Wednesday, June 29, 2016

နိဗ္မာန်ယာဉ်လိုင်စင်တပ် မော်တော်ယာဉ်ဖြင့် တရားမ၀င် သစ်ခွဲသား သယ်ဆောင်လေ့ရှိသူတစ်ဦးအား တတိယအကြိမ်မြောက် ဖမ်းဆီးအရေးယူ


 


မြို့သစ် ဇွန် ( ၂၈ )

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိဗ္မာန်ယာဉ် လိုင်စင်တပ် မော်တော်ယာဉ်ဖြင့် တရားမ၀င်သစ်ခွဲသားသယ်ဆောင်လေ့ရှိသူတစ်ဦးအား ဖမ်းဆီးအရေးယူဆောင်ရွက်မှုတစ်ခု ဇွန်လ (၂၇) ရက် ည(၁၁) နာရီ (၅၀)မိနစ် အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ မြို့သစ်မြို့နယ်၊ မန်ကျည်းကုန်းကြီးကျေးရွာအုပ်စု၊ ရွှေပန်းပင်ကျေးရွာအနီး တောင်တွင်းကြီး - မြို့သစ် - နတ်မောက် ကားလမ်း မိုင်တိုင်အမှတ် ( ၂၁ / ၆ - ၇ ) ကြားတွင် မြို့နယ်သစ်တောဦးစီးမှူး ဦးချစ်လွင် နှင့်ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်တွင်းကြီးမြို့နယ်မှ မြို့သစ်မြို့နယ်ဘက်သို့ ယာဉ်မောင်း ကိုရဲနိုင် (သ) ၄၀ နှစ် (ဘ) ဦးဘိုလှ၊ မြို့မကွက်သစ်ရပ်၊ နတ်မောက်မြို့နေသူ မောင်းနှင်လာသည့် ( HSE / 2460 ) စူပါကာစတန် ခဲရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းတွင် ထိုင်ခုံများဖြုတ်၍ တင်ဆောင်လာသည့် တရားမ၀င် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ (၈၆) ချောင်း၊ သုညဒသမ (၅၄၆၂) တန်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၁၆၀၀၀၀ိ/) ခန့်အားဖမ်းဆီးရမိခဲ့ပြီး အဆိုပါ တရားမ၀င် ကျွန်းသစ်ခွဲသားများအား ယနေ့ ဇွန် (၂၈) ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်၌ မြို့သစ် မြို့နယ်သစ်တောဦးစီးဌာနရုံးတွင် စစ်ဆေးတိုင်းတာသိမ်းဆည်းထားရှိကာ သစ်တော အက်ဥပဒေပုဒ်မ ၊ ၄၃ ( က ) ဖြင့် အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိကြောင်း သိရသည် ။


အဆိုပါ ကိုရဲနိုင်သည် ၂၀၁၅ ခုနှစ် ၊ မေလ (၁၃) ရက်နေ့ နံနက် (၆) နာရီအချိန်ခန့်ကလည်း မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာအုပ်စု၊ ဆတ်သွားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးမှူး ဦးတင်ထွဏ်း နှင့်ပူးပေါင်းအဖွဲ့မှ ယာဉ်အမှတ် ( HSE / 3793 ) Honda Oddyssey အဖြူရောင် ( ကန်ဖျားတောင်ကျောင်း၊လူမှုကူညီရေးအသင်း ) အမည်တပ်ဆင်ထားသည့် ယာဉ်အား ရပ်တန့်စစ်ဆေးရာ ကြည်ဖြူစွာစစ်ဆေးခြင်းမခံပဲ မော်တော်ယာဉ်မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးစစ်ဆေးရာ ယာဉ်နောက်ခန်းတွင် ထိုင်ခုံများဖြုတ်၍ တင်ဆောင်လာသော တရားမ၀င် ကျွန်းဓါးရွှေ(၇)တုံး၊ သုညဒသမ ( ၇၄၂၂ )တန် ၊ ခန့်မှန်းတန်ဖိုးငွေကျပ်( ၁၈၅၀၀၀ိ )ခန့် တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့သောကြောင့်သစ်တောအက်ဥပဒေပုဒ်မ၊ ၄၃(က)ဖြင့် ပထမအကြိမ် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်းသိရသည် ။


ထို့အပြင် အဆိုပါ ကိုရဲနိုင်သည် ၂၀၁၅ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ နံနက် (၇) နာရီခွဲအချိန်ခန့်ကလည်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးတင်ထွဏ်း နှင့်အဖွဲ့မှ မြို့အတွင်းပိတ်ဆို့ရှာဖွေရာ တောင်တွင်းကြီးမြို့၊ တောင်ပြင်(၁)ရပ်ကွက်၊ နှင်းဆီလမ်းထိပ်၊ ဘုရားကျောင်းအနီး၌ ယာဉ်မောင်း ဦးရဲနိုင် မောင်းနှင်လာသည့် ( ကန်ဖျားတောင်ကျောင်း၊လူမှုကူညီရေးအသင်း ) အမည်တပ်ဆင်ထားသည့် ယာဉ်အမှတ်၊HSE.3793 ၊ Honda Oddyssey ယာဉ်ပေါ်တွင် တရားမ၀င် ကျွန်းသစ်(၁)တုံး၊ ကျွန်းဓါးရွှေ(၃)ချောင်း၊ သုညဒသမ
( ၆၄၆၇ )တန်အားတွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သစ်တောဥပဒေပုဒ်မ၊ ၄၃(က)ဖြင့်အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ရကြောင်း နှင့် ယခု ဖမ်းဆီးရမိသည့် အကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ HSE/----- ( နိဗ္မာန်ယာဉ် လိုင်စင်တပ်ဆင်ထား )မော်တော်ယာဉ်များဖြင့် တောင်တွင်းကြီးမြို့နယ်မှ အခြားမြို့နယ်ဘက်သို့ သစ်ခွဲသားနှင့် သစ်ဘားတုံးသယ်ဆောင်မှုများ မကြာခဏ လုပ်ဆောင်လေ့ရှိပြီး အဆိုပါ မော်တော်ယာဉ်များကို လူပုဂ္ဂိုလ်အချို့နှင့် သံဃာတော်အချို့တို့မှ မောင်းနှင်လေ့ရှိရာ တာဝန်ရှိသူအချို့မှ စစ်ဆေးတွေ့ရှိချိန်တွင် တရားမ၀င် သစ်ဘားတုံးများတင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြသော်လည်း ( HSE/---- ) မော်တော်ယာဉ်များကို အခြားနည်းဖြင့် အသုံးပြုနေမှုများအား သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မှု အင်မတန် အားနည်းပါးခဲ့သည့်အတွက် ယခုကဲ့သို့သော မကြာခဏကျူးလွန်နေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့မှ သုံးသပ်ပြောကြားခဲ့သည် ။

HSE/---- ယာဉ်လိုင်စင် အမျိုးအစားသည် ယာဉ်နောက်ခန်းအရှည် (၉)ပေရှိရမည်ဖြစ်ပြီး ဘေးနှစ်ဘက်တွင် စတေကာမဟုတ်သော ဆေးဖြင့် နိဗ္မာန်ယာဉ်ဟု မြင်သာစွာ ရေးထားရမည်ဖြစ်ကြောင်း၊ ဘေးဆွဲတံခါးမဟုတ်ပဲ နောက်ဖွင့်တံခါးဖြစ်ရန်လိုအပ်ကြောင်း၊ လူသေအလောင်း ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အလောင်းတင်သည့် သတ်မှတ်ထားသော လူသေအလောင်းတင်သည့်စင် ပါဝင်နေရမည်ဖြစ်ကြောင်း၊ သို့မှသာ HSE/---- လိုင်စင်နံပါတ် ( Hearse .= လူသေတင်ယာဉ် / နိဗ္မာန်ယာဉ် ) မှတ်ပုံတင်ကို သက်ဆိုင်ရာမှ ခွင့်ပြုချထားပေးသည်ဟု လေ့လာသိရှိရသည် ။

ဗိုလ်ပြည့် ( တောင်တွင်းကြီး )

No comments: