မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, July 13, 2015
နန်းမတော်မယ်မယ် ဘုရား လူအငှားဖြင့် ပါးရိုက်ခြင်း -
နန်းမတော်မယ်မယ် ဘုရား လူအငှားဖြင့် ပါးရိုက်ခြင်း -
ကြာခဲ့ပါပြီ။
ဘယ်လောက်တောင် ကြာခဲ့ပြီလဲဆိုရင်
အာဏာရှင်ကြီး အိမ်နိမ့်စံ ဘ၀တုန်းက
အဖြစ်အပျက် ဖြစ်တဲ့အတွက်
နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာခဲ့ပြီပေါ့။
ဒါပေမဲ့ ခံရသူတွေ အတွက်ကတော့
မနေ့တစ်နေ့က ဖြစ်ခဲ့သလို
မမေ့နိုင်သေးပါဘူး။
လောကဓမ္မတာ အရလည်း
အထက်စီးက လုပ်ချင်တာလုပ်ခဲ့သူက
လုပ်ခဲ့တာတွေ များလို့ မေ့သွားပေမဲ့
ခံရတဲ့သူ တစ်ဦးချင်းစီ အတွက်တော့ ဘ၀မှာ နာကျည်းစရာတွေပေါ့။
ဇာတ်လမ်း အစကတော့ ၁၉၉၁ ခုနှစ်
ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက်
မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မင်းသားကြီးကတော့
အိမ်နိမ့်စံ ကိုယ်တော်ကြီးပေါ့။
အိမ်နိမ့်စံ ကိုယ်တော်ကြီး ဆိုပေမဲ့
ထီးနန်းသိမ်းပိုက်ဖို့ ဥာဏ်နီ ဥာဏ်နက်
တွေ ထုတ်နေတဲ့ အချိန်လဲ ဖြစ်တယ်။
ရာဇ၀င်မှာ ဘိုးတော် ဦးဝိုင်းကို
ရူးသွားပြီဆိုပြီး ဘကြီးတော်မင်း
(စစ်ကိုင်းမင်းသား)က အရာချပြီး
ဘုရားထဲမှာ အကျယ်ချုပ်နဲ့ ထားခဲ့တဲ့
ဇာတ်လမ်းကို အိမ်နိမ့်စံ ကိုယ်တော်ကြီး
က သဘောကျနေပုံလည်း ရတယ်။
စစ်ရုံးတစ်ရုံးလုံးကို အိမ်နိမ့်စံ
ကိုယ်တော်ကြီး နေ့စဉ်ခြောက်လှန့်ပြော
တဲ့ စကားတစ်ခွန်းက အခုနေ
ဗိုလ်ချုပ်မှူးကြီး စောမောင် သေနတ်ကို
လက်ကကိုင်ပြီး ရုံးပေါ်တက်လာရင်
ငါတို့ဘာလုပ်ကြမှာ လဲဆိုတဲ့
သွေးထိုးစကားပဲ ဖြစ်ပါတယ်။
ဒီစကားဟာ သွေးနဲ့ကိုယ်
သားနဲ့ကိုယ်ဖြစ်တဲ့ စစ်ဗိုလ်တွေ
အကြားမှာ သွေးလေခြောက်ခြားစရာ
စကားတစ်ခွန်း ဖြစ်ခဲ့ပါတယ်။
အဲဒီကာလမှာ ဆိုရှယ်လစ်
ခေတ်အတွင်းက ရှားရှားပါးပါး
အသစ်ဆောက်ခဲ့တဲ့ န၀ဒေး
ရုပ်ရှင်ရုံကြီးကလည်း ခန့်ခန့်ညားညား
နဲ့ ကျက်သရေ ရှိနေတဲ့ အချိန်ပေါ့။
အဲဒီခေတ်က
ဖျော်ဖြေရေးဆိုတာကလည်း ရှားတော့
ရုပ်ရှင်ကိုပဲ အားထားကြည့်နေရတဲ့ အချိန်။
ရုပ်ရှင်ကားထုတ် အသစ်တွေဆိုရင် ဦးဦးဖျားဖျား ကြည့်ချင်သူတွေအတွက် နေရာနှစ်ခု ရှိပါတယ်။
မင်္ဂလာဒုံက တပ်နယ်ခန်းမလို့ခေါ်တဲ့
သစ်သား ရုပ်ရှင်ရုံကြီးနဲ့ မြောက်ဥက္ကလာ
အ၀င်က န၀ဒေး ရုပ်ရှင်ရုံတို့ပါပဲ။
စစ်ဗိုလ်ချုပ်ကြီးတွေဟာ
အဲဒီ အချိန်တုန်းက လုံခြုံရေး
အခြေအနေအရ အခုရန်ကုန်တိုင်း
စစ်ဌာနချုပ် လုပ်ထားတဲ့ ၀န်းထဲမှာ
နေကြရပါတယ်။
ဒီတော့ အိမ်နိမ့်စံ ကိုယ်တော်ကြီးရဲ့
သမီးတော်တွေ အတွက် အပန်းဖြေ
စရာက န၀ဒေး ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကားသစ်လဲတိုင်း သွားကြည့်ဖို့ပဲ
ရှိနေတာပေါ့။
တစ်ရက်မှာ သမီးတော်တွေ စိတ်ကူးပေါက်ပြီး ရုပ်ရှင်ကြည့်ဖို့ သွားပါတယ်။
ကားကလည်း အသစ်၊ ဇာတ်လမ်း
ဇာတ်ကွက်ကလည်းကောင်း၊
မင်းသား မင်းသမီးတွေ ကလည်း
နာမည်ကျော်တွေဆိုတော့
ရုပ်ရှင်ပြကာနီးမှာ လက်မှတ်တွေ
အားလုံး ရောင်းကုန်သွားပါတယ်။
သမီးတော်တွေကလည်း
ရုပ်ရှင်ပြကာနီးမှ ကပ်ရောက်သွားတော့
သူတို့ပေးစရာ လက်မှတ် မရှိတော့ပါဘူး။
ရုပ်ရှင်ရုံ ဆိုတာကလည်း ဇာတ်ပွဲလို နေရာမရှိရင် စင်ပေါ်မှာ ကုလားထိုင် ခင်းပေးလို့ ရတာမျိုး မဟုတ်လေတော့ ရုပ်ရှင်ရုံ မန်နေဂျာခေါင်းကို ဆင်နင်းတော့တာပေါ့။
ဘယ်လိုမှ ကြံမရတဲ့ အဆုံးမှာ
မန်နေဂျာက တောင်းပန်ပါတယ်။
နောက်ပွဲအတွက် ဗီအိုင်ပီ လက်မှတ်တွေ ချန်ထားပေးပါမယ်။
ဒီတစ်ပွဲတော့ သည်းခံပေးပါပေါ့။
အမှန်ကတော့ သမီးတော်တွေက ပြသနာရှာချင်လို့ ပွဲချိန်နီးမှ ကြည့်မယ်
ဆိုပြီး ဖြစ်တာပါ။
သူတို့မှာ ခိုင်းစရာလူတွေ တစ်လှေကြီးနဲ့
ဆက်သွယ်စရာ တယ်လီဖုန်းတွေ
ရှိနေတာပဲ။
တကယ်သာ ရုပ်ရှင် ကြည့်ချင်ရင်ကြိုပြီး လက်အောက်ငယ်သား တစ်ယောက်ကို ပြောထားလို့ ရတာပေါ့။
အဖြစ်မှန်က ရုပ်ရှင် ကြည့်ချင်တာ
မဟုတ်ပဲ ဗိုလ်ကျချင်တာနဲ့ အာဏာပြချင်တာ သက်သက်လို့ ယူဆရပါတယ်။
ဘာလို့ ဒီလိုပြောရသလဲဆိုရင်
အဲဒီရုပ်ရှင်ရဲ့ နောက်ပွဲချိန်မှာ
သူတို့အတွက် လက်မှတ်တွေ
ချန်ထားပေမဲ့ သွားမကြည့်ကြလို့ပါ။
ရုပ်ရှင်ကိုသာ သွားမကြည့်ပေမဲ့
အိမ်တော်ပါ ငယ်ကျွန်တစ်ဦးကတော့
အဲဒီ ရုပ်ရှင်ရုံကို ရောက်လာခဲ့ပါတယ်။
ပြီးတော့ မန်နေဂျာနဲ့ ရုံးခန်းထဲမှာ တွေ့ပါတယ်။
အကြောင်းကတော့ သမီးတော်တွေကို ရုပ်ရှင်ကြည့်ချင်တဲ့ အချိန်မှာ လက်မှတ် လုပ်မပေးခဲ့တဲ့ မန်နေဂျာကို ပါးရိုက်ပြီး ဆုံးမလို့ နန်းမတော် မယ်မယ်ဘုရားရဲ့ အမိန့်ကို အကောင်အထည် ဖော်ဖို့ပါပဲ။
ခေတ်ကလည်း ကမောက်ကမ ခေတ်ကြီးဆိုတော့ တကယ် ရိုက်
သလား မရိုက်ဘူးလား ဆိုတာကို ပြန်ပြီး သံတော်ဦး တင်မဲ့ အနားပြာတွေကလည်း ဘေးမှာရှိလို့ နေမှာပေါ့။
အိမ်တော်ပါ ငယ်ကျွန်က မျက်နှာပူပူနဲ့ မန်နေဂျာကို အထက်နန်းမတော်ကြီး ဘုရားရဲ့ အမိန့်အရ ရိုက်ရတာကို ခွင့်လွှတ်ပါလို့ ပြောပြီး ပါးရိုက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ အဲဒီအိမ်တော်ပါ
ငယ်ကျွန်ဟာ အရပ်ဖက် ဌာနတစ်ခု
(တိတိကျကျ ပြောရရင် မြို့တော်စည်ပင်)
ကို မရမက ပြောင်းပြီး
ဘ၀တစ်လျှောက်လုံး မထင်မရှား
ဘ၀နဲ့ ငြိမ်းချမ်းစွာပဲ နေသွားပါတော့
တယ်။
အဲဒီနေရာကို နောက်ထပ်ရောက်လာသူ တွေကတော့ အိမ်နိမ့်စံ ကိုယ်တော်ကြီး ထီးနန်းသိမ်းပိုက်ပြီး ဆင်ဖြူများရှင် ဘ၀နဲ့ အကြွင်းမဲ့ အာဏာ ရလာချိန်မှာ ကောင်းစားသွားကြ တာတော့ လူတိုင်း
သိမှာ ဖြစ်ပါတယ်။
အလားတူပါပဲ သမီးတော်တွေလည်း တစ်နိုင်ငံလုံး အော့ကျောလန်တွေ ဖြစ်ကုန်အောင် အထိန်းအကွပ်မဲ့ သောင်းကျန်းခွင့်တွေ ရသွားတော့တာပဲ။
အထူးသဖြင့် သူတို့ရှိန်ရတဲ့ ထောက်လှမ်းရေးတွေကို ဖြိုခွင်းပြီးတဲ့
၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ကြားမှာ
သမီးတော်တွေ အနေနဲ့ ကဲချင်တိုင်းကဲခွင့်
ရသွားပါတော့တယ်။
သမီးတော်တွေနဲ့ အပြိုင်
အဲဒီခေတ်က အာဏာရှင်
စစ်ဗိုလ်ချုပ်ကြီးများနဲ့ ၀န်ကြီး
ဝန်ကလေးများရဲ့ ဇနီးတော်တွေ
ကပါကဲချင်တိုင်းကဲ လိုက်ကြတာ
တိုင်းပြည်က သယံဇာတတွေနဲ့
မြေတွေရော လုပ်ငန်းတွေရော အားလုံးလောက်
နီးနီးဟာ တိုင်းတစ်ပါးသားတွေ
လက်ထဲကို ကျရောက်ကုန်တယ်ဆိုတာ မြန်မာ ပြည်သူပြည်သားများ မျက်မြင်ပါပဲ။
ဒါကြောင့် နောက်ထပ် ဒီလိုမျိုး သမီးတော်တွေ ဇနီးတော်တွေ ထပ်မပေါ်စေဖို့ ရည်ရွယ်ပြီး ဒီရာဇ၀င်တွေကို ရေးပြနေရခြင်း ဖြစ်ပါတော့တယ် ခင်ဗျာ။
လက်စောင်းထက် နန်းမတော်မယ်မယ် ဘုရား လူအငှားဖြင့် ပါးရိုက်ခြင်း -

လက်စောင်းထက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment