ကနေဒါ
ဓားစာခံ နှစ်ဦးကို ပြီးခဲ့သည့် လပိုင်းများအတွင်း ခေါင်းဖြတ်
ကွပ်မျက်ခဲ့သည့် ဖိလစ်ပိုင် စစ်သွေးကြွအဖွဲ့ အဘူဆေယက်ဖ်က အမျိုးသမီး
ဓားစာခံ တစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
မာရီတက်စ်ဖလောသည် စက်တင်ဘာလက မိတ်ဆွေများနှင့်အတူ ဒါဗာအိုမြို့အနီးတွင် အဘူဆာယက်ဖ်တို့၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ ဖလော၏ ကနေဒါနိုင်ငံသား မိတ်ဆွေ ဂျွန်ရစ္စဒဲလ်နှင့် သူမ၏ ချစ်သူ ကနေဒါနိုင်ငံသား ရောဘတ်ဟောလ်တို့မှာမူ ပြန်ပေးငွေ တောင်းခံသည့် သတ်မှတ်နေ့ရက် ကုန်ဆုံးသွားချိန်တွင် သုတ်သင်ခံခဲ့ရသည်။ အဘူဆေယက်ဖ်တို့ အနေဖြင့် ဖလောကို အဘယ်ကြောင့် ပြန်လွှတ်ပေးခဲ့ကြောင်း သဲသဲကွဲကွဲ မသိရသေးချေ။
ကောလာဟလ အချို့က ဖိလစ်ပိုင် အစိုးရသည် ဖလောအတွက် အဘူဆေယက်ဖ်တို့ တောင်းခံသည့် ပြန်ပေးငွေကို ပေးချေခဲ့၍ ဖြစ်နိုင်ကြောင်း ဖော်ပြနေသော်လည်း ဖိလစ်ပိုင် အစိုးရ ကိုယ်တိုင်ကမူ အကြမ်းဖက် အုပ်စုများနှင့် ညှိနှိုင်းရေး မူဝါဒကို တရားဝင် ငြင်းဆိုထားသည်။ လတ်တလောတွင် အဘူဆေယက်ဖ်တို့ လက်ထဲ၌ နော်ဝေးနိုင်ငံသား ဂျာတန်းဆက်ကင်စတက်ဒ်မှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။
အဘူဆေယက်ဖ်မှာ အဖွဲ့ခွဲ အများအပြားရှိသည့် စစ်သွေးကြွ အုပ်စုတစ်ခုဖြစ်ပြီး ယင်းတို့အနက် အချို့သည် အိုင်အက်စ်တို့ထံ သစ္စာခံထားကြသည်။ မကြာသေးမီက အဘူဆေယက်ဖ်တို့သည် ၎င်းတို့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် အစ်နီလွန် ဟာပီလွန်ကို အရှေ့တောင်အာရှရှိ မွတ်ဆလင်များအားလုံး ထောက်ခံကြပြီး သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် ဂျီဟတ်စစ်ပွဲများ ဆင်နွှဲရန် တိုက်တွန်းထားသည့် ဗီဒီယိုကို အွန်လိုင်းတွင် လွှင့်တင်ခဲ့သေးသည်။
အဘူဆေယက်ဖ်တို့သည် ၁၉၉၁ ခုနှစ်တွင် အင်အားကြီး ဖိလစ်ပိုင် သူပုန်အဖွဲ့ မိုရို အမျိုးသား လွတ်မြောက်ရေး တပ်ဦးထံမှ ခွဲထွက်လာခဲ့ပြီး ပိုမိုအစွန်းရောက် ကြမ်းတမ်းသည့် အကြမ်းဖက်ဝါဒမျိုးဖြင့် ရပ်တည်လာခဲ့သည်။
Ref: BBC

No comments:
Post a Comment