Monday, July 13, 2015

MPT က ဝင်ငွေခွန် ယခုဘဏ္ဍာနှစ်မှစ၍ စတင်ပေးဆောင်ရမည်

MPT က ဝင်ငွေခွန် ယခုဘဏ္ဍာနှစ်မှစ၍ စတင်ပေးဆောင်ရမည် ရန်ကုန်၊ ဇူလိုင် ၁၂ နိုင်ငံခြားအော်ပရေတာများ နှစ်စဉ်ပေးဆောင်နေရသော သက်ဆိုင်ရာဝင်ငွေ (Relevant Revenue) အပေါ်မှ ကောက်ခံသည့် အခွန် ၂ ရာခိုင်နှုန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှ စတင်ကာ ပေးဆောင်ရမည် ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။ MPT နှင့် ဆူမီတိုမို၊ KDDI ကော်ပိုရေးရှင်း ဂျပန်ကုမ္ပဏီတို့နှင့် ပူးပေါင်း၍ KSGM ဖက်စပ်ကုမ္ပဏီအဖြစ် အကျိုးတူ ပူးပေါင်းလုပ်ကိုင်မှုသည် တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် ယခုဘဏ္ဍာနှစ်မှ စတင်၍ အခွန်ပေးဆောင်ရတော့မည် ဖြစ်သည်။ အဆိုပါ နှစ်စဉ် သက်ဆိုင်ရာဝင်ငွေ (Relevant Revenue) အပေါ်မှ ကောက်ခံသည့် အခွန်သည် လိုင်စင်ရ ဆက်သွယ်ရေး အော်ပရေတာများကို တစ်နှစ် အခွန်ကင်းလွတ်ခွင့်ပြုကြောင်း အော်ပရေတာများထံမှ သိရသည်။ ယင်းအပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ဂျပန်ကော်ပိုရေးရှင်းများနှင့် ဖက်စပ်ကုမ္ပဏီ KSGM ကုမ္ပဏီအဖြစ် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့သည့် တစ်နှစ်တာကာလ (၂၀၁၄ စက်တင်ဘာ မှ ၂၀၁၅ ဇွန်လ) အတွင်း မိုဘိုင်းလ်တယ်လီဖုန်း ပြောဆိုခနှင့် အင်တာနက်သုံးစွဲမှုများ အတွက် ကြိုတင်ငွေဖြည့်ကတ် ရောင်းချမှုမှ ကျပ် ၅၇၄ ဒသမ ၉၆၇ ဘီလီယံ ရရှိထားကြောင်း MPT ထံမှ သိရသည်။ ပူးပေါင်းလုပ်ကိုင်သည့် ကာလအတွင်း တယ်လီဖုန်း ဆင်းမ်ကတ်ပေါင်း ၈၆၆,၉၀၀ ကျော်ကိုလည်း ရောင်းချထားကြောင်း ယင်းလုပ်ငန်းထံမှ သိရသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွက် Telenor Myanmar Limited ထံမှ နှစ်စဉ် သက်ဆိုင်ရာဝင်ငွေ (Relevant Revenue) ၏ ၂ ရာခိုင်နှုန်း ဖြစ်သည့် ၂၅၂ ဒသမ ၈ ကျပ်သန်း ရရှိထားပြီး Ooredoo Myanmar နှစ်စဉ် သက်ဆိုင်ရာဝင်ငွေ (Relevant Revenue) ၂ ရာခိုင်နှုန်း ကျပ်သန်း ၁၃၇ ဒသမ ၄၃၇ ကို ရရှိထားပြီး ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။ “ကောင်းပါတယ်။ နိုင်ငံတော်အတွက် အသုံးစရိတ် ပိုရတာပေါ့” ဟု ကွန်ပျူတာလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။ အော်ပရေတာ သုံးဦးထံမှ လိုင်စင် ပထမနှစ်အတွက် လိုင်းနှုန်းစီမံခန့်ခွဲမှု အခွန်အခများနှင့် ဆက်သွယ်ရေး နံပါတ်သုံးစွဲမှုများအတွက် အခွန်အခများကိုလည်း သက်ဆိုင်ရာကာလများ အလိုက် အချိန်နှင့်တစ်ပြေးညီ ကောက်ခံရန် အတွက်လည်း စီစဉ်လျက်ရှိကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။

No comments: