Friday, July 24, 2015

အနည်းဆုံးလုပ်ခနှုန်းထားပြဿ နာ ဘယ်လိုဖြေရှင်းကြမလဲ ======================================

အနည်းဆုံးလုပ်ခနှုန်းထားပြဿ နာ ဘယ်လိုဖြေရှင်းကြမလဲ ====================================== ရဲဘုန်းမြင့် အနည်းဆုံးလုပ်ခ နှုန်းထားကို တစ်ရက် ငွေကျပ် ၃၆ဝဝ ဟု သတ်မှတ်လိုက်သည့်အတွက် CMP လက်ခစားလုပ်ငန်းများဖြစ်ကြသည့် အထည်ချုပ် လုပ်ငန်းရှင်များဘက်မှ အခက်အခဲတွေ တွေ့နေရပြီ ဟု ကျယ်ကျယ်လောင်လောင် တင်ပြလာကြသည်ကို ကြားနေရသည်။ ဆက်လက်ရပ်တည်နိုင်စွမ်း လွန်စွာ ခက်ခဲလာနိုင်သဖြင့် စက်ရုံအချို့ ပိတ်ကောင်းပိတ်ရ နိုင်သည်ဟု နိုင်ငံခြားရင်းနှီးမြှုပ်နှံသူအချို့က ဆွေးနွေး တင်ပြလာကြကြောင်း ကြားသိရသည်။ ယင်းကဲ့သို့ ပြောဆိုသည်ကို စိတ်ဆိုးကြသည်။ ''ပိတ်လေ၊ ရိုးရိုး တော့ ပိတ်လို့မရဘူး၊ လျှော်ကြေးပေးပြီးပိတ်၊ တခြားရင်းနှီးမြှုပ်နှံချင်သူတွေအများကြီး'' စသည်ဖြင့် ကောင်းချီးပေးကြသူများလည်း မနည်းကြ။ ဇူလိုင်လ ၁ဝ ရက်နေ့ ကြေးမုံသတင်းစာတွင် ဆောင်းပါးရှင် ''ဦးအေးချမ်း''၏ ''အနိမ့်ဆုံး အခ ကြေးငွေနှုန်းထားသတ်မှတ်ဖို့ အချိန်သင့်ပြီလား'' အမည်ရှိဆောင်းပါးကို ဖတ်လိုက်မိချိန်တွင် တွေးခေါ် စရာအများအပြား ခေါင်းထဲသို့ ဝင်ရောက်လာပါသည်။ အလုပ်သမားများကို ကူညီရန်၊ ¤င်းတို့၏လူနေမှုအဆင့် အတန်း အထိုက်အလျောက် တိုးတက်လာစေရန် အတွက် ယခုကဲ့သို့ အနည်းဆုံး အခကြေးငွေနှုန်းထား သတ်မှတ်လိုက်ခြင်းသည် မှန်ကန်သည့် ဖြေရှင်းမှု လား၊ ယခုကဲ့သို့ သတ်မှတ်လိုက်သဖြင့် အဆင်ပြေ ပါ့မလား၊ စဉ်းစားစရာများ မြောက်မြားစွာပေါ်လာ ပါသည်။ ¤င်းတို့မပေးနိုင်သည့် အခကြေးငွေနှုန်း သတ်မှတ်လိုက်သဖြင့် အလုပ်ရှင်များဘက်က စက်ရုံ များ ပိတ်ကြမည်ဟု ပြောခြင်းသည်လည်း တိုင်းပြည် နှင့် အလုပ်သမားတို့အတွက် ကောင်းသည့်အလား အလာဟုတ်ရဲ့လား၊ ဒေါသအလျောက် ပိတ်ချင်ပိတ် ကြဟု ပြောခြင်းမှာလည်း အလုပ်သမားတွေကို အမှန်တကယ် ကူညီရာရောက်ရဲ့လား။ ချင့်ချိန်သင့် ကြပါသည်။ ဦးအေးချမ်း၏ ဆောင်းပါးထဲတွင် ဖော်ပြပါရှိ သည့်အတိုင်း အနိမ့်ဆုံးလုပ်ခ သတ်မှတ်ထားသော ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂရိ၊ ပေါ်တူဂီ၊ အင်္ဂလန် စသည့် နိုင်ငံများ၏ ပျမ်းမျှအလုပ်လက်မဲ့နှုန်းမှာ ၁၃ ဒသမ ၈ ရာခိုင်နှုန်းရှိနေပြီး၊ အနိမ့်ဆုံးလုပ်ခ မသတ်မှတ် ရသေးသော သြစတြီးယား၊ ဒိန်းမတ်၊ ဂျာမနီ၊ နော်ဝေ၊ ဆွီဒင်၊ အီတလီ၊ ဆွစ်ဇာလန် စသည့်နိုင်ငံများ၏ အလုပ် လက်မဲ့နှုန်းမှာ ၆ ဒသမ ၃ ရာခိုင်နှုန်းရှိနေခြင်းကိုလည်း အနည်းဆုံးလုပ်ခဆိုင်ရာ တာဝန်ရှိသူStakeholder အားလုံးထည့်သွင်းစဉ်းစားသင့်သည်ဟု တင်ပြလို ပါသည်။ မိမိနိုင်ငံ၏ အခြေအနေအရ မသတ်မှတ် လျှင် မဖြစ်သည့်အတွက် သတ်မှတ်ပြီးပြီထားစေဦး၊ ပြန်ဖျက်၍လည်း မသင့်တော့ဘူးရှိစေတော့၊ ဝန် ဆောင်မှုလုပ်ငန်း (Service Industry)၊ ရုံးလုပ်ငန်း (Office Industry)၊ စက်နှင့်နည်းပညာ အသုံးပြု ကုန်ထုတ်လုပ်ငန်း (Machine and Technology Industry) ၊ လူအင်အား အသုံးပြုကုန်ထုတ်လုပ်ငန်း (Labour intensive Industry) အားလုံးကို အနည်းဆုံး လုပ်ခ တစ်ပြေးညီ သတ်မှတ်သင့် မသင့်ဆိုသည်ကို တော့ အလေးအနက်ထည့်သွင်းစဉ်းစားသင့်သည်ဟု အကြံပြုလိုပါသည်။ စာရေးသူသည် အလုပ်ရှင်တစ်ဦးမဟုတ်သကဲ့သို့၊ အလုပ်သမားတစ်ဦး၊ အစိုးရဝန်ထမ်းတစ်ဦးလည်း မဟုတ်ပါ။ သို့ဖြစ်၍ မည်သူ့ကိုကိုယ်စားပြုပြီး တင်ပြရမည်ကို ရှင်းလင်းရပါက ပြည်သူတစ်ရပ် လုံးကိုသာ ကိုယ်စားပြုတင်ပြခြင်းဖြစ်ပါသည်။ မသတ် မှတ်သင့်သည့်အချိန်တွင် သတ်မှတ်လိုက်ခြင်း ကြောင့် သို့မဟုတ် အားလုံးကို တစ်ပြေးညီ သတ်မှတ်လိုက် ခြင်းကြောင့် အလုပ်သမားများက နည်းတယ်ဟုဆိုကာ ဆန္ဒပြ၊ အလုပ်ရှင်ဘက်က များသည်ဟုဆိုကာ အလုပ် ပိတ်၊ ဤသို့ဖြေရှင်းကြလျှင် ''ပေါ့စေလိုလို့ ကြောင်ရုပ် ထိုး ဆေးအတွက်လေး''ဆိုသည့် စကားပုံအတိုင်း ပြဿနာပိုများပြီး တိုင်းပြည်၏ စီးပွားဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ် ကသိကအောက် ဖြစ်ကြရမည်ဆိုပါက ဝမ်းနည်းစရာပင်။ သို့ဖြစ်၍ စာရေးသူလေ့လာ သိရှိ ထားသမျှကို တာဝန်ရှိသူ Stakeholder အားလုံး စဉ်းစားနိုင်ကြစေရန် ရေးသားတင်ပြရခြင်းဖြစ်ပါ သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး မှုလုပ်ငန်းစဉ်တွင် အဓိကအခြေခံကျသည့် 3M (Man, Money and Material) များအနက် ငွေကြေးနှင့်ပစ္စည်း ပစ္စယများထက် လူအရင်းအမြစ်ကိုသာ တတ်နိုင်ကြ သဖြင့်Labour Intensive စက်မှုလုပ်ငန်းများဖြစ်သောCMP လက်ခစား စက်မှုလုပ်ငန်းများမှာ အဓိကအားထား ရသည့် လုပ်ငန်းဖြစ်လာသည်ကို တွေ့မြင်ရပါသည်။ ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးမှုကို အခြား အထောက်အကူပြုသည့် အချက်တစ်ချက်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ပင်ဖြစ်ပါသည်။ ယင်း FDIများ ပြည်တွင်းသို့ အမြောက်အမြားစီးဆင်း ဝင်ရောက်မှုများပြားလာသည်နှင့်အမျှ နိုင်ငံ၏စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုမှာလည်း သိသာစွာတိုးတက်လာခဲ့ ကြသည့် သာဓကများရှိကြပါသည်။ ထိုကဲ့သို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများမှာလည်းCMP လက်ခစား စက်မှုလုပ်ငန်းစနစ်ဖြင့်ပင် အများစုဝင်ရောက်လာကြ သည်ကို တွေ့ရပါသည်။ တရုတ်နိုင်ငံတွင် CMP လက်ခ စားစက်မှုလုပ်ငန်းများ စတင်ခဲ့စဉ်ကFDI ၆၅ ရာခိုင် နှုန်းရှိခဲ့သည်ဟု လေ့လာတွေ့ရှိရပါသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံရှိ CMP လက်ခစားစက်မှု လုပ်ငန်းများတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု နှစ်စဉ် တိုးတက်ဝင်ရောက်နေမှုနှင့် လက်ရှိအရေ အတွက် မည်မျှရှိသည်ကို အောက်ပါဇယား(၁)တွင် တွေ့မြင်နိုင်ပါသည်- အဆိုပါဇယားကိုလေ့လာလျှင် လက်ရှိရင်းနှီး မြှုပ်နှံနေသူများ စိတ်ဓာတ်ကျပြီး ပြန်ထွက်သွားပါက ထပ်ဝင်လာမည့်သူ မည်သူရှိမလဲ စဉ်းစားကြည့်နိုင်ပါ သည်။ သို့ဖြစ်၍ ''ပိတ်ရင်ပိတ်ပေါ့ မင်းတို့ထွက်သွားရင် နောက်လူလာလိမ့်မယ်''ဟု မပြောခင် စဉ်းစားပေးကြ ပါရန် မေတ္တာရပ်ခံလိုပါသည်။ ဆက်လက်ပြီး CMP လက်ခစားစက်မှုလုပ်ငန်းများ (အထူးသဖြင့် အထည်ချုပ်လုပ်ငန်းများ)၏ သဘော သဘာဝ ကို ဦးစွာတင်ပြပါမည်။ CMP လက်ခစား စက်မှုလုပ်ငန်းများသို့ ကုန်ပစ္စည်းအမှာစာအပ်နှံသူများ သည် စတင်မှာယူစဉ်အချိန်မှ ၎င်းတို့ထံ ရက်ပေါင်း (၉ဝ) အတွင်း ကုန်ချောများရောက်ရှိမှသာ ယင်းနိုင်ငံသို့ ဆက်လက်မှာယူလေ့ရှိပါသည်။ ချုပ်လုပ်ပြီးအထည်များ စတင်မှာယူရန်L/C ဖွင့်ပေးသည့်အချိန်မှစတင်၍ လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် ကြာမြင့်ရက်များကို အထက်ပါဇယား(၂)တွင် တွေ့မြင်နိုင်ပါသည် - တင်ပြပါဇယားတွင်ပါရှိသော အမှတ်စဉ်(၁) ကုန်ပစ္စည်းမှာယူထုတ်လုပ်ချိန်၊ အမှတ်စဉ်(၂) မိမိ နိုင်ငံသို့တင်ပို့ရန် ခရီးအကွာအဝေးအလိုက်ကြာချိန်၊ အမှတ်စဉ် (၅) ဈေးကွက်နိုင်ငံသို့ ပြန်လည်တင်ပို့ရန် ခရီးအကွာအဝေးအလိုက်ကြာချိန်များမှာ မိမိတို့ကဲ့သို့ လက်ခံချုပ်လုပ်သည့်နိုင်ငံများ ဖန်တီးနိုင်သော ကိစ္စ ရပ်များမဟုတ်ကြပေ။ အမှတ်စဉ် (၃)ဖြစ်သည့် မိမိ နိုင်ငံဆိပ်ကမ်း၌ ကုန်ပစ္စည်းထုတ်ရန် ကြာမြင့်ချိန်၊ အမှတ်စဉ် (၄)ဖြစ်သည့် စက်ရုံ၌ကုန်ချောအဖြစ် ထုတ်လုပ်ရန်ကြာမြင့်ချိန်များကိုသာ ဖန်တီးနိုင်သည့် အခြေအနေများဖြစ်သည်ကို တွေ့ရှိနိုင်ပါသည်။ သို့ဖြစ်၍ ဆိပ်ကမ်း၌ ကုန်ပစ္စည်းထုတ်ချိန် မကြာ မြင့်စေရန် အရေးကြီးလာပါသည်။ ဆိပ်ကမ်း၌ မလိုအပ် သည့် စစ်ဆေးမှုများ (လိုအပ်သည့် စစ်ဆေးမှုများကို မဆိုလိုပါ)ကြောင့် ကြာမြင့်သည့်နှင့်အမျှ ကုန်ချော အဖြစ်ထုတ်လုပ်ရမည့် အချိန်လျော့နည်းသွားမည် ဖြစ်ရာ အချိန်ပိုလုပ်ကိုင်ရခြင်း၊ စနေ၊ တနင်္ဂနွေ မရပ် မနား လုပ်ကိုင်ရခြင်း၊ သင်္ဘောတင်ချိန် အလွန်နီးကပ် နေချိန်မျိုးတွင် ညလုံးပေါက်အလုပ်ဆင်းရခြင်း စသည့် လုပ်ငန်းခွင်ဆက်ဆံရေးပြဿနာများ êကြုံတွေ့ရပါတော့ သည်။ ထို့အပြင် အလျင်အမြန် မနေမနားလုပ်ကြရ သဖြင့် ထုတ်လုပ်မှုအရည်အသွေး ကျဆင်းခြင်းကြောင့် ကုန်ပစ္စည်းမှာယူသူများ၏ အထင်အမြင်သေးခြင်း၊ နောက်ထပ်မှာယူလိုစိတ် မရှိတော့ခြင်းများအပြင် ကျေနပ်မှုမရှိသည့် ပစ္စည်းများကို လက်ခံခြင်းမရှိဘဲ ပြန်ပို့ခြင်း(Reject) များ ပြုလုပ်လေ့ရှိကြပါသည်။ သို့ဖြစ်၍ ပြည်တွင်း CMP လုပ်ငန်းရှင် အချို့အရှုံး ပေါ်ပြီး လုပ်ငန်းပိတ်သိမ်းခဲ့ရသည့် သာဓကများ လည်း ကြုံတွေ့ခဲ့ကြရပါသည်။ တင်ပြပါဇယား(၃)တွင် တွေ့ရှိရသည့်အတိုင်း မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ သယ်ယူ/ တင်ပို့ရာ၌ အခြားလုပ်ငန်းတူ လုပ်ကိုင်ဖက်နိုင်ငံများ ဖြစ်ကြသည့် ဗီယက်နမ်၊ ကမ္ဘောဒီးယားတို့ထက် ကြာမြင့်နေခြင်းမှာ မည်သို့မျှမတတ်နိုင်သည့် သဘာဝ အခက်အခဲတစ်ခုပင် ဖြစ်သည်။ ယင်းကိုတုံ့ပြန်ကယ်တင် နိုင်ရေးမှာ နိုင်ငံတွင်းကိစ္စရပ်များကို တတ်နိုင်သရွေ့ ဖြေလျော့ပေးရန်သာ ဖြစ်ပါသည်။ သို့ရာတွင် လက်ရှိ ကျင့်သုံးနေသည့် ကုန်သွယ်မှုစနစ်စသည့် လုပ်ထုံး လုပ်နည်းများကြောင့် ဆိပ်ကမ်း၌ ကြန့်ကြာမှုများ မကြာခဏ ကြုံတွေ့နေကြရဆဲဖြစ်ပါသည်။ သို့ဖြစ် ၍ အခြားနိုင်ငံများထက် ပိုမိုကြာမြင့်မှုကို လက်မခံ နိုင်ကြသော နိုင်ငံတကာကုန်ပစ္စည်း မှာယူသူ (buyer) အများစုသည် အခြားယှဉ်ပြိုင်ဖက်နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့သို့ မှာယူ၍ ပိုလျှံမှသာ မိမိနိုင်ငံသို့ မှာယူလေ့ရှိကြပါသည်။ ထိုကဲ့သို့မှာပါကလည်း အခြားနိုင်ငံများသို့ပေးသည့် ချုပ်ခထက် ပိုမိုလျော့နည်းပြီး ပေးလေ့ရှိပါသည်။ အချို့အမှာစာများသည် စတင်ကမ်းလှမ်းစဉ်က အဆင်ပြေခဲ့သော်လည်း လုပ်ထုံးလုပ်နည်းများ၊ အခြား ကန့်သတ်ချက်များ မမျှော်လင့်ဘဲကြုံတွေ့ရပြီး ကြာမြင့် တော့မည်ဟုယူဆပါက ဆက်သွယ်မှုပိုမိုလွယ်ကူပြီး၊ လုပ်ထုံးလုပ်နည်းရှုပ်ထွေးမှုနည်းပါးသော ဗီယက်နမ် နှင့် ကမ္ဘောဒီးယားအပါအဝင် အခြားနိုင်ငံများသို့ ရွှေ့ပြောင်းအပ်နှံကြသဖြင့် လုပ်ငန်းဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ကြသည်ဟု လေ့လာသိရှိရသည်။ မြန်မာနိုင်ငံသည် အခြားလုပ်ငန်းတူလုပ်ကိုင်သော နိုင်ငံများထက် CMP လုပ်ငန်းများသို့ ပေးချေရသော လုပ်ခနည်းပါးသက်သာသည် ဆိုသော်လည်း ပိတ်စနှင့်ပစ္စည်းများ သယ်ယူ/တင်ပို့မှု ကုန်ကျ စရိတ်၊ နိုင်ငံအတွင်း ထုတ်လုပ်မှုလုပ်ငန်းစဉ် အထောက်အကူပြု ရုံးလုပ်ငန်းစရိတ်၊ နိုင်ငံအတွင်းသယ်ပို့စရိတ်၊ တင်ချစရိတ်၊ လျှပ်စစ် စွမ်းအားစရိတ်၊ လောင်စာဆီစရိတ်အပါအဝင် အခြားအထွေထွေ ကုန်ကျစရိတ်များမှာ ထိုင်းနိုင်ငံအပါအဝင် အခြားအိမ်နီးချင်း လုပ်ငန်းတူလုပ်ကိုင်ဖက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ပိုမိုများပြား နေခြင်းသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) များ လာ ရောက်ရန် အဓိကအတားအဆီးဖြစ်နေသည်ဟု ဂျပန်နိုင်ငံINSTITUTE OF DEVELOPING ECONOMIES (IDE) ဌာန သုတေသနပညာရှင် Mr. Toshihiro KUDO ရေးသားသည့်Location Advantages and Disadvantages in Myanmar: The Case of Garment Industry, May ၂ဝဝ၉ စာတမ်းတွင် တွေ့ရှိရပါသည်။ သို့ဖြစ်၍ အနည်းဆုံးလုပ်ခသတ်မှတ်ပေးလိုပါက နိုင်ငံတွင်း လျှော့ချ၍ရနိုင်သော လုပ်ငန်းစဉ်များ၊ စရိတ်များကို မည်ကဲ့သို့ လျော့ကျအောင် ပြုလုပ်မည်ကို ဦးစွာစဉ်းစားသင့်ပါသည်။ ယင်း သည်FDI များကို ဖိတ်ခေါ် ဆွဲဆောင်နိုင်သကဲ့သို့ အလုပ်သမားတို့ အတွက် လုပ်ခကိုတိုးပေးနိုင်မည့် အခွင့်အလမ်းများလည်း ရရှိနိုင် သည်ဟု သုံးသပ်ရရှိသည်။ ဂျပန်၊ ထိုင်ဝမ်၊ ကိုရီးယား အစရှိသည့် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ အများစုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ မရောက်မီက CMP လက်ခစားစနစ်ကို ကျင့်သုံးသည့် အငယ်စား စက်မှုလုပ်ငန်းများအပေါ် အခြေခံခဲ့သည်ကို တွေ့ရှိရပါသည်။ အလားတူပင် အရှေ့တောင်အာရှ ကျားနိုင်ငံများဟု ဆိုကြသည့် ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု များမှာလည်း CMP လက်ခစား စက်မှုလုပ်ငန်းများအား အခြေပြု ခဲ့သည်ကို တွေ့ရှိနိုင်သည်။ လက်ရှိအခြေအနေတွင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်ကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများသည်လည်း စက်မှုဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်သို့ရောက်ရှိရေး ကြိုးပမ်း ရာတွင် CMP လက်ခစား စက်မှုလုပ်ငန်းများ ထူထောင်ခြင်းကို နည်းလမ်းတစ်ရပ်အဖြစ် ကျင့်သုံးနေကြသည်ကို တွေ့မြင်နိုင်ပါသည်။ မိမိနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုကို ယခုမှ အရိပ်အရောင်မြင်ကာစ ရှိပါသေးသည်။ သို့ဖြစ်၍ လုပ်အားအဓိက စက်မှုကုန်ထုတ်လုပ်ငန်း (Labour Intensive Industry) ဖြစ်သည့် CMP လက်ခစား စက်မှုလုပ်ငန်း များများထူထောင်နိုင်လေ အကျိုးရှိလေဖြစ်ပါသည်။ နည်းပညာနှင့် အရင်းအနှီးပါ အားနည်းနေသေးသည့် အခြေအနေ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) များ ဝင်လာစေရန် ဖိတ်ခေါ်ရ မည် ဖြစ်ပါသည်။ ဤအခြေအနေတွင် ရှိပြီးသားလူကို မောင်းထုတ် သကဲ့သို့ မဖြစ်စေရေး အတော်လေးစဉ်းစားချင့်ချိန်ပြီးမှ လုပ်သင့် သည် ဟု အကြံပြုလိုပါသည်။ CMP စနစ်တွင် ချုပ်လုပ်မည့် ပိတ်စနှင့်ဆက်စပ်ပစ္စည်းများကို နိုင်ငံခြား (ကုန်ချောမှာယူသူ)က ပေးပို့ပါသည်။ ယင်းပစ္စည်းများ သည် ပြည်တွင်း၌အသုံးပြုမည့် သွင်းကုန်များမဟုတ်ဘဲ ချုပ်ပြီးပါက ပြည်ပသို့ ပြန်လည်ပေးပို့ရမည့်ပစ္စည်းများသာဖြစ်သဖြင့် အခြား နိုင်ငံများတွင် CMP လုပ်ငန်းများကို ပုံမှန်ကုန်သွယ်ရေးစနစ် (Normal Trade System)နှင့် တန်းတူမထားဘဲ သီးခြားစနစ်ကျင့်သုံး လေ့ရှိကြပါသည်။ (ဆက်လက်ဖော်ပြပါမည်)

No comments: