မြန်မာနိုင်ငံတွင် မိုဘိုင်း ဆက်သွယ်ရေးကြောင့် စမတ်ဖုန်း များတွင် ကျယ်စွာအသုံးပြုလာ ကြပြီး နေ့စဉ်ဘဝ အချိန်ကာလ အချို့ကို စမတ်ဖုန်းဖြင့် ဖြုန်းတီး လာကြသည်။ အချို့က ဗဟုသုတနှင့် ပညာရှာမှီးရန် အသုံးပြုကြသော်လည်း အချို့မှာ ဂိမ်းကွန်ရက်တွင် နစ်မျောနေကြ၏။ သူငယ်ချင်းအချင်းချင်း လက်ဖက်ရည် ဆိုင် မျက်နှာချင်းဆိုင်ထိုင်နေ သော်လည်း စကားမပြောနိုင် ဂိမ်းဆော့သူကဆော့၊ ဖေ့စ်ဘွတ်ခ် ကြည့်သူကကြည့်နှင့်။ စကားပြောပြန်တော့လည်း ဖေ့စ်ဘွတ်ခ်ထဲက အကြောင်းအရာများသာ။ မိမိတို့၏ မိသားစုအကြောင်းအရာ များနှင့် ပညာ၊ အခွင့်အလမ်းများ သို့ မရောက်တော့ချေ။
မကြာမီကပင် ပုဂ္ဂလိက သတင်းစာတစ်စောင်၌ သီဟ (စခန်းသစ်)၏ ကာတွန်းလက်ရာ ကိုဖတ်ရင်း ပြုံးရသေးသည်။ ဆေးရုံခုတင်ပေါ်၌ လူနာက ပက်လက်၊ ဘေးမှ စားပွဲခုံပေါ်တွင် စမတ်ဖုန်း ကိုတင်ကာ ဘက်ထရီအားသွင်း ထား၏။
လူနာက သူနာပြုဆရာမ ကို ပြောသော စကားမှာ ‘‘ခုတင် ပြောင်းလို့ရမလားဆရာမ ဒီနား က လိုင်းမမိလို့ပါ’’ဟူ၏။ ကာတွန်းဆရာများ သရော်ချင်စရာဖြစ်နေ ကြသည်။ လူတွင်ဖြစ်သော ရောဂါကို ဆရာဝန်ကကုသပေးနိုင်ကောင်းသော်လည်း ဖုန်းပွတ်သည့်ရောဂါကိုမူ ကုသရန်ခက်ခဲနေဦးမည်ဖြစ်၏။
ယခုစာသင်ခန်းထဲတွင် ဖုန်း ပွတ်နေသော ဆရာမကဲ့သို့ပင် အ လုပ်ခွင်အတွင်း အလုပ်နှင့်မဆိုင် သော ကိစ္စဖြင့် ဖုန်းပွတ်နေသော ဝန်ထမ်းများ များစွာရှိနေသည်။ လုပ်ငန်းခွင်အတွင်း အာရုံစူးစိုက် မှု မည်မျှရှိသည်ကို သူတို့၏ မိတ် ဆွေများက ဒေတာအချက်ပြမီး စိမ်းနေသည်ကြည့်ခြင်းအားဖြင့် သိရှိနိုင်မည်ဖြစ်သည်။ အလုပ်ခွင် အတွင်း အာရုံစူးစိုက်မှုအားနည်း ခြင်းသည် လုပ်ငန်းခွင်ထိခိုက်ရုံ သာမက မိမိနှင့်ပတ်သက်သော လူ့အဖွဲ့အစည်း၊ ထိုလူ့အဖွဲ့အ စည်းပေါင်းများစွာဖြင့် စုစည်း ထားသော တိုင်းပြည်အကျိုးစီးပွားအထိပါ နစ်နာစေသည်။ အနာ ဂတ် ခေါင်းဆောင်များကို မွေး ထုတ်ပေးနေသော စာသင်ခန်းများထဲတွင် တပည့်များအား ကျောင်းသို့ ဖုန်းယူမလာရဟုစည်းကမ်းချက်ထုတ်ပြန်ထားပြီး ဆရာ၊ ဆရာမ ကိုယ်တိုင်က အင်တာနက်ဖွင့်ကာ ဂိမ်းဆော့နေခြင်းသည် ဘယ်လိုမှမဖြစ်သင့်သော ကိစ္စတစ်ရပ်သာဖြစ်၏။
မျိုးဆက်သစ်များကို တိုး တက်ရစ်ဖို့ အစဉ်တစိုက်ဆုံးမသွန် သင်ခဲ့သော ကွယ်လွန်သူစာရေး ဆရာကြီး ဦးအောင်သင်းက ကျောင်းစာသင်ခန်းထဲရောက် နေသော ကလေးများအား စိတ် က ဟိုလွင့်ဒီလွင့် တခြားမှာရောက်နေလျှင် လူကကျောင်းမပြေး သော်လည်း စိတ်က ကျောင်းပြေး နေသဖြင့် ပညာရမည်မဟုတ် ကြောင်း ဆုံးမခဲ့ဖူးသည်။ ‘‘မင်းတို့ ဒီနေ့ခေတ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ အကြီးဆုံးသော ချို့ ယွင်းချက်ကြီးကို ထောက်ပြချင် တယ်။ မင်းတို့တစ်တွေက စာသင်ခန်းထဲမှာ ဆရာ၊ ဆရာမသင်ပြ တာတွေကို ဂရုမစိုက်ချင်ဘူး။ ကျူရှင်တွေ၊ မှတ်စုစာအုပ်တွေကို အားကိုးလွန်းကြတယ်။ အဲဒီလို စာအုပ်စာတမ်းတွေကို အလွတ် ကျက်လိုက်ကြမယ်ဆိုတဲ့ စိတ်မျိုး တွေထားတတ်ကြတယ်။ အဲဒါ ဟာ မင်းတို့ရဲ့ အသိပညာအ တွက်၊ မင်းတို့ရဲ့ ကိုယ်ပိုင်ဉာဏ် အတွက် အလွန်ကို ကြီးမားတဲ့ အန္တရာယ်ကြီးတွေ ဖြစ်တယ်ဆို တာ နိုးနိုးကြားကြား သတိပြုကြ ပါလို့ အလေးအနက်သတိပေး လိုက်ချင်ပါတယ်’’ဟု ဆရာကြီး က ဆိုခဲ့သည်။
ယခု ကျောင်းစာသင်ခန်းထဲ တွင် တပည့်များကို မြေပုံဆွဲမပြ ဘဲ ပုံနှိပ်စာအုပ်ကြည့်ကာ ဆွဲစေ ပြီး ဂိမ်းဆော့နေသည့် ဆရာမ အား ဆရာကြီး၏ ပြောစကားအရ ဆိုရလျှင် လူက ကျောင်းမပြေး သော်လည်း စိတ်ကကျောင်းပြေး နေသည်လားဟု မေးခွန်းထုတ်ရ မလိုဖြစ်နေသည်။ မြန်မာနိုင်ငံ တွင် ကျောင်းသားနှင့် ဆရာအချိုး မညီမျှမှုကြောင့် ဆရာများသည် စာသင်ခန်းထဲတွင် ကျောင်းသား ငါးဆယ်၊ ခြောက်ဆယ်ဦးလောက် ကို စာသင်ကြားနေရသည်။ ဖွံ့ဖြိုး ပြီးနိုင်ငံများမှ ဆရာများကတော့ စာသင်ခန်းထဲတွင် စာသင်သား နှစ်ဆယ်၊ အစိတ်ထက် ပိုမထား။ သင်္ချာတွက်နေသော၊ မြေပုံဆွဲနေ သော တပည့်များကို ဆရာက လိုက်လံကြည့်ရှုစစ်ဆေးနိုင်သည်။ ဘယ်နေရာက မှားနေတယ်၊ ဘယ်စာက သတ်ပုံမှားနေတယ် စသည်ဖြင့် ပြင်ဆင်ပေးနိုင်သည်။
မြန်မာနိုင်ငံမှာက စာသင် ခန်းကျဉ်းကျဉ်းထဲတွင် စာသင် သားက အပြည့်ဖြစ်နေ၍ ဆရာ က ရှေ့နောက်လိုက်မကြည့်နိုင်။ ဆရာသင်ကြားချက်ကိုပင် တပည့်တွေက မနည်းအာရုံစိုက် နား ထောင်နေရ၏။ ထို့ကြောင့်ပင် ရှေ့ဆုံးတန်းလုသော ပြဿနာ တွေဖြစ်လာရ၏။ ဆရာ၊ ဆရာမ အားလုံးကို ဝါးလုံးရှည်နဲ့ ပတ်ယမ်းလိုခြင်းတော့ မဟုတ်။ စာသင်ချိန်တွင် တယ်လီဖုန်းစက် ပိတ်ထားသော၊ အသံတိတ်ထား သော ဆရာ၊ ဆရာမ များစွာရှိကြောင်းကိုလည်း သတိပြုမိပါသည်။ သို့သော် ငါးခုံးမတစ် ကောင်ကြောင့် တစ်လှေလုံးပုပ်ရသကဲ့သို့ မိမိကြောင့် အခြားသူများပါ လက်ညှိုးထိုးခံရမည့်အဖြစ်မျိုး ကိုလည်း မဖြစ်စေလိုပါ။
ကျောင်းတွင် စာသင်သည့် ဆရာကိုယ်တိုင်က သင်ကြားရေး တွင် အာရုံမစိုက်လျှင် ကျောင်း သားများကလည်း ဘာသာရပ် များကို နားလည်နိုင်မည်မဟုတ်။ ကျောင်းတွင် စာမလိုက်နိုင်တော့ ကျူရှင်ပြေးရသည်။ ကျူရှင်များ ပေါ်ပေါက်တွင်ကျယ်လာရခြင်း ၏ အကြောင်းရင်းသည် ကျောင်း သားများဘက်ကချည်းမဟုတ်။ သင်ကြားသူနှင့် သင်ယူသူနှစ်ဦး စလုံး အာရုံစူးစိုက်မှုရှိမည်ဆိုလျှင် ဘာသာရပ်တစ်ခုကို ဟိုဆရာ၊ ဒီ ဆရာနှင့် နှစ်ခါထပ်သင်စရာမလို ဟု ထင်ပါသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ထိုင်းရောက်တက္ကသိုလ်ဆရာ၊ ဆရာမများ၊ ကျောင်းသားများနှင့် တွေ့ဆုံစဉ် ကျူရှင်စနစ်နှင့်ပတ် သက်၍ တစ်ချိန်က မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် ကျူရှင်ပေး ခြင်းများမရှိခဲ့ဘဲ ကျူရှင်ယူသူများ သည် အင်မတန်မှ ညံ့ဖျင်းသူများ ဖြစ်ပြီး ရှက်စရာအလွန်ကောင်း ကြောင်း ထည့်သွင်းပြောကြား သွားသည်။ ဟုတ်၏။ စာရေးသူ တို့ငယ်စဉ်က ကျူရှင်တက်သူများ မှာ စာမလိုက်နိုင်သောသူများသာ ဖြစ်ပြီး မလိုက်နိုင်သော ဘာသာ ရပ်များကိုသာ သင်ယူလေ့ရှိ သည်။ ယခုတော့ မြန်မာစာက အစ ဘာသာစုံကျူရှင်ယူနိုင်သူက ဂုဏ်ရှိနေသလို ဖြစ်နေ၏။ အိမ် မှာ စာမကျက်၊ သင်္ချာမတွက် သောသူများကို စာကျက်ဝိုင်းသို့ ဂိုက်ငှားကာ ပို့ထားရ၏။ ထိုအ တွက်လည်း ဂုဏ်ယူသူက ယူနေ ကြ၏။
ဗြိတိသျှနန်းရင်းဝန် ဒစ္စရေ လီက ‘‘နိုင်ငံတစ်နိုင်ငံရဲ့ ကလေး များအကြောင်း ကျုပ်ကိုပြောပြ ပါ။ အဲဒီနိုင်ငံရဲ့ အနာဂတ်ကို ဟောကိန်းထုတ်မယ်’’ဟု ဆိုခဲ့ဖူး သည်။
ယခုမြန်မာနိုင်ငံ၏ အစိုးရ သစ်မှ ပြောင်းလဲချိန်တန်ပြီဟူ သော စကားနှင့်အညီ ပညာရေး အပါအဝင် ကဏ္ဍအားလုံးကို ပြောင်းလဲမှုပြုလုပ်နေပြီဖြစ်သည်။ အမြစ်တွယ်နေသည့် ကျူရှင်စနစ် ကို ပြောင်းလဲမည်ဆို၏။ အဆင့် မြင့်ပညာဥပဒေရေးဆွဲကာ တက္က သိုလ်ကောလိပ်များကို မြှင့်တင် မည်ဆို၏။ ဟိုနေရာတစ်တို့၊ ဒီနေ ရာတစ်တို့မလုပ်ဘဲ စီမံကိန်းရေး ဆွဲကာ ပြုလုပ်သွားမည်ဆို၏။
ပြောင်းလဲမှု၏ အသီးအပွင့် များကို ရရှိခံစားရမည်မှာ မြန်မာ နိုင်ငံသားများနှင့် ၎င်းတို့၏ ရင် သွေးငယ်များသာ ဖြစ်သည်။ မစ္စ တာဒစ္စရေလီအား မြန်မာနိုင်ငံက ကလေးများ မြေပုံဆွဲတော် ကြောင်း သူတို့ကို သင်ပြပေး သော ဆရာ၊ ဆရာမများမှာလည်း သင်ကြားမှုတွင် အာရုံစူးစိုက်ကြ ကြောင်း မကြာမီပြောပြနိုင်ပါစေ ဟူ၍သာ။
No comments:
Post a Comment