Sunday, June 26, 2016

ဗြိတိန်တွင် ဒုတိယအကြိမ် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန် လူနှစ်သန်းခွဲကျော် လက်မှတ်ရေးထိုး တောင်းဆို

ဇွန် ၂၅ ရက်က ဗြိတိန်အစိုးရ၏ ၀က်ဘ်ဆိုက်ပေါ်တွင် တွေ့ရသော ပါလီမန် အသနားခံစာ (Photo: AFP)
ဗြိတိန်နိုင်ငံတွင် ဒုတိယအကြိမ် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပေးရန် အသနားခံစာတစ်ရပ်ကို လူပေါင်း ၂ ဒသမ ၅ သန်းကျော် လက်မှတ်ရေးထိုး ခဲ့ကြသည်ဟု အစိုးရ၏ ၀က်ဘ်ဆိုက်တစ်ခုတွင် ဇွန် ၂၅ ရက်က ဖော်ပြခဲ့သည်။ ဇွန် ၂၃ ရက်က ကျင်းပခဲ့သည့် လူထုဆန္ဒခံယူပွဲတွင် ဥရောပသမဂ္ဂထဲမှ ဗြိတိန်ထွက်ခွာရေး လိုလားသူများက အနိုင်ရရှိသွားသည့် တုန်လှုပ်ဖွယ် မဲရလဒ်ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ဒုတိယအကြိမ် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။
ပါလီမန် အသနားခံမှုဆိုင်ရာ ၀က်ဘ်ဆိုက်တွင် ဒုတိယအကြိမ် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန် တောင်းဆိုသူဦးရေသည် အလွန်အမင်း မြင့်တက်လာသည်ဟု သိရသည်။  အသနားခံစာ တစ်ရပ်တွင် ယခုပမာဏအထိ လက်မှတ်ရေးထိုးသူ များပြားသည်မှာ ယခင်က မရှိခဲ့ဖူးပေ။ စည်းမျဉ်းအရ အသနားခံစာတစ်ရပ်တွင် လက်မှတ်ရေးထိုးသူ ၁၀၀,၀၀၀ ကျော်ပါက ထိုအကြောင်းအရာကို ပါလီမန်တွင် ထည့်သွင်းဆွေးနွေးမည်ဖြစ်သည်။ ပါလီမန် အသနားခံစာဆိုင်ရာကော်မတီက ယခု အဆိုပြုချက်များကို လွှတ်တော်သို့တင်ပြရန် သင့် မသင့်နှင့် ပတ်သက်၍ စဉ်းစားနေကြသည်။ ကော်မတီ၏ လာမည့်အစည်းအဝေးကို ဇွန် ၂၈ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
“လာရောက်မဲပေးသူ ၇၅ ရာခိုင်နှုန်း ထက်နည်းသော အခြေအနေတစ်ရပ်၌ ဆက်ရှိရေး သို့မဟုတ် ထွက်ခွာရေး မဲပေးမှုသည် ရာခိုင်နှုန်း ၆၀ ထက်နည်းပါက နောက်ထပ် ပြည်သူ့ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပပေးရေး စည်းမျဉ်းတစ်ရပ်ထုတ်ပေးရန် အစိုးရကို လက် မှတ်ထိုး တောင်းဆိုလိုက်သည်” ဟု အဆိုပါ အသနားခံစာတွင် ရေးသားဖော်ပြခဲ့သည်။ ဥရောပသမဂ္ဂထဲမှ ဗြိတိန်ထွက်ခွာရေးသည် မဲ ၅၁ ဒသမ ၉ ရာခိုင်နှုန်းရရှိခဲ့ပြီး ဆက်ရှိရေးမှာ မဲ ၄၈ ဒသမ ၁ ရာခိုင်နှုန်းရရှိခဲ့သည်။ ဇွန် ၂၃ ရက်က ပြည်သူ့ဆန္ဒခံယူပွဲသို့ လာရောက်မဲပေးသူ ၇၂ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့သည်။
ဒုတိယအကြိမ် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန် အသနားခံစာ၌ လက်မှတ်ရေးထိုးသူ အများစုမှာ စကော့တလန်မြို့တော် အေဒင်ဘာရာနှင့် လန်ဒန်တို့မှ အများဆုံးဖြစ်ကြောင်း သိရသည်။ ပထမအကြိမ် မဲပေးမှုတွင်လည်း ထိုမြို့နှစ်မြို့စလုံးက ဆက်ရှိရေးအတွက် မဲအများဆုံးေ ပးခဲ့ကြသည်။ ဗြိတိန် အခြေခံ ဥပဒေထဲတွင်မူ လူထုဆန္ဒခံယူပွဲတစ်ရပ်တွင် အနိမ့်ဆုံးမဲ မည်မျှရရှိရမည်၊ လာရောက်မဲပေးသူ အနည်းဆုံး မည်မျှရှိရမည်ဟု သတ်မှတ်ထားခြင်း မရှိပေ။
ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ကမူ ယခင်ကတည်းက ဒုတိယအကြိမ် ပြည်သူ့ဆန္ဒခံယူပွဲ ရှိမည်မဟုတ်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။ ကင်မရွန်သည် အောက်တိုဘာလတွင် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ဇွန် ၂၅ ရက်က ပြောကြားခဲ့သည်။
ဒုတိယအကြိမ်မြောက် လူထုဆန္ဒခံယူပွဲ ကျင်းပရေး အကြံအစည်သည် ဇွန် ၂၃ ရက် မဲပေးမှု မတိုင်မီကတည်းက ထွက်ပေါ်နေခြင်းဖြစ်သည်။ Sunday Times သတင်းစာကလည်း ဒုတိယအကြိမ် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရေးကို ထောက်ခံခဲ့သည်။
သို့သော် ထွက်ခွာရေးအတွက် စည်းရုံးလှုပ်ရှားခဲ့သည့် အထင်ကရပုဂ္ဂိုလ် ဘောရစ်ဂျွန်ဆင်ကမူ ထပ်မံမဲပေးရန် ကိစ္စကို ပယ်ချခဲ့သည်။ “ ပြည်သူ့ဆန္ဒခံယူပွဲဆိုတာ ပြည်သူရဲ့ ဆန္ဒကို ခံယူတဲ့ပွဲပါပဲ။ ဒါ လုံးဝရှင်းပါတယ်။ မျိုးဆက်တစ်ခု တစ်ခါ၊ ဘ၀တစ်လျှောက် တစ်ကြိမ်သာရမယ့် အခွင့်အရေးပါ။ မဲရလဒ်ဟာ အကျိုးဆက် ဘယ်လိုဖြစ်မှာလဲဆိုတာ ဆုံးဖြတ်ပြီးသားပါ။ နေမယ်ဆို နေမယ်၊ ထွက်မယ်ဆို ထွက်မယ်ပါပဲ။ ခင်ဗျားတို့မှာ မပြီးဆုံးနိုင်တဲ့ ပြည်သူ့ဆန္ဒခံယူပွဲတွေ ရှိနေမှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
Writer: 
Ref: AFP

No comments: