ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့နှင့် တွေ့ဆုံပွဲတွင်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားစဉ်
(ဓာတ်ပုံ-ဇေယျာထွန်း)
၂၀၁၅
ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအလွန် ပြည်ထောင်စု
အစိုးရသစ်၊ လွှတ်တော်သစ်များသည် တည်ဆဲဥပဒေအား ပြင်ဆင်လျက်၊ မြန်မာနိုင်ငံ
အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို အားကောင်းမောင်းသန်
ပြင်ဆင်ဖွဲ့စည်းနိုင်မှသာ လာမည့်ငါးနှစ်သက်တမ်းတွင် လူ့အခွင့်အရေးဆိုင်ရာ
စိန်ခေါ်မှုများစွာကို ထိထိရောက်ရောက် ချဉ်းကပ် အဖြေရှာနိုင်မည် ဖြစ်သည်။
အစိုးရသစ်၊ လွှတ်တော်သစ်များသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး
ကော်မရှင်ကို အမြန်ဆုံး ပြင်ဆင်ဖွဲ့စည်းကာ တိုင်းရင်းသားပြည်သူလူထုကို
အပြောသက်သက်မဟုတ်၊ အလုပ်နှင့်သက်သေပြု၊ မျက်နှာမူမည့်
လူ့အခွင့်အရေးယန္တရားသစ်ကို ထူထောင်ကြရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်နိုင်ရန်အလို့ငှာ မြန်မာနိုင်ငံ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ၂၀၁၄ ခုနှစ် မတ် ၂၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်သည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေ၊ ပုဒ်မ ၄ နှင့် ပုဒ်မ ၉ ပါပြဋ္ဌာန်း ချက်များအရ၊ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်တို့နှင့် ညှိနှိုင်း၍ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ၁၁ ဦးပါဝင်သော မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သည် အစိုးရအကြီးအကဲဟောင်း၊ လွှတ်တော်အကြီးအကဲဟောင်းများက ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်း ဖြစ်နေသည်မှာ အစိုးရသစ်နှင့်လွှတ်တော်သစ်တို့အတွက် အခက်တွေ့ဖွယ်ရာပင် ဖြစ်သည်။
၂၀၁၁ ခုနှစ် အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ၂၀၁၄ ခုနှစ် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့၏ ဖွဲ့စည်းခြင်းကို နှိုင်းယှဉ်သုံးသပ်မည်ဆိုလျှင် ကော်မရှင်ဥက္ကဋ္ဌနေရာသည် အပြောင်းအလဲ မရှိခဲ့ပေ။ သံအမတ်ကြီးဟောင်း ဦးဝင်းမြသည် ကော်မရှင်ဥက္ကဋ္ဌနေရာကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၅ ရက်ကတည်းက တာဝန်ယူလျက်ရှိသည်။ ၂၀၁၁ ခုနှစ် အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် (အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန)သည် ၂၀၁၄ ခုနှစ် ဖွဲ့စည်းသော ကော်မရှင်တွင် ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ဒေါက်တာဥာဏ်ဇော် (အငြိမ်းစား ပြည်နယ်ဆေးရုံအုပ်ကြီး)၊ ဒေါက်တာဒေါ်သန်းနွဲ့ (အငြိမ်းစား ပါမောက္ခ၊ ဥပဒေပညာဌာန)၊ ဦးခင်မောင်လေး (အငြိမ်းစား ညွှန်ကြားရေးမှူး၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန) နှင့် ဦးညွန့်ဆွေ (အငြိမ်းစား ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန) တို့သည် ၂၀၁၄ ခုနှစ်ကော်မရှင်တွင် အဖွဲ့ဝင်များအဖြစ် ပြန်လည် ပါဝင်လာသည့် ၂၀၁၁ ခုနှစ် ကော်မရှင်အဖွဲ့ဝင်များဖြစ်သည်။ ၂၀၁၁ ခုနှစ် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးကျော်တင့်ဆွေ (အငြိမ်းစား သံအမတ်ကြီး) သည် ၂၀၁၆ ခုနှစ် ပြည်ထောင်စုအစိုးရအဖွဲ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဖြစ်လာသည်။ ၂၀၁၄ ခုနှစ်တွင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အသစ်ပြင်ဆင် ဖွဲ့စည်းလင့်ကစား၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ခြောက်ဦးသည် ကော်မရှင်ဟောင်းမှ လူဟောင်းများဖြစ်ပြီး၊ အဖွဲ့ဝင်သစ် ငါးဦးသာ ထည့်သွင်းဖွဲ့စည်းခဲ့သည်။
၂၀၁၄ ခုနှစ်တွင် အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေပြဋ္ဌာန်းပြီး ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည့် ကော်မရှင်သည် အသွင်သဏ္ဌာန်နှင့် အနှစ်သာရအားဖြင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော လူ့အခွင့်အရေး ကော်မရှင်နှင့် ထူးမခြားနားပင် ဖြစ်သည်။ ၀ိုင်ခွက်အဟောင်းနှင့် ၀ိုင်အဟောင်းပင် ဖြစ်သည်။ အစိုးရမဟုတ်သော၊ လွတ်လပ်သည့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်မှုအပိုင်းတွင် အလွန်အမင်း အားနည်းနေဆဲဖြစ်သည်။ ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးဆိုင်ရာအ ဖွဲ့အစည်းများနှင့် ထိထိရောက်ရောက် ပူးပေါင်းလက်တွဲလျက်၊ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးမှု၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို စုံစမ်းစစ်ဆေးမှု၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို စီမံချက်များ ချမှတ်လျက် ကြိုတင်ကာကွယ်နိုင်မှု စသည့်အပိုင်းကဏ္ဍများတွင် အားကောင်းမောင်းသန် ဆောင်ရွက်နိုင်ရန် လိုအပ်နေဆဲဖြစ်သည်။ ၂၀၁၄ ခုနှစ် နှင့် ၂၀၁၁ ခုနှစ်ဟု နှစ်ကာလ ခြားနားလင့်ကစား၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ မြင့်မြင့်မားမား မျှော်မှန်းနိုင်ခြေ မရှိသည့်အလျောက်၊ လက်ရှိကော်မရှင် ဖွဲ့စည်းမှုပုံစံနှင့်ဆိုလျှင် လက်ရှိအစိုးရနှင့် လွှတ်တော်သက်တမ်း၌ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မြှင့်တင်ရေး၊ လူ့အခွင့်အရေး အသိပညာပေးမှု မြှင့်တင်ရေး အပါအ၀င် ကိစ္စရပ်ကြီးများတွင် စိတ်လှုပ်ရှားဖွယ်ရာ သိသာမြင်သာသည့် တိုးတက်မှုများ၊ အပြောင်းအလဲများ ဖြစ်လာနိုင်စရာ အလားအလာ နည်းသည်ဟု ကောက်ချက်ပြုနိုင်သည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ ပုဒ်မ ၁၃ အရ၊ ကော်မရှင်အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်သည့်အလျောက် သမ္မတဦးသိန်းစိန်လက်ထက် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၃ ရက်မှသာ သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ရွေးကောက်ပွဲအလွန် အစိုးရသစ်သည် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆက်လက်ခံထားရမည့်သဘော သက်ရောက်နေသည်။ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွင် အစိုးရနှင့် မပတ်သက်သူများ၊ အစိုးရအရာရှိဟောင်း မဟုတ်သူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်များ၊ ပညာရှင်များ၊ အထူးသဖြင့် ဥပဒေပညာရှင်များကို အများစု ထည့်သွင်းဖွဲ့စည်း နိုင်မည်ဆိုလျှင် ပိုမိုသာလွန်ကောင်းမွန်မည် ဖြစ်သည်။
ဥပဒေပါ သက်တမ်းသတ်မှတ်ချက်သည် ပြဿနာမဟုတ်သော်လည်း၊ ယခင်အစိုးရဟောင်းသည် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို အစိုးရနှင့်နီးစပ် ပတ်သက်သူများနှင့် မဏ္ဍိုင်ပြုဖွဲ့စည်းခဲ့သည်က စိန်ခေါ်မှုဖြစ်နေသည်။ လက်ရှိအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ အားလုံးသည် ဗြူရိုကရက်ဟောင်းများ သို့မဟုတ် အငြိမ်းစား အစိုးရအရာရှိများဖြစ်သည်။ ဥပဒေပညာရှင်ဟု သတ်မှတ်နိုင်မည့် ကော်မရှင်အဖွဲ့ဝင်ဦးရေမှာ နှစ်ဦး၊ သုံးဦးသာဖြစ်ပြီး၊ ကော်မရှင်အဖွဲ့ဝင် အားလုံးနီးပါးသည် အစိုးရဟောင်း၏ အမာခံများဖြစ်နေသည်ဟု အလွတ်သဘော၊ ကောက်ချက်ပြု၊ သုံးသပ်နိုင်သည်။
၂၀၁၁ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သော အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိထိရောက်ရောက်၊ ထွင်းထွင်းဖောက်ဖောက် ဆောင်ရွက်နိုင်မှုအပိုင်း တွင် အားနည်းခဲ့သည်မှာ အထင်အရှားဖြစ်သည်။ တိုင်းရင်းသား ပြည်သူလူထုအများစု အနေဖြင့် လူ့အခွင့်အရေးကော်မရှင်ကို အားကိုးအားထား ပြုလောက်သည်အထိ အားကောင်းမောင်းသန် မရှိခဲ့သည်မှာ ပကတိ အနေအထားပင်ဖြစ်သည်။ ကော်မရှင်သည် လူ့အခွင့်အရေး ဖောက်ဖျက်မှုများနှင့် ပတ်သက်၍ သီးခြားလွတ်လပ်စွာ စုံစမ်းစစ်ဆေး၊ ဖော်ထုတ်နိုင်မှုအပိုင်းတွင်လည်း အားနည်းချိနဲ့နေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အကူးအပြောင်း ကာလတွင် လူ့အခွင့်အရေး ဖောက်ဖျက်မှု အများအပြားရှိနေသည်မှာ ငြင်းမရသောအချက်ပင် ဖြစ်သည်။ ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးဖောက်ဖျက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ စုံစမ်းစစ်ဆေး၊ ဖော်ထုတ်နိုင်ရန် ထိုးထိုးဖောက်ဖောက် ဆောင်ရွက်နိုင်မှသာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် မူလအခွင့်အရေးများ မြှင့်တင်ရေးကိစ္စများသည် ပိုမိုထိရောက် အလုပ်ဖြစ်လာနိုင်ဖွယ်ရှိသည်။ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်မှု အပိုင်းကို လည်း ပိုမိုချဲ့ထွင်လုပ်ဆောင်နိုင်ရန် လိုအပ်နေဆဲဖြစ်သည်။
သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြန်လည်သုံးသပ်၊ ပြင်ဆင်နိုင်ရေး ဦးစားပေးဆောင်ရွက်သင့်ကြောင်း တိုက်တွန်းဆော် သြလိုပါသည်။ အထူးသဖြင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သက်တမ်းသတ်မှတ်မှုကို အလေးအနက်ထား သုံးသပ်စဉ်းစားသင့်သည်။ အခန်း ၄၊ ပုဒ်မ ၁၃ ပါ ကော်မရှင် အဖွဲ့ဝင်၏ ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်သည်ဟူသော ပြဋ္ဌာန်းချက်မျိုးကို ပြန်လည် ပြင်ဆင်သင့်သည်။ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အစိုးရ၏သြဇာ၊ ပတ်သက်မှု ကင်းကင်း၊ လွတ်လွတ် လပ်လပ် ဖွဲ့စည်းနိုင်လေ၊ ကောင်းလေဖြစ်သည်။ တိုင်းသိပြည်သိ၊ လူရိုသေရှင်ရိုသေ ပြည်သူကိုမျက်နှာမူလေ့ ရှိသည့် အဖွဲ့ဝင်များနှင့် ဖွဲ့စည်းသည့်ကော်မရှင် ဖြစ်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ ကော်မရှင်၏သက်တမ်းသည် ငါးနှစ်ဖြစ်ဖြစ်၊ ဆယ်နှစ်ဖြစ်ဖြစ် သတ်မှတ်၍ ရသော်လည်း ကော်မရှင်ကိုစဖွဲ့ကတည်းက အစကောင်းဖို့ အရေးကြီးသည်။ လက်ငင်းမြန်မာ့နိုင်ငံရေး အခင်းအကျင်းအရ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ သက်တမ်းသည် အစိုးရ၏သက်တမ်းအတိုင်း ဖြစ်သည်ဟု သတ်မှတ်ခြင်းက ပိုမိုကြောင်းကျိုးဆီလျော်မည် ဖြစ်သည်။ ဥပဒေပညာရှင်များကို ကော်မရှင်အဖွဲ့ဝင်နေရာအများစုတွင် ပါဝင်ခွင့်ပြုရေးကိုလည်း ဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းထားနိုင်မည်ဆိုလျှင် ပိုမိုအားကောင်းမောင်းသန်စေမည်ဖြစ်သည်။ ကော်မရှင်အဖွဲ့ဝင် များနေရာတွင် ပြည်သူလူထုအကျိုးကို ရဲရဲဝံ့ဝံ့ မျက်နှာမူနိုင်သူ၊ အဂတိတရားကင်းသူ၊ လူရိုသေ ရှင်ရိုသေဖြစ်သူများကို ရွေးချယ်တာဝန်ပေးနိုင်ရေး လမ်းဖွင့်ပေးမည့် ပြဋ္ဌာန်းချက်များကိုလည်း ဥပဒေတွင် ပြင်ဆင်၊ ထည့်သွင်းသင့်သည်။
အချုပ်အားဖြင့်ဆိုသော် လူ့အခွင့်အရေး မှတ်တမ်းများ ဆိုးဆိုးရွားရွားရှိခဲ့သော မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းစ၊ စပ်ကူးမပ်ကူးကာလ၌ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးမြှင့်တင်ရေးတို့ကို ဆောင်ရွက်မည့် လူ့အခွင့်အရေးကော်မရှင်သည် အစိုးရမဟုတ်သော၊ လွတ်လပ်သော၊ ဘက်မလိုက်သော၊ တိုင်းရင်းသားပြည်သူလူထုကို မျက်နှာမူသော ယန္တရားစစ်စစ်ဖြစ်မှသာ အစိုးရသစ်၊ လွှတ်တော်သစ်များနှင့်ပလဲနံပ သင့်မည်ဖြစ်သည်။ လာမည့် ငါးနှစ်တာကာလတွင် လူ့အခွင့်အရေး အဆင့်အတန်း ပိုမိုမြင့်တက်လျက်၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများကို စိတ်လှုပ်ရှားဖွယ်ရာ ဦးဆောင်နိုင်ရေး ရှေးရှုမည်ဆိုပါက ပြည်ထောင်စုလွှတ်တော်အနေဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလျက်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သစ်ဖွဲ့စည်းနိုင်ရေး အလျင်အမြန် ဖော်ဆောင်သင့်ပါကြောင်း မီးမောင်းထိုး တိုက်တွန်း ဆော်သြလိုက်ရပါသည်။

Writer:
ဒေါက်တာရန်မျိုးသိမ်း
No comments:
Post a Comment