Wednesday, June 29, 2016

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ တွေ့ဆုံ --------------------------


နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်(တ်) ဝုန်ဆူဝန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့ (ဇွန်လ ၂၉ ရက်) မွန်းလွဲ ၃ နာရီခန့်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများနှင့် တပ်မတော်နှစ်ရပ် ပူးပေါင်း၍ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများ နှိမ်နင်းရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို မူရင်းနေရပ်များသို့ ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် မူရင်းနေရပ်များတွင်  နှစ်နိုင်ငံ အစိုးရ အချင်းချင်း ပူးပေါင်း၍ အခြေအနေကောင်းများ ဖန်တီးပေးနိုင်ရေး အစရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ ပီစနုဆူဗာနာဂျတာလည်း တက်ရောက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

ဓာတ်ပုံ- Myanmar President Office Facebook

No comments: