Wednesday, June 29, 2016

ထိုင်းနိုင်ငံရောက် ညီမလေးသို့... ======================


ညီမလေးရေ..
ထောင်ဒဏ် ၅ နှစ်နဲ့ ဘတ်ငွေ တစ်သိန်းထိ ဒဏ်ငွေချလို့ရတဲ့ ဥပဒေနဲ့အရေးယူမယ်ဆိုတဲ့ သတင်းတွေ ကြားလို့ စိတ်ပူပြီး စာရေးလိုက်တယ်။ မိုးထဲရေထဲမှာ မျက်ရည်လည်ရွှဲဖြစ်ခဲ့တဲ့ ငါ့ညီမတစ်ယောက် ဒီစာကို တစ်ယောက် ယောက်ဆီက တစ်ဆင့် ဖတ်ရပါစေလို့လဲ ဆုတောင်းပါတယ်ဟာ။
ထိုင်းဝက်ဆိုက်တစ်ခုထဲက ဆောင်းပါးမှာ မြန်မာတွေက ထိုင်းလူမျိုးတွေရဲ့အလုပ်တွေကို လုလုပ်နေတယ် ဆိုတဲ့ အကြောင်း ရေးထားတယ်။ အလုပ်သမားကတ်ရှိတဲ့မြန်မာတွေ လုပ်လို့ရတာက အလုပ်ကြမ်း ၂၄ မျိုးနဲ့ အိမ်ဖော် အလုပ်ပဲ ရှိတယ်တဲ့။ အရောင်းဝန်ထမ်းတို့၊ ကိုယ်ပိုင်ဆိုင်လေးတွေတို့ လုံးဝလုပ်ခွင့်မရှိဘူးတဲ့။ အဲလိုလုပ်တာ တွေ့ရင် တိုင်ကြားကြဖို့နဲ့ ပုဒ်မ(၅၄)အရ ထောင် ၅ နှစ်နဲ့ ဒဏ်ငွေ ၂ သောင်းကနေ ၁ သိန်းအထိ ချပြီး အရေးယူခံရမယ် ဆိုတဲ့အကြောင်း ထိုင်းတွေက လှုံ့ဆော်ကုန်ကြပြီ။
ညီမလေးရေ..
သမိုင်းမှာထိုင်းကိုအနိုင်ယူခဲ့တာတွေနဲ့ အရင်လူတွေမကောင်းလို့ ထိုင်းမှာအလုပ်သွားလုပ်နေရတယ်ဆိုတဲ့ စကားတွေကို အငြင်းအခုံမလုပ်ချင်ဘူး။ လက်တွေ့ပစ္စုပ္ပန်မှာ ဘာလုပ်သင့်တယ်၊ ဘာလုပ်ရမယ်ဆိုတာကိုပဲ အစ်ကို ပြောချင်တယ်။ ဘယ်လိုအကြောင်းတွေဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိမှာကိုယ်က သူများနိုင်ငံမှာ အလုပ်သွား လုပ်နေတဲ့ အလုပ်သမား၊ ဘယ်အစိုးရ တက်တက် အလုပ်သမားဟာ အလုပ်သမားပဲ ညီမလေးရ။
အတိုင်ပင်ခံကြီး ညီမလေးတို့ကိုပြောခဲ့သလိုပဲ ပြန်ပြောရမယ်ဆိုရင် ဧည့်သည့်က ဧည့်သည်လိုနေပေါ့ဟာ။
အဲလိုမှ မနေနိုင်ဘဲ လုပ်ချင်ရာဇွတ်လုပ်လို့ ထိုင်းရဲကဖမ်းပြီး ထောင်ကျရင် အရင်ဆုံး ကိုယ်က အထဲအရင်ရောက်မှာကိုတော့ စဉ်းစားပေါ့။
အတိုင်ပင်ခံကြီး ငါ့ညီမတို့ကို လာတွေ့တဲ့နေ့မှာ အလုပ်ရှင်ကိုခွင့်မတောင်းဘဲသွားတဲ့ အလုပ်သမားတွေအကုန် အလုပ်ထုတ်ခံရတယ်။ တစ်ရက်ထဲမှာပဲ မြန်မာရာကျော် ထပ်အဖမ်းခံရတယ်။ အခု ပုဒ်မ(၅၄) လာပြန်ပြီ။ အရင်ထဲက ရှိပြီး၊သိပြီးသားဆိုလဲ ပိုဂရုစိုက်ရမယ် မဟုတ်လား။
ညီမလေးရေ..
အစိုးရဆိုတာ အာဏာဘယ်အချိန်ထိရမယ်ဆိုတာ မသေချာလို့ တကယ်လုပ်နိုင်တာထက် လေများများ ထည့်ပြောရတယ်။ အစိုးရတစ်ခုက နိုင်ငံတစ်နိုင်ငံရဲ့အစိုးရကို ပိုင်ရင် အဲဒီအစိုးရနိုင်ငံသားက ပုဂံမှာ ဖင်ချွတ်ပြီး ပြေးလို့ရသလို၊ ဟိုတူရကီကြီးလို ဘင်္ဂလီတွေကို သွားဖက်လို့လဲ ရတယ်။ အဲဒီတူရကီကြီး ပြန်သွားလဲ ဘယ်သူမှ ဘင်္ဂလီတွေကို ဖမ်းဟယ်၊ဆီးဟယ် မလုပ်ရဲကြဘူးလေ။ ငါ့ညီမတို့နဲ့ အခြေအနေကတော့ တစ်ခြားစီပဲပေါ့။
ဒါပေမယ့် အရမ်းကြီးတော့ မစိုးရိမ်ပါနဲ့။ မြန်မာအလုပ်သမားတွေ ထောင်ကျတဲ့အခါ ထောင်ဝင်စာ ပုံမှန်သွားတွေ့ဖို့ သံရုံးကလူတွေကို အတိုင်ပင်ခံကြီးက မှာခဲ့ပါသေးတယ်။
အစ်ကိုက ဒီစာကို ညီမလေးအတွက် စိုးရိမ်တကြီးရေးပေမယ့် ညီမလေးဟာ အစ်ကိုပြောသလို အဖမ်းခံရမှာစိုးရိမ်ရတဲ့ အလုပ်သမား မဟုတ်ဘူးဆိုရင်လဲ စိုးရိမ်ရတဲ့ အလုပ်သမားတွေကို ထပ်ပြောပြလိုက်ပါ။
အတိုင်ပင်ခံကြီးပြောသလို ဧည့်သည်ဟာ ဧည့်သည်လိုပဲနေကြပါလို့။
ဦးတိမ်


No comments: