Wednesday, June 29, 2016

ရောဂါလက္ခဏာ အနေနဲ့ကတော့ ဖျားမယ်၊ ချောင်းဆိုးမယ်၊ အသက်ရှူမြန်တာနဲ့ အသက်ရှူ ခက်ခဲတာတွေအပြင် အသက် သေဆုံးနိုင်တယ်” ---------------------------

#Interview-Health



ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းနှင့် တွေ့ဆုံခြင်း
------------------------

ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ထိုးနှံမည့် ပြင်းထန် အဆုတ်ရောင်ရောဂါပိုး ကာကွယ်ဆေးအသစ် ထည့်သွင်း ထိုးနှံခြင်း အစီအစဉ်တွင် ပြည်သူများ သိရှိပါဝင် နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်း၏ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းကို ထိုကာကွယ်ဆေးသစ်နှင့် ပတ်သက်၍ The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။

Voice : ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်တွေနဲ့ ပတ်သက်ပြီး လုပ်ငန်းဆောင်ရွက်ချက်တွေ သိပါရစေ။

Dr.HHL : ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းက လစဉ် ဆောင်ရွက်တယ်။ လတစ်လရဲ့ ပထမပတ်နဲ့ ပထမရက်တွေမှာ ဆောင်ရွက်လေ့ ရှိပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အသက် တစ်နှစ်အောက် ကလေးတွေကို ခန့်မှန်း တွက်ချက်ပြီးတော့ ၁ဝဝ ရာခိုင်နှုန်း လွှမ်းခြုံနိုင်အောင်ပေါ့။ လက်ရှိမှာတော့ ၈၅ နဲ့ ၉ဝ ရာခိုင်နှုန်းအထိပဲ လွှမ်းခြုံနိုင်သေးတယ်။ ကလေးတွေ အားလုံးကို ရောဂါ ကိုးမျိုးကနေ ကာကွယ်ပေးနိုင်ခဲ့တာ။ ဇူလိုင်လက စပြီး ၁ဝ မျိုး ဖြစ်သွားပါပြီ။ ၁ဝ မျိုးထက်မကတဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်မှာပါ။ ရောဂါတွေ အားလုံးကလည်း ကလေးတွေကို သေဆုံး စေနိုင်တယ်။ နာတာရှည် မသန်မစွမ်း ဖြစ်စေနိုင်တယ်။ ကလေးကြီးထွားမှုမှာ အများကြီး အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။

Voice : ဇူလိုင်လမှာ စတင်ထိုးပေးမယ့် ကာကွယ်ဆေး အသစ်နဲ့ပတ်သက်ပြီး လုပ်ဆောင်မယ့် အစီအစဉ်တွေကို ပြောပြပေးပါဦး။

Dr.HHL : ဒီကာကွယ်ဆေးကဆိုရင် ပိုပြီးတော့ အအေးလမ်းကြောင်းစနစ် ဂရုစိုက် ရပါတယ်။ ဇွန်လ ၃ဝ ဆို တစ်နိုင်ငံလုံးမှာရှိတဲ့ သားဖွားဆရာမတွေဆီ ပေးပြီးပြီပေါ့။ ဒါတွေအတွက် တစ်နိုင်ငံလုံးကို သင်တန်း ပေးရပါတယ်။ ကျွန်မတို့နိုင်ငံမှာ ငါးနှစ်အောက် ကလေးတွေ သေဆုံးမှု အများဆုံး ရောဂါနဲ့ အဖြစ်ဆုံး ရောဂါက ဝမ်းပျက်ဝမ်းလျှော ရောဂါနဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါပေါ့။ ဒါပေမဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါက ဖြစ်ပွားမှုနှုန်း များပေမယ့် ဓာတ်ဆားတွေ တိုက်လာတယ်။ မိခင်တွေက ပိုပြီး ဂရုစိုက် တတ်လာတဲ့အခါမှာ သေဆုံးမှုနှုန်းက နည်းသွားတယ်။ အသက်ရှူ လမ်းကြောင်းရောဂါက ပိုပိုပြီးတော့ ဖြစ်ပွားတယ်။ အဲဒီအတွက် ပဋိဇီဝဆေးတွေ လိုတယ်။ ကိုယ့်ဘာသာ အိမ်မှာ ကုလို့လည်း မရဘူး။ ကုန်ကျစရိတ်လည်း ပိုပြီးတော့ များပါတယ်။ အရင်တုန်းကတော့ ဒီကာကွယ်ဆေးကို ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်တွေမှာ ဘာလို့ မထည့်ခဲ့သလဲဆိုတော့ နိုင်ငံရဲ့ ထည့်ဝင်နိုင်မှု ပမာဏနဲ့ ဆောင်ရွက်နိုင်မှု အခြေအနေ၊ ပိုက်ဆံမျှထည့်တဲ့ သူတွေရဲ့ ပေးနိုင်တဲ့ အခြေအနေ၊ အအေးလမ်းကြောင်း ထိန်းတဲ့ပစ္စည်းတွေ ရှိ မရှိ၊ ဒီအပေါ်တွေပေါ်မှာ မူတည်ပြီးတော့ ဒီနှစ်ကျမှ ထိုးနှံနိုင်တာ ဖြစ်ပါတယ်။ စတင်ထိုးနိုင်တဲ့ရက်ကို ရက် ၁ဝဝ စီမံချက်ထဲမှာ ဝင်အောင် လုပ်ခဲ့တာပါ။

Voice : ဒီရောဂါပိုးက လူကြီးတွေမှာရော ဖြစ်ပွားနိုင်ပါသလား။ လူကြီးတွေအတွက်ရော ကာကွယ် ဆေးထိုးပေးဖို့ အစီအစဉ် ရှိပါသလား။

Dr.HHL : အသက် ၆၅ နှစ်အထက် လူကြီးတွေ နမိုးနီးယားနဲ့ သေဆုံးမှု များတယ်။ နောက် နာတာရှည်ဖြစ်တဲ့ သူတွေ (သွေးတိုး၊ ဆီးချို၊ နှလုံး)က တုပ်ကွေးရောဂါ ဖြစ်ပြီးရင် နမိုးနီးယား လွယ်လွယ်နဲ့ ရတတ်တယ်။ အရမ်း သေဆုံးလွယ်တယ်။ ဒါပေမဲ့ သူတို့အတွက် ထိုးပေးတဲ့ အစီအစဉ်တော့ မရှိသေးပါဘူး။ တခြားနိုင်ငံတွေမှာ တွေ့ရတာက ကလေးတွေကို ထိုးလိုက်ခြင်း အားဖြင့် ပိုးရဲ့လှည့်လည် သွားလာနိုင်တဲ့ဟာကတော့ လျော့ကျသွားတဲ့ အခါကျတော့ လူကြီးတွေမှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှု ရှိပြီး ဖြစ်ပွားမှုနှုန်း ကျတယ်ဆိုတဲ့ လေ့လာမှုတွေ ရှိပါတယ်။ ကျွန်မတို့ နိုင်ငံမှာတော့ မလုပ်ရသေးပါဘူး။ လုပ်သွားဖို့တော့ လိုပါတယ်။

Voice : ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် သေဆုံးမှုနှုန်း ဘယ်လောက်အထိ ရှိပါသလဲ။

Dr.HHL : သေဆုံးမှုနှုန်း အများဆုံးက အသက် တစ်နှစ်အောက် ကလေးငယ်တွေမှာ သုံးပုံ နှစ်ပုံလောက် ဖြစ်တယ်။ ငါးနှစ်အောက်ထဲမှာမှ ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ၁၂ ရာခိုင်နှုန်းလောက် သေဆုံး တယ်လို့ ၂ဝ၁၃ စစ်တမ်းတစ်ခုအရ တွေ့ရတယ်ဆိုတော့ တော်တော်လေးကို များတယ်လို့ ဆိုရမယ်။ ၂ဝ၁၂ ခုနှစ်မှာ ငါးမျိုးစပ်ဆေးနဲ့ ပြင်းထန်အဆုတ်ရောင်နဲ့ ဦးနှောက် အမြှေးရောင် ပိုးတစ်မျိုးအတွက် ထိုးပေးပြီးပြီ။ အခုတော့ အဲဒီထက် ဖြစ်ပွားမှုနှုန်း ထပ်များတဲ့ ပြင်းထန်အဆုတ်ရောင် ပိုးအတွက် ထပ်ထိုးမယ်ဆိုတော့ ဖြစ်ပွားမှုနှုန်းရော၊ သေဆုံးမှုနှုန်းရော လျှော့ချနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

Voice : ဒီပိုးကြောင့် ဘယ်လိုရောဂါတွေကို ဖြစ်ပွားနိုင်ပါသလဲ။

Dr.HHL : ဒီရောဂါက Pneumococcus ဆိုတဲ့ ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ ရောဂါလက္ခဏာ အနေနဲ့ကတော့ ဖျားမယ်၊ ချောင်းဆိုးမယ်၊ အသက်ရှူ မြန်တာနဲ့ အသက်ရှူ ခက်ခဲတာတွေအပြင် အသက် သေဆုံးနိုင်တယ်။ နောက်ပြီး တစ်သက်တာ မသန်စွမ်းမှုကို ဖြစ်နိုင်ပါတယ်။ ဒီပိုးကြောင့် ပြင်းထန်အဆုတ်ရောင် ရောဂါ၊ ဦးနှောက်အမြှေးရောင် ရောဂါ၊ သွေးမှာ ဗက်တီးရီးယား အဆိပ်တက်တာတွေ၊ သွေးထဲမှာ ဗက်တီးရီးယားပိုးတွေ ဝင်ရောက် လှည့်ပတ်ပြီးတော့ အခြားနေရာတွေမှာ ကူးစက်ရောဂါတွေနဲ့ နားအလယ်ခန်း ရောင်တာ၊ နှာခေါင်း လေအိတ်ရောင်တာနဲ့ လေပြွန်ရောင်တာတွေလည်း ဖြစ်ပါတယ်။

Voice : ကာကွယ်ဆေးက ဘယ်နှကြိမ် ထိုးရမှာလဲ။ ကာကွယ်ဆေး ထိုးပြီးတဲ့နောက်မှာရော ဘယ်လိုမျိုး လက္ခဏာတွေ ဖြစ်နိုင်ပါသလဲ။

Dr.HHL : ကလေးအသက် နှစ်လ၊ လေးလ၊ ခြောက်လအရွယ်တွေမှာ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပိုလီယို ကာကွယ်ဆေးတွေနဲ့အတူ ဒီပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး အသားဆေးတွေကို ထိုးပေးမှာ ဖြစ်ပါတယ်။ ဆေးထိုးပြီးတဲ့အခါ ထိုးထားတဲ့နေရာမှာ နီမြန်းမယ်၊ နာကျင်မယ်၊ အိပ်ငိုက်မယ်၊ အစာ မစားချင်သလို ဖြစ်မယ်၊ အဖျားတက်တာတွေ ရှိနိုင်ပါတယ်။ ပြင်းထန်တဲ့ ဘေးထွက် ဆိုးကျိုးတော့ မရှိပါဘူး။

Voice : ကာကွယ်ဆေး အသစ်နဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက် ပြောချင်ပါသလဲ။

Dr.HHL : ကာကွယ်ဆေးက အလွန်ပဲ အစွမ်းထက်ပါတယ်။ ပြင်းထန်တဲ့ ဆိုးကျိုးက ထိုးသမျှ ကာကွယ်ဆေးတွေ အားလုံးထဲမှာ သူက ပြင်းထန်တဲ့ဆိုးကျိုး အနည်းဆုံးဖြစ်ပါတယ်။ ကာကွယ်ဆေး ဆိုတာကလည်း ပြင်းထန်တဲ့ဆိုးကျိုး မရှိမှ သန်းနဲ့ချီရင် တစ်ယောက်တောင် မရှိတော့မှ ကျွန်မတို့က ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်မှာ သုံးစွဲလေ့ ရှိပါတယ်။ သုံးစွဲခွင့်လည်း ရပါတယ်။ ကျွန်မတို့က WHO Qualified Vaccine လို့လည်း ခေါ်ပါတယ်။ ဒီလို အရည်အသွေး ပြည့်မီတဲ့ ကာကွယ်ဆေးတွေက ဈေးလည်းကြီးပါတယ်။ လူတွေရဲ့ အခွင့်အရေးပါပဲ။ ကောင်းကျိုးတွေကိုပဲ မျှော်မှန်းပြီး လာထိုးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

(သီတာဆွေ)


No comments: