Sunday, June 26, 2016

Huawei P9 စတင်ရောင်းချပွဲတွင် မိုးထဲရေထဲ တစ်နာရီအတွင်း ပစ္စည်းပြတ်လပ်သည်အထိ ရောင်းချခဲ့ရ

Huawei P9 ကို ၂၀၁၆ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်စတင်ရောင်းချခဲ့ရာ အများပြည်သူများမှ မိုးထဲရေထဲတန်းစီ စောင့်ဆိုင်းကာ တခဲနက် ၀ယ်ယူအားပေးခဲ့ကြသည်။ စတင်ရောင်းချချိန်မှာ နံနက် (၉) နာရီမှ ဖြစ်သော်လည်း ရန်ကုန်နှင့်မန္တလေးရှိသုံးစွဲသူတစ်ချို့မှာ ဇွန်လ ၂၄ ရက်နေ့ ည (၈) နာရီဝန်းကျင်ကတည်းက လာရောက်တန်းစီစောင့်ဆိုင်းခဲ့ကြသည်။
ညကတည်းက လာရောက်စောင့်ဆိုင်းသူများထဲမှ ပထမဦးဆုံး ၀ယ်ယူသူ ကိုဇော်ဝင်းနိုင်မှ “ကျွန်တော်က ဓါတ်ပုံရိုက်တာကို အရမ်းစိတ်ဝင်စားတယ်။ အခု P9 မှာက ကင်မရာနှစ်လုံးနဲ့ ကင်မရာ အရည်အသွေးကလည်း အရမ်းကောင်းတယ်။ အဲ့ဒါကြောင့် နေပြည်တော်ကနေတောင်လာပြီးတော့ ည (၈) နာရီခွဲကတည်းက လာစောင့်နေတာပါ။” ဟု စိတ်လှုပ်ရှားစွာပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တွင် နံနက် ဇွန်လ ၂၅ ရက်နေ့ မနက် (၅) နာရီခန့်က မိုးများသည်းထန်စွာ ရွာသွန်းခဲ့သော်လည်း လာရောက်တန်းစီသူများမှာ လျော့မသွားဘဲပိုမိုများပြားလာခဲ့သည်။
နံနက်(၉)နာရီတွင် စတင်ရောင်းချခဲ့ရာ ရန်ကုန်နှင့် မန္တလေး နှစ်မြို့လုံးတွင် စတင်ရောင်းချပြီး (၁) နာရီအတွင်းမှာပင် ပစ္စည်းများပြတ်လပ်သည်အထိ ၀ယ်ယူအားပေးခဲ့ကြသည်။ အခုလိုရောင်းချနိုင်မှုနှင့်ပတ်သက်ပြီး Huawei Device Myanmar မှ တာဝန်ရှိသူတစ်ဦးမှ “အခုလိုမိုးထဲရေထဲမှာ ညကတည်းက လာရောက်စောင့်ဆိုင်းဝယ်ယူတာကို တွေ့ရတဲ့အတွက် အရမ်းပဲကျေးဇူးတင်မိပါတယ်။ Huawei နဲ့ Leica ရဲ့ ပူးပေါင်းမှုက စမတ်ဖုန်းဓါတ်ပုံပညာကို ဖွင့်လှစ်လိုက်ရုံသာမကဘဲ ရှေးဟောင်းအမှတ်တံဆိပ်ဖြစ်တဲ့ Leica ရဲ့ အမှတ်တံဆိပ်တန်ဖိုးကို အသိအမှတ်ပြု ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
Huawei နှင့် Leica တို့၏ပေါင်းစပ်မှုဖြစ်သည့် Huawei P9 ကို အင်္ဂလန်နိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ တဆင့် မြန်မာနိုင်ငံတွင် ဇွန်လ (၁၈) ရက်နေ့က မိတ်ဆက်ပြီးဖြစ်ပါသည်။ မိတ်ဆက်ချိန်မှစတင်ပြီး မြန်မာနိုင်ငံတွင် သာမက နိုင်ငံတကာတွင်ပါ မီဒီယာများ၊ အနုပညာရှင်များ၊ ဓါတ်ပုံပညာရှင်များ၊ ဓါတ်ပုံဝါသနာရှင်များ ၏ ကောင်းမွန်သော မှတ်ချက်များကို ရရှိခဲ့ကာ ရေပန်းစားလျက်ရှိပါသည်။ Huawei P9 ကို စတင်မိတ်ဆက်ပြီးချိန်မှစပြီး ရက်သတ္တပတ် (၆) ပတ်အတွင်း (၂.၆) သန်း တင်ပို့နိုင်သည်အထိ အောင်မြင်မှုရခဲ့သည်။
ယနေ့ ဇွန်လ (၂၅) ရက်နေ့တွင် လာရောက်ဝယ်ယူသူများအနေဖြင့် နံနက် (၉) နာရီမှ (၁၁) နာရီအတွင်း လာရောက်ဝယ်ယူလျှင် Huawei Talk Band B3၊ Tripod နှင့် Selfie Stick တို့ ပါဝင်သည့် Gift Box၊ Leather Cover နှင့် မှန်စတစ်ကာ အစရှိသည့် ၄၀၀,၀၀၀ ကျပ် နီးပါး တန်ဖိုးရှိသည့် ဆုလက်ဆောင်တို့ကို ပေးအပ်ခဲ့သည့်အပြင် ပထမဦးဆုံးဝယ်ယူသူ (၁၀) ဦးကို Mysterious Box များကိုလည်း Huawei မှ ပေးအပ်ခဲ့ပါသည်။
မန္တလေးတွင် ၀ယ်ယူသူ ကိုနန္ဒ က “ကျွန်တော်က Huawei စမတ်ဖုန်းကိုပဲအမြဲသုံးဖြစ်ပါတယ်။ အခု P9 ကိုလည်း ဖေ့ဘွတ်မှာတွေ့ကတည်းက စိတ်ဝင်စားနေတာ။ ဒီနေ့ပွဲရှိတယ် လက်ဆောင်တွေပေးမယ်ဆိုတာကိုလည်း ဖေ့ဘွတ်မှာတွေ့ပြီးတော့ လာဝယ်ဖြစ်တာပါ။ လက်ဆောင်တွေကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လေ” ဟု ပြောကြားခဲ့ပါသည်။
ယနေ့မ၀ယ်ယူလိုက်နိုင်သော သုံးစွဲသူများအနေဖြင့် အမြို့မြို့အနယ်နယ်ရှိ Huawei Branded Shop များ၊ Huawei နှင့်ချိတ်ဆက်ထားသော ဖုန်းဆိုင်များတွင် ၀ယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

No comments: