ရန်ကုန်မြို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ဗန္ဓုလ တန်ဖိုးနည်း အိမ်ရာအား ဇွန်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများ တည်ဆောက်နေ သကဲ့သို့ ရန်ကုန်၊ မန္တလေးအပြင် မကွေး၊ စစ်တွေ၊ မုံရွာ၊ ပုသိမ်နှင့် စစ်ကိုင်းမြို့များတွင်လည်း အိမ်ရာ စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ရုံးအမှတ် (၄၀) တွင် ကျင်းပသည့် အရာထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် မြို့ပြနှင့် အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေး မျှော်မှန်းချက် (Vision) များ ချမှတ်ပြီး ပြည်သူများအတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်နှင့် အငှားအိမ်ရာများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်၍ ပြည်သူလူထု၏ အိုးအိမ်နေထိုင်မှု ကိစ္စများကို ထိရောက်စွာ ဆောင်ရွက်သွားရန်နှင့် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုကြောင်း ပြောကြားသည်။
ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း တန်ဖိုးနည်း၊ တန်ဖိုးမျှတ အိမ်ရာများကို တည်ဆောက်ပေးလျက် ရှိပြီး ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဘဏ်နှင့် ချိတ်ဆက်ကာ Mortgage ချေးငွေဖြင့် ပြည်သူများ အရစ်ကျ ၀ယ်ယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် ရန်ကုန်၊ မန္တလေးတို့အပြင် မကွေး၊ စစ်တွေ၊ မုံရွာ၊ ပုသိမ်၊ စစ်ကိုင်းမြို့များတွင်လည်း အိမ်ရာ စီမံကိန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြောကြားသည်။
ရန်ကုန်မြို့တွင် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ အကောင်အထည် ဖော်လျက်ရှိသော်လည်း တည်ဆောက်ထားသည့် အိမ်ခန်းများနှင့် ၀ယ်ယူလိုသူ အရေအတွက် မမျှတဘဲရှိကာ မဲနှိုက်ရွေးချယ် ၀ယ်ယူသည့် စနစ်ကို ကျင့်သုံးနေရသည်။ သို့သော် အိမ်ရာများကို ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျ ငွေပေးချေ စနစ်ဖြင့် ၀ယ်ယူခွင့် ရရှိနေသည်။
တန်ဖိုးသင့် အိမ်ရာစီမံကိန်း တစ်ခုဖြစ်သည့် ဧရာဝဏ်နှင့် ရတနာ အိမ်ရာစီမံကိန်းမှ အိမ်ခန်းများမှာလည်း အနည်းဆုံး ကျပ်သိန်း ၆၀၀ ၀န်းကျင် ရှိနေသဖြင့် လူလတ်တန်းစားများသာ ၀ယ်ယူနိုင်ပြီး အခြေခံ လူတန်းစားများ အတွက် ၀ယ်ယူနိုင်ရန် အခက်အခဲ များစွာ ရှိနေသည်။
ထို့ကြောင့် ကျပ်သိန်း ၁၀၀ ၀န်းကျင်ရှိ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများစွာ အကောင်အထည်ဖော်ရန် လိုအပ်နေသည်။ သို့သော်လည်း ယင်းသို့ အကောင်အထည် ဖော်နိုင်ရန် အစိုးရပိုင်မြေလည်း လွန်စွာ နည်းပါးနေကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။
Writer:
နီလာ
No comments:
Post a Comment