Thursday, June 30, 2016

ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည် အရေး သတင်းထုတ်ပြန်


 

ထိုင်းနိုင်ငံ မဟာချိုင်မြို့က ထလေထိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စောင်းဆိုင်းနေတဲ့ အလုပ်သမားတွေကို ဇွန်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFAထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေတဲ့ မြန်မာတွေကို နေရပ်ကိုပြန်လည် ခေါ်ဆောင်နိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒုက္ခသည်တွေကို ပြည်တွင်းကို ပြန်လည်ခေါ်ဆောင်တဲ့အခါ အရင်ဆုံး အလုပ်အကိုင် အခွင့် အလမ်းတွေ ပေးနိုင်ဖို့ ဖန်တီးပေးသွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ရက်ကြာ ထိုင်းခရီးစဉ်နဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ကို နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလိုထုတ်ပြန်ကြေညာ ခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းဝန်ကြီးချုပ် ပရာယွတ်နဲ့ ဘန်ကောက်မြို့က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒုက္ခသည်အားလုံး တစ်ချိန်ချိန်မှာ ပြန်လာရမှာ ဖြစ်ကြောင်း သူတို့ပြန်လာနိုင်ဖို့ဆိုရင် အလုပ်အကိုင် နေရာထိုင်ခင်း စတာတွေ အဆင်သင့်ဖြစ်ဖို့လိုအပ်ကြောင်း သင့်တော်တဲ့အချိန်မှာ ပြန်ခေါ်မှာဖြစ်ကြောင်း ပြောပါတယ်။

လတ်တလောမှာ နေရပ်ပြန်လိုကြောင်းကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးတွေထံ ဆန္ဒပြုထား တဲ့ မြန်မာဒုက္ခသည် ၂၀၀ နီးပါးရှိပြီး သူတို့ကို နေရပ်ပြန်လည်ခေါ်ဆောင်ဖို့အတွက် မြန်မာအစိုးရဖက်က ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး နိုင်ငံသား စိစစ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဒုက္ခသည်တွေအရေးအပြင် ထိုင်း၊ မြန်မာ နှစ်နိုင်ငံနယ်နမိတ်ကို ပြန်လည်တိုင်းတာဖို့နဲ့ ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရားမဝင်မြန်မာ လုပ်သားတွေ လူကုန်ကူးခံရမှုတွေ၊ နှိပ်စက်ခံရမှုတွေကနေ ကာကွယ်ပေးနိုင်ဖို့အတွက် တရားဝင်အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း ရရှိရေးတွေအတွက် လည်း ဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

RFA Burmese

No comments: