Monday, July 13, 2015

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပါတီဝင် တစ်သောင်းကျော် နုတ်ထွက်ခြင်း မရှိဟုဆို

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပါတီဝင် တစ်သောင်းကျော် နုတ်ထွက်ခြင်း မရှိဟုဆို ရန်ကုန်၊ ဇူလိုင် ၁၂ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) က ပါတီဝင် တစ်သောင်းကျော် နုတ်ထွက်သွားခြင်းမျိုး မရှိကြောင်း ယင်းပါတီဝင် သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။ သီပေါမြို့နယ်မှ SNDP ပါတီဝင် တစ်သောင်းကျော် နုတ်ထွက်သွားကြောင်း ရှမ်းပြည်နယ်အတွင်း သတင်းထွက်ပေါ်နေ၍ ၎င်းက ယင်းသို့ တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။ သို့သော် သီပေါမြို့နယ် SNDP ပါတီဥက္ကဋ္ဌ တစ်ဦးတည်း နုတ်ထွက်သွားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ပါတီဝင် တစ်သောင်းကျော် နုတ်ထွက်သွားတယ် ပြောနေကြတယ်။ ဒါက ကောလာဟာလတွေပါ။ တစ်ဦးတည်း ထွက်တာပါ” ဟု ၎င်းကဆိုသည်။ သီပေါမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းကာလိန်ဝမ်းသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ငွေရေးကြေးရေး အခက်အခဲများ ရှိနေခြင်းကြောင့် နိုင်ငံရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုစိတ် မရှိတော့သဖြင့် ပါတီက နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ အဆိုပါကိစ္စသည် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ လူမှုရေးဆိုင်ရာ ကိစ္စ ဖြစ်သောကြောင့် ပါတီဗဟိုကော်မတီက သတင်းထုတ်ပြန်မှု မလုပ်ခြင်းသာ ဖြစ်ပြီး ပါတီဝင် တစ်သောင်းကျော် နုတ်ထွက်သည်ဆိုသော စကားများမှာ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော SNDP ပါတီကို ထိုးနှက်လိုသူများ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့သည် ၂၀၁၄ ခုနှစ်အတွင်း နှစ်ပါတီ ပူးပေါင်းရန် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရခဲ့ပေ။ ယင်းကြောင့် SNDP မှ ပါတီဝင်အချို့နှင့် လွှတ်တော်ကိုယ်စားလှယ် အချို့သည် SNLD ပါတီသို့ ကူးပြောင်းခဲ့မှုများ ရှိခဲ့သည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၄ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၈ ဦးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃၁ ဦးခန့် အနိုင်ရရှိကာ ပြည်နယ်ဝန်ကြီးအဖြစ် ၅ ဦး ခန့်အပ်ခြင်း ခံခဲ့ရသည်။

No comments: