Tuesday, July 7, 2015

All Burma Federation Of Student Unions ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (၅၃)နှစ်မြောက် 7 July အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေငြာချက်

All Burma Federation Of Student Unions ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (၅၃)နှစ်မြောက် 7 July အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေငြာချက် (၇.၇.၂၀၁၅)သည် ကျွန်ုပ်တို့တိုင်းပြည်၏ လွတ်လပ်ရေး သမိုင်းကြောင်းအတွက် အဓိက ရေသောက်မြစ်ဖြစ်သော ကျောင်းသားသမဂ္ဂအဆောက်အအုံကြီး ဗုံးခွဲဖျက်ဆီးခံရခြင်း နှင့် ကျောင်းသားအာဇာနည်များ၏ နီစွေးသော သွေးစက်များ စွန်းထင်းခဲ့သည့် (၅၃)နှစ်မြောက် 7-july နေ့ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ နောင်တော်ကျောင်းသားကြီးများသည် တော်လှန်ရေးကောင်စီ အမည်ခံ၍ ဆိုရှယ်လစ် အရေခြုံ ထားသော စစ်ဘီလူးဗိုလ်နေ၀င်း၏ မျက်နှာဖုံးကို ရဲရင့်ပြောင်မြောက် စွာဖြင့် ခွာချလိုက်နိုင်ခဲ့သည့် ကြီးမြတ် သောကျောင်းသားသမိုင်းကို မော်ကွန်းတင် ခဲ့ကြ ပေသည်။ စစ်အာဏာရှင်တို့၏ အယုတ်ညံ့ဆုံးစရိုက်လက္ခဏာတစ်ခုမှာ ကျောင်းသားသမဂ္ဂများကို ကြောက်ရွံ့မုန်းတီးမှု ဖြစ်သည်။ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး တို့တွင် ကျောင်းသားသမဂ္ဂများသည် သမိုင်းစဉ် တစ်လျှောက်လုံး တပ်ဦးမှ ပါဝင်ခဲ့ကြသည့်အတွက် ကျောင်းသားသမဂ္ဂများ၏ တည်ရှိမှုအခန်းကဏ္ဍ ကို ငြင်းဆန် နေသည့် လက်ရှိအစိုးရ နှင့် လွှတ်တော် သည် စစ်ကျွန်ယန္တရား လည်ပတ်ရေး၏ ထောက်တိုင်များ ဖြစ်ကြောင်း လေးပွင့်ဆိုင် ကတိကဝတ် ချိုးဖောက်ခဲ့မှုများက ပိုမို ပေါ်လွင်စေသည်။ ဒီမိုကရေစီ အစိုးရဟု ကြွေးကြော်နေသော ဦးသိန်းစိန် စစ်တစ်ပိုင်းအစိုးရသည် ဗကသများ အဖွဲ့ချုပ်၏ ဒီမိုကရေစီ ပညာရေးပင်မ သပိတ်စစ်ကြောင်းကို ဖက်ဆစ်အတွေးအခေါ်များကို အခြေခံ၍ လူ့ဂုဏ်သိက္ခာမဲ့သော လုပ်ရပ်များဖြင့် မတရား အကြမ်းဖက် ဖြိုခွင်းခဲ့သော ကြောင့် ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဖြစ်သော စစ်ဗျူရိုကရက် အစိုးရ သာ ဖြစ်ကြောင်း ကျောင်းသားထုက သက်သေပြနိုင်ခဲ့သည်။ ဒီမိုကရေစီ ပညာရေးစနစ် ပေါ်ထွန်းလာစေရန် အတွက် အမျိုးသားပညာရေး ဥပဒေကို ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် သပိတ်မှောက်ခဲ့ကြသော ကျောင်းသား/သူများအား အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီး တရားစွဲဆို နေခြင်းများသည် ကျောင်းသားထု အခွင့်အရေးများကို အရှက်တရားကင်းမဲ့စွာဖြင့် ထိပါးစော်ကားနေခြင်း ဖြစ်သည့် အတွက် ဗကသများ အဖွဲ့ချုပ်မှ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံချသည်။ နိုင်ငံတစ်ခုလုံး စစ်အာဏာရှင်စနစ်သို့ ကျရောက်ခဲ့သည့် အချိန်မှစ၍ အမျိုးသားရေး(သို့) စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေး၊ ငြိမ်းချမ်းရေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး ဟူသော ဗကသများအဖွဲ့ချုပ်၏ မူငါးချက်ကို စွဲကိုင်၍ ရဟန်းရှင်လူပြည်သူအပေါင်း နှင့် လက်တွဲကာ အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသည့် ကျောင်းသားအာဇာနည်များအား အလေးအမြတ် ဂုဏ်ပြုပါသည်။ 7 July စိတ်ဓာတ်ကို အခြေခံ၍ စစ်အာဏာရှင်တို့၏ အစွမ်းကုန် ဖိနှိပ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့ကာ ၇၉ နှစ် ကြာ မျိုးဆက်သစ်များကို သမိုင်းအမွေလက်ဆင့် ကမ်းနိုင်ခဲ့သော ဗကသများအဖွဲ့ချုပ်အနေဖြင့် ဒီမိုကရေစီ ပညာရေးနှင့် မတရားဖမ်းဆီးခံ ကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူ ပြည်သူများ ပြန်လည် လွတ်မြောက်ရေး အတွက် လူထုလူတန်းစား တစ်ရပ်လုံးနှင့် လက်တွဲကာ အဆုံးတိုင် တိုက်ပွဲဝင်သွားမည် ဟု 7 July စိတ်ဓာတ်ကို မွေးဖွားခဲ့သော ကျောင်းသား အာဇာနည်အပေါင်းအားတိုင်တည်၍ ကတိသစ္စာပြု ဦးညွတ်လိုက် ပါသည်။ 7 July စိတ်ဓာတ်ကို ကိုင်စွဲ တိုက်ပွဲဝင်ကြ။ ကျောင်းသားထု ညီညွတ်ကြ။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

No comments: