Thursday, June 30, 2016

အိုင်အက်စ်လက်မှ ဖော်လူဂျာကို သိမ်းပိုက်ပြီးနောက် မိုဆူးလ်သို့ ဆက်လက်ချီတက်ရန် အီရတ်စစ်တပ် ပြင်ဆင်

ဖော်လူဂျာမြို့ကို အောင်မြင်စွာ ပြန်လည် သိမ်းယူနိုင်ပြီးနောက် အီရတ်စစ်တပ်သည် အိုင်အက်စ်တို့ ထိန်းချုပ်ထားသည့် မိုဆူးလ်သို့ ဆက်လက်ချီတက်ရန် စီစဉ်နေကြောင်း သိရသည်။

ဘဂ္ဂဒက်မြို့ အနောက်ပိုင်း၊ အီရတ်နိုင်ငံ အလယ်ပိုင်းရှိ ဖော်လူဂျာသည် အိုင်အက်စ်တို့ စတင်အင်အားကြီးမားလာသည့် ၂၀၁၄ ခုနှစ်ကတည်းက အဆိုပါ နာမည်ဆိုးဖြင့် ကျော်ကြားသူ စစ်သွေးကြွများ လက်အောက်သို့ ကျရောက်နေခဲ့သည်။ အိုင်အက်စ်တို့သည် နိုင်ငံမြောက်ပိုင်းရှိ အီရတ်၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်သော မိုဆူးလ်ကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ် အတွင်းတွင် အီရတ်စစ်တပ်နှင့် မဟာမိတ် လက်နက်ကိုင်အဖွဲ့များက ဖော်လူဂျာကို အောင်မြင်စွာ တိုက်စစ်ဆင် သိမ်းယူနိုင်ခဲ့ပြီးနောက် မိုဆူးလ်သည် ဒုတိယ ပစ်မှတ် ဖြစ်လာမည်ဟု အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အေဘာဒီက ကြွေးကြော်ခဲ့သည်။ သို့သော် မိုဆူးလ်ကို တိုက်ခိုက်ရန်မှာ အီရတ်စစ်တပ်အတွက် ကြီးမားသည့် စိန်ခေါ်မှု တစ်ခုအဖြစ်လည်း ရှိနေသည်။
မိုဆူးလ်သည် ဖော်လူဂျာထက် ၁၀ ဆမျှ ပိုကျယ်ပြီး လူဦးရေကလည်း ၁၀ ဆမျှ ပိုများသည်။ တစ်ဖက်တွင် မိုဆူးလ်ကိုသာ သိမ်းယူနိုင်ခဲ့ပါက အိုင်အက်စ်တို့ကို အီရတ်မြေပေါ်မှ အပြီးတိုင် တွန်းလှန် တိုက်ထုတ်နိုင်ရန် သေချာသလောက် ရှိလာမည် ဖြစ်သည်။
အီရတ်စစ်ဦးစီးများက မိုဆူးလ်မြို့သိမ်း တိုက်ပွဲသည် ပိုမိုခက်ထန် ကြမ်းတမ်းနိုင်ကြောင်း ဝန်ခံထားပြီး လူ့အခွင့်အရေး အဖွဲ့များကလည်း မြို့နေလူထု အထိအခိုက် များမည်ကို စိုးရိမ်နေသည်။ ဖော်လူဂျာ မြို့သိမ်းတိုက်ပွဲတွင် လေကြောင်းပစ်ကူ ပေးခဲ့သည့် အမေရိကန်က မြို့ကို သိမ်းယူပြီးချိန်တွင် ဝန်ကြီးချုပ် အေဘာဒီထံ ဆက်သွယ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
“အထူးသဖြင့် အေဘာဒီဟာ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နိုင်ဖို့အတွက် လုံခြုံတဲ့ လမ်းကြောင်းတစ်ခု ဖန်တီးပေးနိုင်ခဲ့တာ ချီးကျူးရပါမယ်။ အီရတ်အစိုးရတပ်တွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အတတ်နိုင်ဆုံး သတိထား ကိုင်တွယ်နေတယ်ဆိုတာ ဒီအချက်က သက်သေပြနေပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မာ့ခ်တွန်နာက မှတ်ချက်ပေးခဲ့သည်။
အမေရိကန်သည် ပြီးခဲ့သည့် ၆ လအတွင်း ဒေသခံ တိုက်ခိုက်ရေး အင်အားစုများနှင့် ပူးပေါင်းကာ မိုဆူးလ်ရှိ အိုင်အက်စ် တပ်ဖွဲ့များ၏ ရိက္ခလာမ်းကြောင်းများကို ဖြတ်တောက်ရန် ကြိုးစားနေခဲ့သည်။ အထူးသဖြင့် ဆီးရီးယားဘက်ရှိ အိုင်အက်စ် တပ်များက မိုဆူးလ်သို့ ရိက္ခာထောက်ပံ့နိုင်ခြင်း မရှိစေရန် လေကြောင်းမှ တိုက်ခိုက်နေကြောင်း သိရှိရသည်။
Ref: VOA

No comments: