Thursday, June 30, 2016

ညလုံးပေါက်ခိုင်းပြီး လုပ်ခမပေး၍ ထိုင်းအလုပ်ရှင်ကို မြန်မာလုပ်သားများ တရားစွဲ --------------------------------------------------

ညလုံးပေါက်ခိုင်းပြီး လုပ်ခမပေး၍ ထိုင်းအလုပ်ရှင်ကို မြန်မာလုပ်သားများ တရားစွဲ
--------------------------------------------------
ရန်ကုန်၊ ဇွန်

ထိုင်းနိုင်ငံ လို့ပူရီခရိုင်ရှိ ကြက်မွေးမြူရေးစခန်းတစ်ခုတွင် မြန်မာအလုပ်သမား ၁၄ဦးကို ညလုံးပေါက် အချိန်ပို ခိုင်းစေပြီး လုပ်အားခမပေးသဖြင့် ဘတ် သိန်း ၄၀ကျော်(ကျပ်သိန်း ၁၃၀၀ ကျော်) ရလိုမှုဖြင့် ထိုင်းအလုပ်ရှင်ကို မြန်မာအလုပ်သမားက တရားစွဲဆိုထားကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) မှ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

အလုပ်သမားများကို မနက် ၇နာရီမှ ည ၅နာရီအထိ၊ ည ၇နာရီမှ မနက် ၅နာရီအထိ အလုပ်ခိုင်းစေနေ သော်လည်း ညဘက်ခိုင်းစေမှုအတွက် လုပ်အားခမပေးမှုကို ဒေသအာဏာပိုင်များ၊ အလုပ်သမား၊ အလုပ်ရှင်၊ MWRN တို့ တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ပြေလည်မှုမရသဖြင့် ဇွန်လ ၂၈ ရက်နေ့တွင် ယင်းသို့ တရားစွဲဆိုခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အများပြည်သူ အလုပ်ပိတ်ရက်များတွင် အလုပ်ခိုင်းစေမှုအတွက်လည်း လုပ်အားခ မပေးသည့်အပြင် လုပ်သက် အရ ခံစားခွင့်ရမည့် အလုပ်ပိတ်ရက်ကိုလည်း အလုပ်ရှင်ကမပေးကြောင်း ဦးအောင်ကျော်က ပြောဆိုသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ ဇွန် ၁၃ ရက်နေ့တွင် ညှိနှိုင်းရာ အလုပ်ရှင်က ခါးခါးသီးသီးငြင်းဆန်ခဲ့၍ အလုပ်သမားများက တရားစွဲဆိုမည်ဟုဆိုသဖြင့် အလုပ်ရှင်က ဇွန်လ ၁၅ ရက်နေ့တွင် ထပ်မံညှိနှိုင်းရန် လက်ခံခဲ့ကြောင်း၊ ဇွန်လ ၁၅ ရက်နေ့တွင် ထပ်မံဆွေးနွေးရာ အလုပ်ရှင်က လုပ်ခများ ကို ပြန်ပေးမည်ဟု သဘောတူခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

အလုပ်သမားတစ်ဦးလျှင် ဘတ်သိန်းချီပြန်ရမည်ဖြစ်သော်လည်း အလုပ်ရှင်က လုပ်သက်ငါးနှစ်ရှိသူကို ဘတ် လေးသောင်းကျော်၊ လုပ်သက်သုံးနှစ်ရှိသူကို သုံးသောင်းကျော်၊ ၂ နှစ်အောက်ကို ဘတ် တစ်သောင်းကျော် သာ ပေးမည်ဆိုသဖြင့် အလုပ်သမားများက လက်မခံခဲ့ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“ဥပဒေနဲ့ မညီဘဲ အချိန်များစွာ ခိုင်းနေတာပဲ။ သက်သောင့်သက်သာ အနား ယူရတဲ့ အချိန် မရှိဘူး။ အလုပ် အတွက်ပဲ ပေးဆပ်နေရတယ်” ဟု ဦးအောင်ကျော်က ပြောဆိုသည်။

နေ့ပိုင်းအလုပ်ချိန်တွင် ကိုးနာရီ လုပ်ရသော်လည်း အချိန်ပို တစ်နာရီ လုပ်ခကို မရခြင်း၊ ညပိုင်းအလုပ်ချိန် အတွက် လုပ်ခမရသဖြင့် အဆိုပါလုပ်ခများ ကို ပြန်လည်ရရှိအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး လုပ်ခများပြန်ရလျှင် မြန်မာနိုင် ငံသို့ ပြန်မည်ဖြစ်ကြောင်း အဆိုပါ အလုပ်သမားများက ပြောဆိုကြသည်။

ညပိုင်းအလုပ်လုပ်မှု မှန်ကန်ကြောင်း အလုပ်ဝင်ရာတွင် အသုံးပြုသည့်ကတ် ကို အလုပ်ရှင်ရှေ့တွင် ဒေသ အာဏာပိုင်များနှင့် MWRN မှာ တာဝန်ရှိသူများ ကို ပြသသည်ကို ကတ်ခိုးသည်ဟုဆိုကာ အလုပ်သမားတစ်ဦး ကို အလုပ်ရှင် က တရားစွဲဆို ဖမ်းဆီးကြောင်း ကာယကံရှင် မယဉ်ယဉ်က ပြောကြားသည်။

အလုပ်သမားတစ်ဦးဖြစ်သူ ကိုဉာဏ်အောင်စိုးကမူ “အလုပ်ဝင်ရင် ကတ်မထိုး ရဘူး။ ညပိုင်းမှာ သူတို့ဘာ သာ ကြက်ခြံထဲမှာ ဝင်အိပ်ကြတာ။ အလုပ်ခိုင်း တာ မဟုတ်ဘူးလို့ သူဌေးက လိမ်တာ။ အဲဒါကြောင့် ကတ်ကို ပြလိုက်တာ။ အလုပ် မဝင်တဲ့သူတွေကို ပိုက်ဆံဖြတ်တာရော ကတ်ထဲမှာရှိပြီးသား။ အဲတော့ သူက(သူဌေး) ငြင်းလို့ မရတော့ဘူး” ဟု ရှင်းပြသည်။

ယင်းဖမ်းဆီးမှုအပေါ် MWRN က ကြက်နှင့်ပတ်သက်သည့် ထိုင်းလုပ်ငန်းရှင် များကို ဖိအားပေး၍ အဆိုပါ လုပ်ငန်းရှင်များက ဘတ် ၇၅၀၀၀ ဖြင့် အာမခံပေးသဖြင့် အဆိုပါ အလုပ်သမားမှာ အာမခံဖြင့် ပြန်လည် လွတ်မြောက်လာကြောင်း ဦးအောင်ကျော်က ပြောဆိုသည်။

ယင်းကြက်မွေးမြူရေးခြံတွင် အလုပ်လုပ်ကိုင်သည့် အလုပ်သမားမှာ လုပ်သက် ငါးနှစ်အထိ လုပ်ကိုင်ထားပြီး သူများ ပါဝင်နေသည်။ သို့သော်လည်း ထိုင်းဥပဒေအရ နောက်ကြောင်းပြန် ၂ နှစ်အတွက်သာ လုပ်ခများကို ပြန်လည် ခံစားခွင့်ရမည်ဖြစ်သည်။


No comments: