Monday, July 13, 2015

လိပ်ကျွန်းလူသတ်မှု DNA စစ်လို့မရတော့

လိပ်ကျွန်းလူသတ်မှု DNA စစ်လို့မရတော့

လိပ်ကျွန်းမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုကို ထိုင်းရဲတွေ စစ်ဆေးစဉ် (Credit: AFP)
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဖြစ်ခဲ့တဲ့ လူသတ်မှုနဲ့ ပတ်သက်တဲ့ DNA အထောက်အထားတွေကို ပြန်လည် စစ်ဆေးလို့ မရတော့ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ဟာ ဗြိတိန်နိုင်ငံသား David Miller နဲ့ Hannah Witheridge တို့ကို သတ်ပစ်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။

ထိုင်းရဲတွေကတော့ မုဒိမ်းကျင့်ခံရတဲ့ Hannah Witheridge ရဲ့ ကိုယ်ခန္စာမှာ တွေ့ခဲ့တဲ့ DNA အထောက်အထားအရ မြန်မာနိုင်ငံသား နှစ်ဦးက တရားခံ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို အရေးကြီးတဲ့ DNA ကို သီးသန့်လွတ်လပ်စွာ ထပ်မံ စစ်ဆေးခွင့်ရဖို့ မြန်မာနှစ်ဦးကို ကိုယ်စားပြုတဲ့ ရှေ့နေအဖွဲ့က ကြိုးစားတဲ့အခါ ထိုင်းတရားရုံးက စစ်ဆေးခွင့် ပေးခဲ့ပေမယ့် စစ်ဆေးလို့ မရတော့တဲ့ အခြေအနေမှာ ရောက်သွားပြီလို့ သိရပါတယ်။

မြန်မာနှစ်ဦးကို ကိုယ်စားပြုတဲ့ ရှေ့နေ Nakhon Chomphuchart ကတော့ တချို့ ပစ္စည်းတွေကိုသာ စစ်ဆေးခွင့်ရပြီး အရေးကြီးတဲ့ ပစ္စည်းတချို့ကိုတော့ DNA စစ်လို့မရတော့ဘူးလို့ တနင်္ဂနွေနေ့က အေအက်ဖ်ပီကို ပြောပြခဲ့ပါတယ်။

ထိုင်းပြည်သူနဲ့ မြန်မာကို ကိုယ်စားပြုတဲ့ ရှေ့နေတွေကတော့ မှုခင်းဖြစ်တဲ့ နေရာကို ရဲတွေက တားဆီးမှုတွေ မလုပ်သလို၊ ကျန်းမာရေး ပညာရှင်တွေကိုလည်း အလောင်းတွေ တွေ့ပြီး နာရီပေါင်း များစွာကြာမှ ခေါ်တဲ့အပေါ် ဝေဖန်နေကြပါတယ်။

တရားခံရှာဖို့ ဖိအားပေးခံရတဲ့ ထိုင်းရဲတွေဟာ အလွယ်နည်းနဲ့ မြန်မာနိုင်ငံသားတွေကို ဓားစာခံ လုပ်လိုက်တာ ဖြစ်မယ်လို့ ယူဆနေကြပါတယ်။

ဒီအမှုက အောက်တိုဘာလမှာ ပြီးဆုံးမယ်လို့ မျှော်လင့်ရပြီး ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့မှာ အပြစ်ရှိကြောင်း တွေ့ရှိရင်တော့ သေဒဏ် ချမှတ်ခံရနိုင်ပါတယ်။

ဇူလိုင်လ ၂၂ ရက်နေ့ကျရင် တရားရုံးမှာ ထပ်မံ အမှုကြားနာဖို့ ရှိနေပါတယ်။

No comments: