Sunday, June 26, 2016

ရိုဟင်ဂျာအမည် သုံးနှုန်းခြင်းကို ဥရောပသမဂ္ဂ ရှောင်ရှားမည်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးကို ဖြေရှင်းရာတွင် အချိန်ယူရမည် ဖြစ်သည့်အတွက် ထိလွယ် ရှလွယ်ဖြစ်သည့် ရိုဟင်ဂျာအမည် သုံးနှုန်းခြင်းကို ဥရောပသမဂ္ဂ EU အနေဖြင့် ရှောင်ရှားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်က ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဇွန် ၂၂ ရက်က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ် Roland Kobia က “မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ စိတ်ခံစားမှုတွေကို လှုံ့ဆော်ပေးတယ် ဆိုတာကို ကျွန်တော်တို့ နားလည်သလို၊ အစိုးရသစ် အနေနဲ့ကလည်း ထိလွယ်ရှလွယ် ဖြစ်စေတဲ့ ဒီအသုံးအနှုန်းကို ရှောင်ရှားဖို့ ပြောကြားထားတယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ မြန်မာအစိုးရသစ် အနေနဲ့ ဒီပြဿနာကို ဖြေရှင်းရာမှာ အချိန်ယူရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ ရိုဟင်ဂျာ အသုံးအနှုန်းကို ရှောင်ရှား အသုံးပြုသွားမှာပါ” ဟု သတင်းထောက်များကို ပြောကြားခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြခဲ့သည်။

ဆက်လက်ပြီး အဆိုပါ သတင်းတွင် မြန်မာ အစိုးရသစ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ လုပ်ဆောင်မှုများကို အကျိုးမပြုသည့် အသုံးအနှုန်းများကို မြန်မာအစိုးရ အနေဖြင့် သုံးနှုန်းမည် မဟုတ်ကြောင်း ပြောကြားခဲ့ပြီးနောက် EU ၏ အသုံးအနှုန်း အတည်ပြုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီနှင့် ဇွန် ၂၀ ရက်က တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် အသိုင်းအ၀ိုင်းနှင့် ပတ်သက်ပြီး သုံးစွဲရာတွင် ရိုဟင်ဂျာ အမည်ကို မြန်မာအစိုးရ အနေဖြင့် သုံးနှုန်းမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

“ရိုဟင်ဂျာ၊ ဘင်္ဂါလီ စကားများနေတဲ့ ကိစ္စမှာ အသုံးအနှုန်း နှစ်ခုစလုံးကို အန်တီတို့ မသုံးပါဘူး။ အဲဒီစကားများနေတဲ့ အသုံးအနှုန်းတွေက လက်ရှိ အခြေအနေကို အကျိုးမပြုဘူးလေ။ အခုလုပ်နေတဲ့ နိုင်ငံသား စိစစ်တဲ့ ကိစ္စတွေရော ဆက်ပြီးလုပ်နေတဲ့ လုပ်ငန်းတွေကိုရော အကျိုးမပြုတဲ့ အတွက် အဲဒီအသုံးအနှုန်းတွေကို ရှောင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတာပါ။ UN ရော တခြားဧည့်သည်တွေကိုပါ ဒီအသုံးအနှုန်းတွေဟာ အခုလုပ်နေတဲ့ လုပ်ငန်းတွေကို အထောက်အကူ မပြုဘဲ ဆန့်ကျင်ဘက် အခြေအနေ ရောက်သွားနိုင်တဲ့အတွက် မသုံးဘူးလို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အားလုံးကို မေတ္တာရပ်ခံ ပြောတာပါ။ သူပြောတာကို လိုက်နာပြီး ရှောင်ရှားသုံးတဲ့ သူတွေကတော့ အန်တီတို့ တိုင်းပြည်ကို ကူညီရာ ရောက်တာပေါ့” ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ဇွန် ၁၃ ရက်မှ ဇူလိုင် ၁ ရက်အထိ ကျင်းပနေသည့် ကုလသမဂ္ဂ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီ ညီလာခံ၌ ဇွန် ၁၇ ရက်က ဘင်္ဂါလီများကို ခေါ်ဝေါ်သုံးစွဲမှုနှင့် ပတ်သက်ပြီး “ရခိုင်ပြည်နယ်က မွတ်ဆလင် အသိုင်းအ၀ိုင်း ဟု” သုံးနှုန်း ပြောဆိုရန် မြန်မာအစိုးရ ကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက ဆိုသည်။

ထို့အတူ နေပြည်တော်တွင် မေ ၂၂ ရက်က ပြုလုပ်သည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင်လည်း နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် လူမှု အသိုင်းအ၀ိုင်း နှစ်ခုအကြား တင်းမာမှုများ ဆက်ရှိနေပြီး အဆိုပါ အရေးကို ဖြေရှင်းရာတွင် အမည်နာမ အငြင်းပွားမှုထက် အရေးကြီးသည့် အရာများ ရှိသေးကြောင်း ပြောကြားခဲ့သည်။

ဇွန် ၂၀ ရက်က လူဇင်ဘတ်မြို့တွင် ပြုလုပ်ခဲ့သည့် ဥရောပသမဂ္ဂ အစည်းအဝေးတွင် EU ၏ မြန်မာနိုင်ငံအပေါ် မဟာဗျူဟာ သုံးသပ်ချက်များကို EU ကောင်စီက ဆွေးနွေး ဆုံးဖြတ်၍ အတည်ပြု ထုတ်ပြန်ခဲ့ရာတွင်လည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို နိုင်ငံသား စိစစ်မှု ပြုလုပ်နေသည့် မြန်မာ အစိုးရသစ်၏ လုပ်ဆောင်ချက်ကိုလည်း အကောင်းဘက်မှ ရှုမြင်ကြောင်း ပါရှိသည်။



 http://news-eleven.com/local/21175

No comments: