မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, July 12, 2015
မပြောမဖြစ်လို့ ပြောရဦးမယ် KBC
မပြောမဖြစ်လို့ ပြောရဦးမယ် KBC
ဇူလှိုင်လ ၁၁ ရက်၊ ၂၀၁၅
မပြောမပြီး မတီးမမြည်ဆိုသလို ဆရာမနှစ်ဦး အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေးနဲ့ ပတ်သက်ပြီး KBC ရဲ့ ပြောဆို လုပ်ကိုင်မှုတွေဟာ ပြောစရာဖြစ်လာပါပြီ။ ဆရာမနှစ်ယောက် အသတ်ခံရတာ ဘယ်သူက အမှုမှန် မပေါ်စေချင်ဘဲ နေပါ့မလဲ။ သားသမီးချင်း ကိုယ်ချင်းစာကြသလို နှမချင်းလည်း ကိုယ်ချင်းစာကြပါတယ်။ သေမှု သေခင်းနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ တာဝန်ရှိတဲ့ ခရိုင်ရဲတပ်ဖွဲ့က အမှုကို စုံစမ်းဖော်ထုတ်နေဆဲ ဖြစ်ပါတယ်။ ဒီနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့ မှာ အသတ်ခံခဲ့ရတဲ့ ဆရာမနှစ်ယောက် အမှုမှန်ပေါ်ပေါက်ရေး အတွက် KBC အဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေ တယ်လို့ ဆိုပါတယ်။
ဟိုတစ်နေ့က ဆရာမနှစ်ယောက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ ကချင်ဆရာမ နှစ်ဦးအမှုကိစ္စနဲ့ ပတ်သက်ပြီး KBC အဖွဲ့ရဲ့ တွေ့ရှိချက်တွေ တင်ပြမှုအပေါ် ရဲတပ်ဖွဲ့က အလေးထား ဆောင်ရွက်မှု မရှိဘူးလို့ KBC အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောကြား သွားတာရှိပါတယ်။ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာလို့ ရဲတပ်ဖွဲ့ကို အပြစ်တင်တာလို့ ယူဆမိပါတယ်။ တကယ်တော့ ဆရာမနှစ်ဦး အသတ်ခံရတဲ့ နေရာဟာ နယ်မြေဒေသလုံခြုံရေးအရ သွားလာဖို့ ခက်ခဲတဲ့ နေရာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တွေလည်း သွားလာဖို့ ခက်ခဲနေပြီး အစိုးရစစ်ကြောင်းတွေ လုံခြုံရေးလိုက်ပါပေးမှသာ သွားနိုင်တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကို အပြစ်တင်နေတဲ့ KBC ကို မေးချင်တာက သူတို့ ကိုယ်တိုင်စုံစမ်းရေး အဖွဲ့ ဖွဲ့ပြီး စုံစမ်းစစ်ဆေးတာရော အမှုမှန်ပေါ်ပြီလားလို့ပါ။
တကယ်ဆိုရင် KBC ဟာ ဘာသာရေးအဖွဲ့အစည်းတစ်ဖွဲ့ ဖြစ်ပါတယ်။ လူသေမှု စုံစမ်းဖော်ထုတ်တဲ့ တာဝန်ဟာ KBC နဲ့ မဆိုင်ပါဘူး။ တရားဥပဒေအရ ရဲတပ်ဖွဲ့ရဲ့ တာဝန်ထမ်းဆောင်မှုကိုလည်း ဝေဖန်လို့မရပါဘူး။ ဥပဒေ ကြောင်းအရဆိုရင် KBC အနေနဲ့ ဆရာမနှစ်ယောက် အမှုကို စစ်ဆေးပိုင်ခွင့်မရှိဘူးလို့ ဆိုနိုင်ပါတယ်။ KBC ဟာ ကိုယ့်သဘောနဲ့ကိုယ်လည်း လုပ်သေးတယ်၊ ပြီးတော့ ရဲတပ်ဖွဲ့ကို အပြစ်ပြောတယ်။ အစိုးရတပ်က စစ်ကြောင်းမှူးကို စစ်ဆေးဖို့ သမ္မတဆီ စာပို့တယ်။ ဒါဆိုရင် KBC ကို တစ်ခုပဲ မေးချင်တယ်။ ဆရာမနှစ်ဦး အသတ်ခံရတာဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့နယ်၊ ကောင်းခါးရွာမှာ ဖြစ်ပါတယ်။ အဲဒီနယ်မြေဟာ KIA အဖွဲ့ လှုပ်ရှားသွားလာနေတဲ့ နယ်မြေမဟုတ်ဘူးလား။ ဆိုလိုချင်တာက ဆရာမနှစ်ယောက်အမှုနဲ့ ပတ်သက်ပြီး အစိုးရတပ်က စစ်ကြောင်းမှူးကို စစ်ချင်တယ်ဆိုရင် KIA အဖွဲ့ကိုလည်း စစ်ဆေးရမှာပေါ့။ KIA ကို ဘာဖြစ်လို့ မစစ်ဆေးတာလဲ။ ဒါကိုကြည့်ရင် KBC ဟာ လူမျိုးစွဲ၊ ၀ါဒစွဲနဲ့ အမှုတစ်ခုကို ချဉ်းကပ်နေတာလို့ပဲ မြင်ပါတယ်။
“ ဆရာမနှစ်ဦး အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးမှုတွေ အများကြီး လုပ်နေပေမယ့် မပြီးသေးပါဘူး၊ အဲဒီရွာဘက် တွေမှာ တိုက်ပွဲတွေဖြစ်နေတော့ လောလောဆယ် မသွားနိုင်သေးဘူး၊ DNA အဖြေကလည်း မရသေးပါဘူး၊ အစိုးရတပ်က စစ်ကြောင်းမှူးကို KBC အနေနဲ့ စစ်ဆေးခွင့်မရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဘာသာရေးအဖွဲ့အစည်းဖြစ်နေလို့ပါ ” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
အမှုမှန်ပေါ်ပေါက်ရေး KBC အနေနဲ့ လူကြားကောင်းအောင်ပြောနေပေမယ့် တကယ်တမ်းအမှုကို နှောင့်နှေး အောင် လုပ်ခဲ့တာ KBC အဖွဲ့ပါလို့ ပြောနိုင်ပါတယ်။ ကောင်းခါးရွာမှာ အမှုစုံစမ်းဆဲကာလ ဘယ်မှမသွားဘဲ ပူးပေါင်းကူညီနေတဲ့ အစိုးရစစ်ကြောင်းကို ရွာကနေထွက်သွားခိုင်းတာ KBC ပါ။ စစ်ကြောင်းရှိနေရင် ရွာသူ ရွာသားတွေ ကြောက်နေမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နေခွင့်မပေးခဲ့တာပါ။ အခုမှလာပြီး အဲဒီစစ်ကြောင်းမှူးကို စစ်ဆေးချင်တယ်ဆိုတော့ KBC ရဲ့ လုပ်ရပ်ဟာ ရှေ့နောက်မညီဘူးလို့ ပြောနိုင်ပါတယ်။ KBC ရဲ့လွှမ်းမိုးချုပ်ကိုင်မှုကြောင့် ကောင်းခါးရွာသူ ရွာသားတွေဟာ ခရိုင်ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရဲရဲ တင်းတင်း မပြောဝံ့ကြဘူးလို့ သိရပါတယ်။
ပိုပြီး ဆိုးတာက ဆရာမနှစ်ယောက်ထဲက တစ်ယောက်ကို နောက်ဆုံးဖုန်းခေါ်ဆိုခဲ့တဲ့ ဖော်ယူဂွမ်ဆိုတဲ့လူကို ဒီနေ့ထိ မဖော်ထုတ်နိုင်သေးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဖော်ယူဂွမ်ဟာ ဆရာမတွေနဲ့ အတော်ရင်းနှီးပုံရပြီး KIA အဖွဲ့ ၀င်တစ်ယောက်လို့လည်း သိရပါတယ်။ ဖော်ယူဂွမ်ကို စစ်ဆေးမေးမြန်းဖို့ KIA အဖွဲ့ကို အကြောင်းကြားတော့ ဖော်ယူဂွမ်ဆိုတာ သူတို့လူမဟုတ်ဘူး၊ KIA အနေနဲ့လည်း အစစ်ဆေးမခံနိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ အဲဒီလို အကြောင်းပြန်ပြီး သိပ်မကြာခင်ရက်ပိုင်းမှာပဲ တိုက်ပွဲဖြစ်စဉ်တစ်ခုမှာ မီးရှို့သတ်ခံထားရတဲ့ အလောင်း ၄ လောင်းကို ဒေသခံရွာသားတွေ တွေ့ရှိခဲ့တယ်။ အဲဒီအလောင်းတွေဟာ KIA ရဲ့ နှုတ်ပိတ်ခြင်းကို ခံရတဲ့ ဖော်ယူဂွမ်နဲ့ အပေါင်းအပါလေးဦးလို့ ဆိုပါတယ်။ ဒါဟာ သံသယဖြစ်စရာ အကောင်းဆုံးပါ။ ဆရာမနှစ်ဦး အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေးမှာ KBC အနေနဲ့ KIA ကို မစစ်ဆေးသင့်ဘူးလား။
“ KIA ကို ဘယ်စစ်ရဲမလဲဗျာ၊ KBC ဆိုတာ KIA ရဲ့ အမာခံတွေ၊ ဘုရားကျောင်းတက်တဲ့ ဒေသခံလူငယ်တွေကို လူသစ်စုနေတာ အဲဒီ KBC က သင်းအုပ်ဆရာတွေပဲ၊ ဒေသခံတွေဆီကနေ ဆက်ကြေးကောက်ပေးနေ တာလည်း သင်းအုပ်ဆရာတွေ၊ ဆရာမနှစ်ယောက်ဟာ ကချင်လူမျိုးဖြစ်နေလို့ KBC က အသည်းအသန် စုံစမ်းနေတာ၊ ကချင်ပြည်နယ်မှာ KIA သတ်လို့သေတဲ့ ဒေသခံတွေ အများကြီးရှိတယ်၊ KIA ထောင်ထားတဲ့ မိုင်းနင်းမိလို့ သေတဲ့လူတွေ ဒုနဲ့ဒေး၊ အဲဒီအမှုတွေကိုတော့ KBC က ဘာဖြစ်လို့ အမှုမှန်ပေါ်အောင် မစုံစမ်းတာ ပါလိမ့်၊ KIA နဲ့ KBC က အတူတူပဲဗျ ” ဟု မူဆယ်မြို့ခံတစ်ဦးကလည်း ပြောကြားသွားပါတယ်။
ဆရာမနှစ်ယောက်အမှုမှန် ပေါ်ပေါက်ချင်တယ်ဆိုရင် ကောင်းခါးရွာသားတွေပေါ်မှာပဲ မူတည်နေပါတယ်။ ရွာထဲမှာ မရှိဘဲ ပျောက်နေတဲ့ မာတီးနဲ့ ဇော်ဆိုင်းတို့ ဘယ်ရောက်နေလဲ။ သူတို့ကို ရဲတပ်ဖွဲ့က စစ်ကြောရေး နည်းနဲ့ စစ်မယ်ပြောတော့ KBC က ၀င်တားတယ်။ သူတို့နှစ်ယောက်ဟာ ဆရာမနှစ်ယောက်ကို သတ်တဲ့ တရားခံတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ KIA အဖွဲ့ထဲမှာ တိမ်းရှောင်နေတယ်လို့ သိရတယ်။ တစ်ခါတလေ ရွာထဲကို ခိုးပြန်လာတတ်တယ်လို့ သိရတယ်။ KBC ဘာပြောဦးမလဲ ။ မပြောမဖြစ်လို့ ၀င်ပြောလိုက်တာပါ။
#ဇော်လင်းအောင် မပြောမဖြစ်လို့ ပြောရဦးမယ် KBC

#ဇော်လင်းအောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment