှည်သည့် ပေါင်းကူးသံဘောင်(၄) ခုမှာ မြေကြီးပေါ် သို့ ပြုတ်ကျ ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးသည့်နောက်တွင် ပျက်စီးနေသော ဂုတ်ထိပ် တံတားကြီးကို ပြန်လည် ပြင်ဆင်နိုင်ရေးအတွက် ပြည်ပ ကုမ္ပဏီ များအားငှားရမ်းရန်တင်ဒါခေါ်ယူခဲ့သော်လည်း ပြည်ပ ကုမ္ပဏီ များက တင်သွင်းသည့် တင်ဒါဈေးနှုန်းထား များသည် အလွန် ကြီးမြင့်နှေသဖြင့် မြန်မာနိုင်ငံ မီးရထားဌာနကပင် ဂုတ်ထိပ် တံတားကြီးကို ပြင်ဆင်ခဲ့ သည်။ ဂုတ်ထိပ်တံတား ပြင်ဆင်ခြင်း လုပ်ငန်း များကို ၁၉၄၈ ခုနှစ် မေလတွင် စတင်လုပ်ဆောင်ခဲ့သော်လည်း ပစ္စည်းများရှားပါးမှု လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတို့ကြောင့် သုံးနှစ်ကျော် အချိန်ယူကာဆောင်ရွက်ခဲ့ရပြီး ၁၉၅၁ ခုနှစ်သြဂုတ်လရောက်မှ ပြီးစီး ခဲ့သည်။ထိုအချိန်က ဂုတ်ထိပ်တံတားကြီး ပြင်ဆင်မှု ကုန်ကျစရိတ်ငွေမှာ ကျပ် ၃၂ သိန်း ဖြစ်သည်။ ဂုတ်ထိပ် တောင်ကြားဖြတ်ရထားလမ်း(Goteik viaduct)ဟု ပြည်ပနိုင်ငံများက သိရှိထားကြသည့် ဂုတ်ထိပ်တံတားသည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသော တောင်ကြားဖြတ် မီးရထားလမ်းဖြစ်သည်။ယင်းတံတားကို တည်ဆောက်သည့် နည်းပညာ အဆင့်မြင့်မှုနှင့် သဘာဝပတ်ဝန်းကျင်လှပမှုတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားလာသော တံတားဖြစ်ပြီး ကမ္ဘာ့ အံ့ဖွယ် စာရင်းများတွင် ပါဝင်ခဲ့သည်။ယနေ့ထိတိုင်လည်း မြန်မာပြည်၏ အမြင့်ဆုံး တံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်း တံတား (မြင်းခုံတံတား) ဟု မှတ်ကျောက်တင်ဆဲ ဖြစ်ပါသည်။ မြန်မာတို့က trestle ဆိုသည့် စကားလုံးကို မြင်းခုံဟု မြန်မာ ဝေါဟာရ ဖလှယ်ကာ ဂုတ်ထိပ်တံတားကို မြင်းခုံတံတားဟုလည်း ခေါ်ဆိုခဲ့ကြသည်။ ဂုတ်ထိပ်တံတားကို မတည်ဆောက်မီနှင့် တည်ဆောက်အပြီးတွင် အခြားနိုင်ငံများတွင်လည်း တံတားများ တည်ဆောက်ခဲ့ ရာတွင် ကွန်ကရစ်တံတားများကိုသာ အများစုအနေဖြင့် တည်ဆောက်ခဲ့ကြပေသည်။သမားရိုးကျ တိုင်များနှင့် စတီးလ်၊ သံမဏိ၊ သံချောင်းများဖြင့် ထောက်ခံတည် ဆောက်ထားသော တံတားများတွင် မြန်မာနိုင်ငံမှ ဂုတ်ထိပ်တံတားနှင့်ကနေဒါနိုင်ငံ၊ အယ်ဘာ တာမှ လက်သ်(Leth) တံတားတို့ သည် အမြင့်ဆုံးဖြစ်ကြသည်။သို့ရာတွင် လက်သ်တံတားက ဂုတ်ထိပ်တံတားထက် အလျား နှစ်ဆပိုရှည်သဖြင့် တောင်ကြားတွင် ဖောက်လုပ်သည့် အရှည်ဆုံးမီးရထားလမ်းဖြစ်ခဲ့ပြီး ဂုတ်ထိပ်တံတားက ကမ္ဘာ ပေါ်တွင် အမြင့်ဆုံးနှင့် ဒုတိယ အရှည်ဆုံး တောင်ကြားဖြတ် မီးရထားလမ်းတံတား အဖြစ် ထင်ရှားခဲ့ပေသည်။ အမေရိကန်နိုင်ငံ ၀ါရှင်တန်ရှိ ဂျိုစိုတံတား၊ နယူးယောက်ရှိ ပိုကိပ်စီ တံတား၊ပင်ဆေးဗာနီးယားရှိ ကင်ဇူဝါ တံတားတို့သည် လည်း စတီး ထောက်တိုင်များဖြင့် တည်ဆောက်ထားသော တံတားများဖြစ်ကြပြီး ဂုတ်ထိပ်တံတားနှင့် အရွယ်အစားတူညီကြသည်။ သို့သော်လည်း အဆိုပါတံတားများသည် ဂုတ်ထိပ်တံတားလောက်ထင်ရှားခြင်းမရှိကြပါချေ။ ဂုတ်ထိပ်တံတားကြီးသည် ယခုအခါ သက်တမ်းအားဖြင့် နှစ် ၁၀၀ ကျော်ခဲ့ပြီဖြစ်ရာ တံတားကြီး၏ ကြံ့ခိုင်မှုမှာလည်း မူလ ဆောက်လုပ်ရေးကုမ္ပဏီ ၏ အာမခံနှစ် ကုန်ဆုံးနေပြီဖြစ်သည်။ ၂၀၀၆ ခုနှစ်က တံတားကြီးအား ကြံ့ခိုင်မှုစစ်ဆေးရန်နှင့် ပြင်ဆင်ရန် ဂျပန်ပညာရှင်များ လာရောက်ခဲ့သော်လည်း ထိရောက်သော ပြင်ဆင်မှုများမလုပ်ဖြစ်ခဲ့ပါချေ။ယခုလက်ရှိ ဂုတ်ထိပ်တံတားသည် ကြံ့ခိုင်မှု အားနည်းနေပြီဖြစ်သဖြင့် မီးရထားများ ခုတ်မောင်းရာတွင် အရှိန်နှုန်း လျှော့ကာ ဖြည်းဖြည်းသာ ခုတ်မောင်းနေရပေသည်။ မြန်မာနိုင်ငံအား ဗြိတိသျှတို့ အုပ်စိုးခဲ့စဉ်ကာလက နိုင်ငံ၏ အရှေ့မြောက်ပိုင်းကို လွှမ်းမိုးနိုင်ရန်နှင့် စီပွားရေး အထောက် အပံ့ဖြစ်ရန် ရည်ရွယ်ကာ ဆောက်လုပ်၊ ဖောက်လုပ်ခဲ့သော ဂုတ်ထိပ် တံတားသည် သာယာလှပသော ရှမ်းပြည်နယ်မြောက်ပိုင်း အလှနှင့် ပေါင်းစပ်ကာ ကမ္ဘာကျော်တံတားတစ်စင်းအဖြစ် ကာလရှည်ကြာကတည်းကပင် ရပ်တည်နိုင်ခဲ့ပေသည်။ ခေတ်အဆက် ဆက် ဂုတ်ထိပ်တံတား၏ ပျက်စီးယိုယွင်းမှုများကို ထိန်းသိမ်းလာခဲ့ခြင်းကြောင့်လည်း ယနေ့တိုင် တည်ရှိနေဆဲဖြစ်ကာ Goteick viaduct သည် ကမ္ဘာလှည့် ခရီးသည်များ၏ စိတ်ဝင်စားဖွယ်၊ သွားရောက်လေ့လာဖွယ် နေရာတစ်ခု အဖြစ် ထင်ရှားလျက် ရှိနေပေ သည်။ ပြင်ဦးလွင်သို့ရောက်ရှိလာကြသော နိုင်ငံတကာမှ ခရီး သွားအများစုသည်ဂုတ်ထိပ်တံတားသို့ သွားရောက်ကြည့်ရှု လေ့ ရှိကြ ပေသည်။အချို့ကလည်း မန္တလေးမှ ဂုတ်ထိပ်တံတားအထိ မီးရထားစီးကာ သွားရောက်ကြည့်ရှုကြသည်။ ယခုအခါတွင် မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်ကြသော ကမ္ဘာလှည့် ခရီးသည်များသည် တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလျက်ရှိရာ သမိုင်း ၀င် ဂုတ်ထိပ်တံတား ကြီး ကို ရေရှည်ကြံ့ခိုင်အောင် ထိန်းသိမ်းလျက် ရှေးဟောင်းပစ္စည်း တစ်ခုအဖြစ် စောင့်ရှောက် ထားနိုင် သည်နှင့် အမျှ ဂုတ်ထိပ် တံတား သို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားလုပ်ငန်းမှ ရရှိလာမည့် ၀င်ငွေများသည် နှစ်စဉ် တိုးတက် များပြား လာမည်ဖြစ်ပေသည်။ ထိုသို့ နိုင်ငံတော်အတွက် ၀င်ငွေ တိုးတက်ရရှိလာသကဲ့သို့ ဂုတ်ထိပ်တံတား အနီးဝန်း ကျင် ရှိ ဒေသခံတို့ ၏ လူမှုစီးပွားဘ၀များ သည် လည်း တိုးတက်လာမည်သာ ဖြစ်ပေသည်။ မောင်သာ(ရှေးဟောင်းသုတေသန) (၁၀ ၊ ၂ ၊ ၂၀၁၅ မြန်မာ့အလင်း သတင်းစာ)

No comments: