Tuesday, June 7, 2016

စည်းကမ်းမဲ့ကွမ်းစားသူများ ဂီလိုတင်ဓားနဲ့ ခေါင်းဖြတ်စေချင်သူ ------ ------ ------ ------ ------

စည်းကမ်းမဲ့ကွမ်းစားသူများ ဂီလိုတင်ဓားနဲ့ ခေါင်းဖြတ်စေချင်သူ
------ ------ ------ ------ ------
တံတာဦးက ကွမ်းနုဝါ
ငမျာကဆေး.....။
ကွမ်းသီးတောင်ငူနှင့်၊
ကိုင်း ထုံးဖြူ ၊ ပြည် ရှား
သာဝါးလို့ထွေး။
ဦးမင်း

တခေတ်တခါက မြန်မာနိုင်ငံစာပေသမိုင်းမှာ ထင်းရှားတဲ့ခေတ်ပြိုင်ကဗျာ ကဝိနှစ်ယောက် ပေါ်ထွန်းခဲ့ဖူးတယ်။ သူတို့ကတော့ ကျွန်တော်တို့ငယ်ငယ်က စာပေသင်ရိုးတွေထဲမှာပါထည့်ပြီးသင်ကြားခဲ့ရတဲ့ ကဝိကဗျာကျော် လူဦးမင်းနဲ့ ဖိုးသူတော်ဦးမင်းတို့ ဖြစ်ကြပါတယ်။ အထက်ပါတံတားဦးက ကွမ်းနုဝါကဗျာဟာဆိုရင်ဖြင့် လူဦးမင်းရဲ့ နန်းတွင်းက ရှင်ဘုရင်နဲ့ မူကြီးမတ်ရာတွေ ကွမ်းနဲ့ပတ်သက်လို့ရှိရင် ကောင်းပေညွန့်ပေလို့ဆိုရမယ့် အရာတွေနဲ့မှ စားတယ်ဆိုတာ ထင်ရှားအောင်ရေးသားခဲ့ပါတယ်။ ဒီလိုရေးတာနဲ့ ပတ်သက်ပြီး နန်းတွင်းကကောင်းပေညွန်ပေဆိုတာ စားနိုင်ပေမယ့် သာမာန်ပြည်သူတွေက ကွမ်းကိုဘယ်လိုစားတယ်ဆိုတာ ဖိုးသူတော်ဦးမင်းက ကဗျာလေးတပုဒ်နဲ့ ပြန်အုပ်ခဲ့တယ်။ သူတို့နှစ်ဦး ခေတ်ပြိုင်အခြေနေမှာ တယောက်က ကဗျာကိုအခံနဲ့ရေးရင် တယောက်က ကဗျာကိုအအုပ်နဲ့ ရေးလေ့ရှိကြပါတယ်။ ဒီလိုလူဦးမင်းရေးတဲ့ ကွမ်းကဗျာကို ဖိုးသူတော်ဦးမင်းက ဒီလိုရေးစပ်ခဲ့ပါတယ်။

ကွမ်းရွက်ကယ် ညှာကြွေ
ရေစိမ်တဲ့ဆေး......။
သန်းခေါက်လှိုင်လှိုင်နှင့်၊
ချိုင်လိုက်မယ် ထုံးဖြူခြောက်ကယ်၊
အာပေါက်မှထွေး။
ဖိုးသူတော် ဦးမင်း

ကျေးလက်နေအများပြည်သူစားတဲ့ကွမ်းဟာဖြင့် နန်းတွင်း အကျော်မော်တွေကဲ့သို့ တံတားဦးကကွမ်းနုဝါကိုတော့ မဟုတ်ဘူးပေါ့လေ။ ရှိတဲ့ကွမ်းရွက်ကလည်း အညှာကကြွေနေပြီတဲ့။ ခုခေတ်ထိတချို့ဒေသတွေမှာ ကွမ်းကို ကိုယ်တိုင်ယာစားဖို့ ကွမ်းရွက်လေးငါးရက်အထားခံဖို့ သဲထဲရေလောင်း ကွမ်းရွက်ကိုမြှပ်စားချင်တဲ့အချိန် ထုတ်စားကြသပေါ့။ ဒီတော့ရက် ညောင်းလာတဲ့ ကွမ်းရွက်ဟာအညှာတွေရိပြီး ကြွေပါတယ်။ ဆေးကလည်းကောင်းတာသန့်တာထက် ရှိတဲ့ဆေးကို ကိုယ့်ဘာသာရေစိမ်ပြီး ကွမ်းသီးကိုတော့ဖြင့် မစားနိုင်ရှာတော့သန်းခေါက်ကိုခွာ အခြောက်လှမ်းရေစိမ်ပြီးမှ စားရတာပါဗျ။ ကျွန်တော်တို့ငယ်ငယ်တုန်းက ကျွန်တော့်ဘကြီးနဲ့သန်းခေါက်လိုက်ခွာပြီး သန်းခေါက်အခြောက်ကို ရေစိမ်ပြီးကွမ်းထဲထည့်ဝါးတာမြင်ဖူးပါရဲ့။ အဲဒီ ကျွန်တော့်အဘကြီးဆိုတာ ဒီကနေ့ထိ သက်ရှိထင်ရှားရှိပါသေးဗျာ၊ အသက်ကတော့ဖြင့် ကိုးဆယ်ကျော်ပြီပေါ့။ ကျန်းမာတုန်း လမ်းကိုယ်တိုင်လျှောက်နေတုန်းပါ။ ကွမ်းရွက်ညှာကြွေရယ်၊ ဆေးစိမ်ထားတာရယ် သန်းခေါက်ကယ်ရရင်ဖြင့် တခုလိုသေးသဗျ။ အဲဒါကထုံး။ အဲဒီထုံးက ဒီကနေ့ခေတ်လို ဘယ်နှကြိမ်စစ်ထားပါတယ်၊ ဘယ်လို ဖောက်ထားပါတယ် မဟုတ်ရှာပါဘူးဗျာ။ ထုံးခြောက်တဲ့။ အဲဒီထုံးခြောက်ကို ဒီကနေ့ခေတ်လို ထုံးအစိုမဟုတ်တော့ ကွမ်းရွက်ကို သုပ်လို့မရဘူးခင်ဗျ၊ ကွမ်းရွက်ပေါ်ကို ဒီအတိုင်းအတုံးလိုက်တင်ပြီးတော့ စားကြရသဗျ။ ကျွန်တော်လည်း ငယ်ငယ်က ရွာမှာစားခဲ့ဘူးပါရဲ့။ ကဲ အဲဒီကွမ်းကိုကျေးလက်နေသူအများက စားကြသတဲ့။ နန်းတွင်းကကွမ်းလိုတော့ ရှားစေးတော့ မပါဘူးပေါ့လေ။ အဲဒီကွမ်းများ မြုံထားပြီး တမြေမြေဝါးလာတာ အာပေါက်မှထွေးသတဲ့ဗျ။ ဒီနေရာမှာ အာပေါက်လို့ထွေးဆိုတာ ပါးစပ်မခံနိုင်လို့ ကွမ်းတယာလုံးထွေးပစ်တာတော့ ဟုတ်မယ်မထင်ပေါင်။ မြုံထားတဲ့ ကွမ်းကကွမ်းသွေး ထွေးထင်ပ။ ဟုတ်တယ်လေ၊ ဒီကွမ်းစားမှ ဒီလိုပေါက်မယ်ဆိုတာ မသိဘဲစားတာမှမဟုတ်မင့်။

ကဲဒီလောက်ပြောလာခဲ့ပြီဆိုရင်တော့ ကွမ်းစားတဲ့ဓလေ့ယဉ်ကျေးမှုဟာ ကုန်းဘောင်ခေတ်ကတည်းကမကတော့ဘူးဆိုတာ ထင်ရှားပဗျာ။ မအိုစာရဲ့ကွမ်းတယာရေတမှုတ်တွေ၊ ရိုးရာယုံကြည်ကိုးကွယ်မှုမှာ ဦးရှင်ကြီးပူဇော်တဲ့အခါ ကွမ်းယာထည့်ရတာ တွေစုံလို့ပါဗျာ။ ကျွန်တော်တို့အညာဘက်မှာ ကလေးတွေတစ္ဆေပါတာလို့ ယုံကြည်ရင် တစ္ဆေစာပစ်ကြရတယ်။ အဲဒီအထဲ ဘာထည့်ကြသလဲဆို အသီးတို့၊ အသားဟင်းတို့ ထမင်းဖြူနဲ့ မီးသွေးခဲရယ်၊ ကွမ်းယာအပါအဝင်ပစ္စည်း ကိုးမျိုးထည့်ပြီး တစ္ဆေစာပစ်တာမြင်ဖူးသဗျ။ အညာဘက်ညားခါစဇနီးမောင်နှံ ရွာတော်ရှင်ကိုသွားကန်တော့တာပဲဖြစ်ဖြစ်၊ မင်းနှစ်ပါကိုကန်တော့တာပဲဖြစ်ဖြစ် ကွမ်းဆေးလက်ဖက်အုန်းငှက်ပျောပါရသဗျ။ ဘာအတွက်အဲလိုကန်တော့ရလဲလို့ လူကြီးသူမများသွားမေးတဲ့အခါ ရေရေရာရာသိတဲ့လူရယ်လို့ ကျွန်တော်ဖြင့် တယောက်မှမတွေဖူးပါဘူး။ ကောင်လေးနဲ့ရိုးရာပါဆိုရိုးရာပေါ့လို့သာရောကြိတ်သဗျ။ လူကြီးသူမများစိတ်ချမ်းသာအောင် အဲဒီအတိုင်း ဆောင်ရွက်ပေးကြရတာကြီးပဲဗျ။

အဲဒီတော့ ကွမ်းဘယ်ခေတ်ကစစားတယ်ဆိုတာကိုတော့ ကျွန်တော်လည်း သမိုင်းသုတေသီမဟုတ်တော့ မသိဘူး။ ဒါလည်း ကျွန်တော် တာဝန်မဟုတ်ပါဘူး။ ဖော်ထုတ်ချင်တဲ့သူ ဖော်ထုတ်ကြပေါ့။ အဲကွမ်းယာကိုတော့ ဒီခေတ်မှာတရားမဝင်ဘူးလို့ ဆိုလောက်အောင် ကိုင်တွယ်မယ်ဆိုရင်တော့ ပြောစရာစကားတွေ များစွာရှိလာပါပြီ။ ကွမ်းစီမံချက်ကောင်းတယ်မကောင်းဘူး ပြောဖို့ထက် ကျွန်တော်ကထောက်ခံပြီးပြောမှာ မဟုတ်သလို ကွမ်းစားသူဘက်ကလည်း ကာကွယ်သွားဖို့ အစီစဉ်မရှိပါဘူး။ ဒါပေမယ့် ကိစ္စတခုကိုကိုင်တွယ်မယ်ဆိုရင် စနစ်တကျလေ့လာသုံးသပ်အဖြေထုတ်ပြီးတော့မှ လုပ်တာကောင်းပါမယ်။ ဒီ ကွမ်းပေါ်လစီကိုချဖို့ တာဝန်ရှိသူတွေမှာ ဘာမှစနစ်တကျလေ့လာသုံးသပ်ထားတာ မရှိဘူးဆိုတာ သေချာပါတယ်။
လက်ရှိတက်လာတဲ့ တာဝန်ရှိလူကြီးမင်းများ ပြောနေကျလက်သုံးစကားရှိပါတယ်။ ဘာတဲ့အမိန့်တွေ၊ ဥပဒေတွေဆိုတာ ပြည်သူတွေကို ဖိနှိပ်ဖို့၊ ကန့်သက်ဖို့ချုပ်ချယ်ဖို့ မဟုတ်ဘူးဆိုပြီး တဖွဖွပြောခဲ့ပါတယ်။ အမိန်တို့ ဥပဒေတို့ဆိုတာတဲ့ အများပြည်သူ ပြောင်းလွယ်ပြင်လွယ် လိုက်နာလွယ်တဲ့ဟာတွေဖြစ်ရမယ်ဆိုတာ ပါသေးသဗျ။ ဒီတော့ တစ်အချက်အနေနဲ့ နှစ်ပေါင်းထောင်ချီနေတဲ့ ဒီယဉ်ကျေးမှုကို အမိန့်ဥပဒေနဲ့ထုတ်ပြန်လိုက်ရင် အဆင်ပြေသွားမယ်ထင်ထားပါသလား။ ဒီဟာကို စနစ်တကျဖြစ်အောင် ဘယ်လိုလုပ်သင့်လဲဘက်က မစဉ်းစားနိုင်ဘူးလား။ ဥပမာ-ကွမ်းဟာသွားဖုံး၊ ပါး၊ လည်ချောင်းကင်ဆာဖြစ်စေတယ်ဆိုရင် ပြည်သူသန်းပေါင်းများစွာစားနေတဲ့ကွမ်းထဲ ဘယ်ဟာကဖြစ်လဲ။ ကျွန်တော်အထင်ပြောရရင် ဆေးရွက်ကြီးက ကင်ဆာဖြစ်တယ်ဆိုတာထက် ဒီကနေ့ အိန္ဒိယက တရားမဝင်ဝင်လာတဲ့ အမျိုးအမည်စုံတဲ့ဆေးကြောင့်လို့ ဘယ်သုတေသန ပညာရှင်ကမှလည်း မလေ့လာဘူး။
ဒီဆေးတွေက တရားမဝင်လမ်းကြောင်းက ဝင်လာမှန်းလည်း သိနေတယ်။ ဒီဆေးတွေကို အတုထုတ်နေတာလည်း ပုဇွန်တောင်ထဲမှာ လမ်းပေါ်ဖျာနဲ့ခင်းပြီး ထုတ်လုပ်နေတာ တွေသာမန်လူတောင်မြင်နေတာကို တာဝန်ရှိသူတွေ ဘယ်နှစ်ခါများ ဖမ်းဘူးလဲ။ ဒါတွေစားသုံးရန်သင့်၊ မသင့်ဆိုပြီး စစ်ဆေးဘူးလား။ ကွမ်းသီးကိုကန့်တွေနဲ့အရောင်လှအောင်လုပ်တယ် ပြောနေကြတယ်။ ဘယ်သူက ဘယ်လောက်ထိ စစ်ဆေးဘူးလဲ။ ကွမ်းထက်ဆိုးတဲ့ငါးပိထဲစားသုံးရန်မသင့်တဲ့ ဓာတုဆိုးဆေးတွေ နှစ်ပေါင်းသုံးဆယ် လောက်ထည့်လာတာ ခုချိန်ထိပဲ။ ဒါမျိုးကျ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းနေသတဲ့။ (မှတ်ချက်-FDA တာဝန်ရှိသူများနှင့် စားသုံးသူများသမဂ္ဂတို့၊ စားသုံးသူကာကွယ်ရေးအသင်းတို့နဲ့ရော၊ တာဝန်ရှိသူတွေနဲ့ လွန်ခဲ့တဲ့ လေးငါးလကျော်က ဧရာဝတီတိုင်းထဲကွင်းဆင်းပြီး ငါးပိလုပ်ငန်းရှင်တွေနဲ့ သွားဆွေးနွေးတယ်။ ငါးပိတွေမှာ ဆိုးဆေး သုံးခဲ့တာ နှစ်ပေါင်းသုံးဆယ်မကတော့ဘူး၊ နောက်ပြီး ဆေးမဆိုးရင် ဈေးကွက်ထဲလည်း ရောင်းမရဘူးလို့ ငါးပိလုပ်ငန်းရှင်တွေက ပြောပါသတဲ့။ ဒါမျိုးကို ကြီးကြီးကျယ်ကျယ် အရေးယူတာ တွေ့ဖူးကြလားဗျာ။ အရေးယူတဲ့အခါများမှာတော့ အင်းစိန်ဈေးထဲမှာ ဆိုးဆေးပါသော ငါးပိတွေရှိဆိုတဲ့သတင်းလောက်ပဲ တွေ့ရမှာပါဗျာ။ အရင်းမြစ်အရေးမယူဘဲ အကိုင်းအဖျားလောက် အရေးယူနေတာ)

ကွမ်းသွေးထွေးလို့ ညစ်ပတ်တယ် ဟုတ်စ။ ကွမ်းသွေးထွေလို့ ညစ်ပတ်တယ်၊ ကွမ်းယာဆိုင်တွေ ပိတ်ပစ်လိုက် ပြောတာနဲ့ အဖြေက ပြီးရောလား။ လေယာဉ်ပျံကြီးတွေ ကောင်းကင်မှာပျံရင် ပျက်ကျတတ်လို့ လေယာဉ်ပျံခွင့်ပိတ်ပြစ်လိုက်မှာလား။ အဲလိုသာဆိုရင် လေယာဉ်တီထွင်တဲ့သူဟာ ရာဇဝတ်သားဖြစ်မသွားနိုင်ဘူးလား။ အဲဒီလိုစဉ်းစားတာထက် လေထီး တီထွင်လိုက်တော့ရော ဘယ်လိုဖြစ်သွားလဲ။ ခုပြောချင်နေတာက ကောင်းတာဆိုတာထက် စဉ်းစားပုံဖြေရှင်းပုံကို ပြောချင်တာပါဗျာ။ ကွမ်းယာဆိုင်တဆိုင်နောက်မှာ မိသားစုတစုရှိတယ်အဲဒီကွမ်းနဲ့ ဆက်စပ်ပစ္စည်းထုတ်လုပ်တဲ့ ကွမ်းစိုက်တောင်သူတွေ ကွမ်းလက်လီလက္ကားရောင်းသူဘဝတွေ ကွမ်းဖြန့်ချိရေးတွေ သယ်ယူပို့ဆောင်ရေးလုပ်နေသူတွေ ပြောလို့မကုန်ပါဘူးဗျာ။ ရန်ကုန်ကကွမ်းသွေးထွေးလို့ ညစ်ပတ်တာထက် မိုးရွာပြီး ရန်ကုန်မြောင်းတွေကရေလျှံပြီး မြို့ကြီးရေမြုပ်တာက ပိုညစ်ပတ်ပါတယ်ဗျာ။ အဲဒါလေးလည်း လုပ်စေချင်သဗျ။

နောက်တခုပြောချင်တာက ရှေးဘုရင်မူးကြီးမတ်ရာတွေက ကွမ်းကိုဘာကြောင့်ရှားစေထည့်စားတယ်ထင်ပါသလဲ။ ကျွန်တော် လက်လှမ်းမီသလောက်မေးမြန်းကြည့်တာ ရှားစေးဟာကွမ်းစားတဲ့အရသာထဲမှာ ဘာကိုမှထူးပြီးကောင်းမွန်မလာပါဘူး။ ဒါပေမဲ့ ဘာကြောင့်စားကြသလဲဆို လူကြီးသူမတွေပြောတာကတော့ ရှားစေးကထုံးဓာတ်ကို ချေဖျက်ပေးပါသတဲ့။ ဒီကနေ့ ရန်ကုန်မှာ ရှားစေနဲ့ရောင်းတဲ့ကွမ်းယာဆိုင် အင်မတန်မှ ရှားသွားပါပြီ။ ကျွန်တော်တို့ မျှော်နေတာက အရင်အစိုးရမင်းများလို သစ်တွေမိရင်ပိုင်ရှင်မဲ့လုပ်ပစ်တာမျိုးမဟုတ်ဘဲ ခိုးသူကိုပါ မိစေချင်တာပါ။ မူးယစ်ဆေးဝါးတွေတန်နဲ့ချီမိရင် ပိုင်ရှင်ကိုပါ မိစေချင်ပြီး စက်ရုံထိဖော်ထုတ်စေချင်တာပါဗျာ။ ၁ လုံး၊ ၂ လုံး၊ ၃ လုံး လောင်းကစားဒိုင်ကြီးတွေ ဖော်ထုတ်စေချင်တာပါဗျာ။

ဒီကနေ့ ရန်ကုန်မြို့တော်လိုနေရာဟာ လမ်းသွားရင်းအစားအစာတခုခုစားပြီး စားကြွင်းစားကျန်ပစ်ဖို့တောင် နေရာတကာ အမှိုက်ပုံးမရှိဘူးခင်ဗျ။ ဒီလိုမဟုတ်ရင် လူထောင်ပေါင်းများစွာ စားပြီး ဒီဈေးကွက်ကိုအမှီပြုပြီးရှင်သန်နေတဲ့ အနေထားမပျက်အောင် ကွမ်းထွေးခံလေးတွေ စနစ်တကျထားရင်ရော မဖြစ်နိုင်ဘူးလားခင်ဗျ။ စည်းကမ်းဖောက်လို့ကတော့ ဂီလိုတင်ဓားစက်နဲ့ ဖြတ်လိုက်ဖြတ်ပေါ့လေ။ ရန်ကုန်မြို့တော်ကြီးရဲ့ ထည်ဝါတဲ့ဂုဏ်ဒြပ်နဲ့အလှအပကို ဖျက်စီးသူကို။ ကွမ်းစားတာမကောင်းဘူးဗျာ လူတိုင်းသိပါတယ်။ ကွမ်းတင်မဟုတ်ဘူး အရက်ဆေးလိပ်စသဖြင့်ပေါ့။ ဒါပေမယ့်ရှိနေကြတာပဲလေ။ စေတနာရှိလို့ ကောင်းမွန်တဲ့စည်းမျဉ်းစည်းကမ်းဥပဒေထုတ်တယ်ဆိုရင်ဖြင့်
ဗုဒ္ဒရဲ့လောကီလောကုတ်နှစ်ဖြာသော အကျိုးကြီးမားတဲ့တရားတွေလောက်ရော ကောင်းလို့လားဗျာ။ ကောင်းလည်းလူ့သဘောအရ မလိုက်နာကြပါဘူး။ ထွီ(မှတ်ချက်။ ။ နှပ်ဆေးရယ်၊ ဗမာဆေးရယ်၊ အုန်းစိမ်းထည့်ထားတဲ့ကွမ်းမြုံရင်းစာအပြီး ကွမ်းသွေးကို စနစ်တကျထွေးလိုက်တဲ့အသံပါ ခင်ဗျ။ တမျိုးတော်မမြင်တော်မမူကြပါနဲ့ ကွမ်းစားချင်လို့ ဒီဆောင်းပါးကို နေပြည်တော်မှာ ကွမ်းမြုံရင်းရေးသဗျ)

ကိုခက်(ခေတ္တနေပြည်တော်)


No comments: