Wednesday, June 29, 2016

မပျိုရွယ်မီက အိုလွယ်ခဲ့သည်


လေးလသားအရွယ် သန္ဓေသား၏ ပုံရိပ်က အာထရာဆောင်းရိုက်ပြီးသောအခါ နံဘေးရှိ တီဗီငယ်၏ မျက်နှာပြင်တွင် အထင်းသားပေါ်လာသည်။ ‘‘နင့်အဖေကို ငါ ဘယ်လိုပြောရမလဲ’’ ဟု စိတ်ရှုပ်ထွေးလေဟန်ဖြင့် (၁၃) နှစ်အရွယ် မိခင်လောင်းလေး၏ မိခင်ဖြစ်သူက ညည်းတွားလိုက်သည်။

သမီးဖြစ်သူကတော့ သူကိုယ်ဝန်လွယ်ထားရသည့် အကြောင်းရင်းကို ထုတ်ဖော်မပြောသေးသော်လည်း ကြောက်ရွံ့တုန်လှုပ်နေသည်ကို သူ၏မျက်နှာထက်တွင် အထင်းသားတွေ့မြင်နေရသည်။ အာထရာဆောင်းရိုက်အပြီး ကိုယ်ဝန်လေးလရှိနေသည်ကို သိရှိသွားပြီးနောက်မှာတော့ နှစ်ဦးသားဆေးရုံအတွင်းမှ တိတ်တဆိတ် ပြန်လည်ထွက်ခွာသွားပါတော့သည်။

အရွယ်မရောက်မီ ကိုယ်ဝန်ရှိနေသည်ကို အာထရာဆောင်းခေါ် ဓာတ်မှန်ရိုက်ကြည့်မှ သိရသည့်အဖြစ်များ ကြုံတွေ့လာရပြီး ထိုသို့ဖြစ်ပွားသည့် အရွယ်များမှာလည်း (၁၃) နှစ် (၁၄) နှစ်အရွယ် ဆယ်ကျော်သက်အရွယ်မရောက်သေးသူများ ဖြစ်နေလေ့ရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ဆိုကြသည်။

ဓာတ်မှန်အထူးကုဆရာဝန်ကြီး ငါးဦးနှင့် အတူတွဲဖက်ကာ ပုဂ္ဂလိကဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော မနန်းအိအိထွေးက သူအလုပ်လုပ်ခဲ့စဉ်ကာ လတစ်လျှောက် (၁၃) နှစ် (၁၄) နှစ်အရွယ် မိန်းကလေးငယ်များ ကိုယ်ဝန်ဆောင်နေရခြင်းကို သုံးယောက်မျှ ကြုံတွေ့ဖူးကြောင်း ပြောပြသည်။

‘‘ကိုယ်ဝန်ရှိတာကို ပြောပြတဲ့အခါ မိခင်ဖြစ်သူတွေက သူတို့သမီးတွေအနေနဲ့ ငယ်ကလည်း ငယ်သေးတယ်။ ရည်းစားသနာထားနေမှန်းလည်း မသိဘူး။ အပျိုပဲမှတ်နေတော့ လက်မခံချင်ကြတာမျိုးတွေ ကြုံဖူးတယ်’’ ဟု မနန်းအိအိထွေးက သူ၏ အတွေ့အကြုံကိုပြောပြသည်။

ပြီးခဲ့သော ရက်အနည်းငယ်ကလည်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် အသက်(၁၃)နှစ်အရွယ် သတ္တမတန်းကျောင်းသူလေးတစ်ဦး၏အဖြစ်က ပျံ့နှံ့လာခဲ့သည်။ ပုဂ္ဂလိကကျောင်းတစ်ခုတွင် ကျောင်းတက်နေသော ထိုမိန်းကလေးငယ်နှင့် အရွယ်တူကျောင်းသားငယ်တို့ ကျောင်းမှာပင် လွန်ကျူးမိကြပြီး ကိုယ်ဝန်ရလာခါမှ မိဘများ အထိတ်တလန့်နှင့် ယူကျုံးမရဖြစ်လာရခြင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဓာတ်မှန်အထူးကုဆရာဝန်ကြီးတစ်ဦးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် မျှဝေရာမှ ပျံ့နှံ့လာပြီး လူပြောများသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။

အမျိုးသမီးငယ် အများစုသည် ပုံမှန်အားဖြင့် အသက် (၁၃) နှစ်အရွယ်တွင် ဓမ္မတာပေါ်နေပြီဖြစ်၍ သားမျိုးဥကြွေကျကာ ကိုယ်ဝန်ဆောင်နိုင်ပြီး အမျိုးသားငယ်များမှာမူ အသက်(၁၃) နှစ်အရွယ်တွင် ၎င်း၏မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်ပြောင်းလဲမှုအရ ကိုယ်ဝန် ဆောင်နိုင်ရေးကို စွမ်းဆောင်ပေးနိုင်သည့် အနေအထားမျိုးရှိနိုင်ကြောင်း ပုဂ္ဂလိကဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောသည်။

ထို့ပြင် ဆရာဝန်တစ်ဦး ကြုံတွေ့ခဲ့ရသော အတွေ့အကြုံကမူ ဆယ်ကျော်သက်အရွယ် ချင်းတိုင်းရင်းသူ မိန်းကလေးငယ်တစ်ဦး ကိုယ်ဝန်ရှိလာရာ အဘွားဖြစ်သူအကူအညီဖြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကိုယ်ဝန်ဖျက်ချခဲ့ရာမှ သွေးဆိပ်သင့်ကာ ကျောက်ကပ်ပျက်စီးသွားခဲ့ပြီး နောက်ဆုံးတွင် အသက်ပင်ဆုံးရှုံးခဲ့ရခြင်းပင်။ ယင်းအဖြစ်အပျက်များက အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းနှင့် လိင်ပညာပေးခြင်းများ လုပ်ဆောင်သင့်နေပြီဆိုသည်ကို မီးမောင်းထိုးပြသည့် ဖြစ်ရပ်များဖြစ်သည်။


ဆဋ္ဌမတန်း၊ သတ္တမတန်းအရွယ် ကျောင်းသား၊ ကျောင်းသူများသည် ပတ်ဝန်းကျင်နှင့် တွေ့ကြုံရင်ဆိုင်ရာတွင် စိတ်မတည်ငြိမ်သေးသည့်အရွယ်၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိသေးသည့် အရွယ်များဖြစ်သဖြင့် သွေးဆောင်ဖြားယောင်းလွယ်သည်။ အတုမြင်အတတ်သင်လွယ်သည်။ ပွင့်လင်းမြင်သာစွာရင်ဖွင့်ပြောသည့် ဆက်ဆံရေးမျိုးကို လက်ဦးဆရာဖြစ်သည့် မိဘများက တည်ဆောက်ရန် လိုအပ်သည်။ ညအိပ်ညနေထားသည့် ကိုယ်ပိုင်ကျောင်းများ၊ စာကျက်ဝိုင်းများအနေဖြင့် ထိုကိစ္စမျိုးကို အထူးဂရုစိုက်ရန် လိုအပ်သည်ဟု အခြေခံပညာအထက်တန်းပြကျောင်းဆရာတစ်ဦးက သုံးသပ်သည်။

(၁၃) နှစ် (၁၄) နှစ်အရွယ်ကဲ့သို့သော ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်များသည် ကိုယ်ခန္ဓာတွင်း အင်္ဂါအစိတ်အပိုင်းများမပြည့်စုံသေးဘဲ ဟော်မုန်းဓာတ်များ ဖွံ့ဖြိုးရန်လိုအပ်နေသေးသည့်အတွက် ကိုယ်ဝန်ဆောင်ကာ ကလေးမွေးဖွားပါက အန္တရာယ်ရှိနိုင်သဖြင့် ကလေးရော မိခင်ကိုပါ အထူးဂရုစိုက်ရန် လိုအပ်ကြောင်းပုဂ္ဂလိကဆေးရုံတစ်ရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာအေးအေးသန့်ကပြောသည်။

အသက် (၁၃) နှစ် (၁၄) နှစ်အရွယ်နှင့် ကိုယ်ဝန်ဆောင်လျှင် မွေးဖွားလာသည့် ရင်သွေးငယ်များမှာ ကိုယ်အလေးချိန် မပြည့်မီခြင်း၊ အသိဉာဏ်ဖွံ့ဖြိုးမှုအားနည်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းခြင်းများ ကြုံတွေ့ခံစားရနိုင်ကြောင်း ဒေါက်တာအေးအေးသန့်က ပြောသည်။

‘‘အခုနောက်ပိုင်း အမျိုးသမီးလေးတွေ ဓမ္မတာသွေးပေါ်တာ စောတယ်။ (၁၀)နှစ်၊ (၁၁)နှစ်လောက်ဆို အပျိုဖော်စ၀င်တတ်တယ်။ ဒီအရွယ်တွေဟာ မိခင်ဖြစ်ဖို့ လိုအပ်နေသေးတယ်။ သူ့ဟာသူ ဓမ္မတာမလာတာလည်းဖြစ်နိုင်သလို ကိုယ်ဝန်ရှိတာကြောင့် မ လာနိုင်တာကြောင့်မို့ ဆီးစစ်တာတို့၊ အာထရာဆောင်းရိုက်တာတို့ လုပ်ကြည့်မှ အဖြေမှန်သိရမယ်’’ ဟု ဒေါက်တာအေးအေးသန့်က ပြောသည်။

အပျိုဖော်ဝင်စ မိန်းကလေးများသည် ဓမ္မတာသွေးပေါ်သည်နှင့် ဆန့်ကျင်ဘက်လိင် (သို့မဟုတ်) အမျိုးသားများနှင့် လိင်ဆက်ဆံမိပါက ကိုယ်ဝန်ရှိနိုင်သည်ကိုပင် အများစုက သိရှိနားလည်ထားခြင်းမရှိပေ။ ထို့ကြောင့် မိဘများအနေဖြင့် သားဖြစ်သူကို ဖခင်ကဖြစ်စေ၊ သမီးဖြစ်သူကို မိခင်ကဖြစ်စေ လိင်မှုဆိုင်ရာ ပညာပေးခြင်းနှင့် သိသင့်သိထိုက်သည်များကို ပွင့်ပွင့်လင်းလင်းပြောပြထားသင့်သည်။ မြန်မာ့လူမှုအသိုင်းအ၀ိုင်းတွင် လိင်ပိုင်းဆိုင်ရာကိစ္စများနှင့် ပတ်သက်လျှင် မပြောသင့်မပြောအပ်သည့် ကိစ္စတစ်ခုဟု ထင်မှတ်ထားကြပြီး အရှက်အကြောက်ကြီးခြင်းကလည်း လူငယ်များကို အချိန်မတိုင်မီ လမ်းမှားရောက်စေနိုင်သည့် ဖြစ်ရပ်များထဲမှတစ်ခုဖြစ်သည်။

ခေတ်ကာလရေစီးကြောင်း ပြောင်းလဲလာမှုနှင့်အတူ သမီးမိန်းကလေးများ အသက်မပြည့်မီ ကိုယ်ဝန်ဆောင်ခြင်းများ မဖြစ်ပွားစေရန် မိဘနှင့်ဆရာများက သတိပြုဂရုစိုက်ရန် လိုအပ်သည့်အပြင် သက်ဆိုင်ရာကျန်းမာရေးဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများက အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးစေလိုကြောင်း န၀မတန်းကျောင်းသူတစ်ဦး၏ဖခင် ဦးအောင်ကျော်စိုးမိုးက သုံးသပ်သည်။

‘‘အခုခေတ်မှာက ဖုန်းတစ်လုံးလောက်ရှိရင်ပဲ အွန်လိုင်းမှာ ညစ်ညမ်းစာတွေ၊ ဗီဒီယိုဖိုင်တွေ ကြည့်နိုင်နေပြီ။ အွန်လိုင်းသုံးစွဲမှုကလည်း ဂရုစိုက်ရမယ့်အထဲမှာ ပါတယ်။ ကိုယ်ပိုင်ကျောင်းတို့၊ ဘော်ဒါတို့မှာ ဖြစ်တာကတော့ အဲဒီက စည်းကမ်းပိုင်းနဲ့ ဂရုစိုက်မှု အားနည်းတာကြောင့်ပါ’’ ဟု ဦးအောင်ကျော်စိုးကပြောသည်။

ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျောင်းကျန်းမာရေးနှင့် အသိပညာပေးလုပ်ငန်းစဉ်ကိုးရပ် ချမှတ်ဆောင်ရွက်နေကြောင်း ပြည်ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ဆိုသည်။

‘‘ကျန်းမာရေးအပြုအမူ အကျင့်စရိုက်တွေ လက်ခံကျင့်သုံးတတ်လာဖို့ တစ်သက်တာ ကျွမ်းကျင်ရာ(Lifeskill Education)ဘာသာရပ်အဖြစ် ဖြည့်စွက်သင်ကြားပေးနေတယ်။ အခြေခံပညာဆရာ၊ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေပူးပေါင်းပြီး သင်တန်းပို့ချပေး တာမျိုးတွေ လုပ်ထားတယ်။ အဲဒီမှာ ကျောင်းသူလေးတွေရဲ့ အမျိုးသမီးသဘာဝပညာပေးတာတွေ ပါတယ်။ အပျိုဖော်ဝင်ခါစအရွယ်အကြောင်း၊ ကူးစက်ရောဂါတွေအကြောင်း စတာတွေပါတယ်။ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာမျိုး ဖြစ်ခဲ့ရင် အဲဒီကျောင်းသူရဲ့ ကျန်းမာရေးအတွက် နှစ်သိမ့်ဆွေးနွေးပညာပေးရမယ်။ နောက်နောင် တခြားကျောင်းသူတွေ ဒါမျိုးမဖြစ်အောင် အစိုးရကျောင်းတွေတင်မကဘဲ ပုဂ္ဂလိကကျောင်းတွေမှာပါ အသိပညာပေးခြင်းကို ထိထိရောက်ရောက် လုပ်နိုင်ဖို့လိုလာပါပြီ’’ ဟု ပြည်ခရိုင်ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာအေးအေးမိုးက ပြောသည်။

သို့သော် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် ဘ၀တစ်သက်တာ ကျွမ်းကျင်ရာဘာသာရပ်တွင် အပျိုဖော်ဝင်ခါစမိန်းကလေးများ ပြုမူနေထိုင်ရန် ကျန်းမာရေးအသိပညာပေးမှုများပါဝင်သော်လည်း လိင်မှုဆိုင်ရာပညာပေးသည့် ဘာသာရပ်အနေဖြင့် သီးခြားသင်ကြားမှု မရှိသေးကြောင်း အခြေခံပညာအလယ်တန်း ကျောင်းအုပ်ဆရာမကြီးတစ်ဦးကပြောသည်။

‘‘အခြေခံပညာအလယ်တန်းအဆင့်လောက်က စလို့ပေါ့။ ကျောင်းတစ်ကျောင်းမှာ ဆရာ၊ဆရာမတစ်ဦးစီလောက်ကို သင်တန်းပေးပြီး လိင်မှုဆိုင်ရာဘာသာရပ်အနေနဲ့ ပညာပေးနိုင်ရင်ကောင်းမယ်။ ကျောင်းသူတွေသာမက ကျောင်းသားတွေကိုပါ ပညာပေးဖို့လိုပါတယ်။ ဘ၀တစ်သက်တာ ကျွမ်းကျင်ရာအချိန်၊ ကာယအားကစားအချိန်၊ ရသအချိန်တို့လို တစ်ပတ်မှာ ၄၅ မိနစ် အချိန်တစ်ချိန်လောက် ထည့်သွင်းသင်ကြားနိုင်မယ်ဆိုရင် ကလေးတွေပိုပြီး အသိဉာဏ်ရှိလာနိုင်မယ်လို့ထင်တယ်။ အစိုးရကျောင်းတွေ တင်မက အလယ်တန်းသင်တဲ့ ဘုန်းကြီးကျောင်းပညာရေးတွေ၊ ကိုယ်ပိုင်ကျောင်းတွေ အပါအ၀င် ဆောင်ရွက်နိုင်ရင် ပိုကောင်းပါတယ်’’ဟု အခြေခံပညာအလယ်တန်း ကျောင်းအုပ်ဆရာမကြီးက ဆိုသည်။

‘‘ကလေးငယ်တွေဟာ ကျန်းမာရေးဗဟုသုတမရှိလို့ ကိုယ်ဝန်ရတဲ့အဆင့်တောင် ရောက်သွားပြီ။ အဲဒါနဲ့တင်မပြီးသေးဘူး။ အကာအကွယ်မရှိဘဲ လိင်ဆက်ဆံမှုကြောင့် အခြားကူးစက်နိုင်တဲ့ရောဂါတွေလည်းရှိတယ်။ အိတ်ခ်ျအိုင်ဗီ၊ ဘီပိုး၊ စီပိုး၊ ကာလသားရောဂါစတဲ့ ရောဂါပိုးတွေလည်း ကူးစက်စေနိုင်တာကြောင့် ဘယ်အရွယ်ပဲဖြစ်ဖြစ် ကျန်းမာရေးစစ်ဆေးရခြင်းမရှိဘဲ အကာအကွယ်မဲ့အတူနေကြခြင်းဟာ ဆင်ခြင်ရမှာပါ’’ ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက အကြံပြုသည်။

မြန်မာနိုင်ငံ၏ ဥပဒေတွင် အသက်(၁၃) နှစ်အရွယ်နှင့် ကိုယ်ဝန်ဆောင်ရန် ဖြစ်လာပါက လက်ထပ်ပေးလျှင် နှစ်ဖက်မိဘများအနေဖြင့် ဥပဒေအရ အရေးယူခံရနိုင်ဖွယ်ရှိကြောင်း တရားလွှတ်တော် ရှေ့နေဟောင်း ဦးမြင့်အေးကပြောသည်။

‘‘ကလေးအချင်းချင်း လွန်ကျူးမိတာကို အရေးယူလို့ရတာမျိုး ဒီနိုင်ငံဥပဒေမှာ ပြဋ္ဌာန်းမထားဘူး။ ကလေးသူငယ်ဥပဒေတွေလည်း မရှိဘူး။ ကလေးချင်း ဖြစ်တာကြောင့် နှစ်ဖက်စလုံး နစ်နာမှုတော့ရှိတာပဲ။ လက်ထပ်ပေးလိုက်ရင်လည်း နှစ်ဖက်မိဘတွေက အသက်(၁၆)နှစ်မပြည့်ဘဲ လက်ထပ်ပေးတာကြောင့် ဥပဒေနဲ့ ငြိစွန်းတယ်။ အဲဒီတော့ ကတိက၀တ်ထားလိုက်ပါ။ ကလေးနဲ့မိခင်ကို ကျန်းမာအောင် စောင့်ရှောက်ပြီး အသက်ပြည့်တဲ့အခါ လက်ထပ်ပေးလိုက်ပေါ့’’ဟု ဦးမြင့်အေးက ပြောသည်။

 အမေရိကန်ပြည်ထောင်စုတွင်မူ အသက်(၁၈)နှစ်မပြည့်မီ ကိုယ်ဝန်ဆောင်ရပါက အုပ်ထိန်းသူကို နိုင်ငံအနေဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်အပြစ်ပေးခြင်းဖြင့် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းများ မရှိရလေအောင် ကြိုတင်ကာကွယ်ထားသည်။

မြန်မာနိုင်ငံတွင်မူ အင်္ဂလိပ်အုပ်ချုပ်ခဲ့စဉ်လက်ထက်ကတည်းက ဥပဒေကိုသာ ဆက်လက်သုံးစွဲနေခြင်းဖြစ်သောကြောင့် အသက်(၁၆)နှစ်မပြည့်မီ ကိုယ်ဝန်ဆောင်သော်လည်း အရေးယူသည့် ဥပဒေမရှိကြောင်း၊ သို့သော်လည်း အသက်(၁၆)နှစ်မပြည့်မီ လက်ထပ်ထိမ်းမြားခြင်းပြုပါက မိဘအုပ်ထိန်းသူများကို ဥပဒေအရ အရေးယူနိုင်သည့် ဥပဒေကိုသာ ပြဋ္ဌာန်းထားကြောင်း ရှေ့နေဦးမြင့် အေးကပြောသည်။

ယခင်က အသက်(၁၃)နှစ်နှင့် ကိုယ်ဝန်ဆောင်ရသည့် ဖြစ်ရပ်မျိုး မကြုံခဲ့ဖူးသော်လည်း ယခုအခါ တွေ့ရ၊ ကြားလာရသဖြင့် ယင်းကိစ္စနှင့် ပတ်သက်၍ ဥပဒေတစ်ရပ် ပြဋ္ဌာန်းကာ အကာအကွယ်ပေးသင့်ကြောင်းလည်း ဦးမြင့်အေးက ဆိုသည်။

လူ့လောကအကြောင်း မသိသေးမီကပင် မှောက်မှားကျူးလွန်မိသောကြောင့် အရွယ်မတိုင်မီမှာပင် ကိုယ်ဝန်ဆောင်ရန်ဖြစ်လာပြီး အချို့ဆိုလျှင် တိတ်တဆိတ်ဖြေရှင်းလိုက်ကြသည်များကြောင့် လူမသိသူမသိ အသက်ပေးသွားရသူများ မြန်မာနိုင်ငံ၏ မြို့များနှင့် တောရွာများတွင်ရှိနေပေပြီ။

သက်ဆိုင်သူ မိဘများအနေနှင့်လည်း သားသမီးများကိုအရွယ်မရောက်မီ သွန်သင်ဆုံးမထားရန် လိုအပ်သကဲ့သို့ လေ့လာသင်ယူမှုများနှင့် ပညာသင်ယူမှုများ အများဆုံးပြုလုပ်နိုင်သည့် ကျောင်းစာသင်ကျောင်းများတွင်ပါ လိင်ကိစ္စနှင့် ပတ်သက်သော ပညာပေးမှုများ ပြုလုပ်သင့်ကြောင်း မိဘများနှင့် လူငယ်အရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြပြောဆိုကြသည်။

No comments: