Monday, July 13, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ မှော်ဝန်းတံတားဖွင့်ပွဲသို့ တက်ရောက်၍ ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ မှော်ဝန်းတံတားဖွင့်ပွဲသို့ တက်ရောက်၍ ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး =================================================== ရန်ကုန် ဇူလိုင် ၁၂ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ဝဲကြီးကျေးရွာနှင့် ပန်းချောင်းကျေးရွာသို့ မှော်ဝန်းချောင်းကို ဖြတ်သန်း တည်ဆောက် ထားသည့်မှော်ဝန်းတံတားဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီတွင် အဆိုပါတံတားအနီးရှိ ယာယီမဏ္ဍပ်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ပြီး ကမ္ပည်းမော်ကွန်း ကျောက်စာတိုင် ကို စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးသည်။ တံတားဖွင့်ပွဲအခမ်းအနားသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်း ဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂမှ ဌာနေ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဘက်စုံထူးချွန်လူငယ်များ၊ ကင်းထောက်လူငယ်မောင်မယ်များ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ကျောက်တန်းမြို့နယ် ရွှေကုန်းရပ်ကွက်မှ အငြိမ်းစား ကျောင်းဆရာ၊ မြို့နယ်စာရေးဆရာအသင်း နာယက ဦးစိုးဝင်း၊ ခနောင်ကျေးရွာမှ ရပ်မိရပ်ဖ ဦးမြင့်ဆွေနှင့် ဝဲကြီးကျေးရွာမှ ဒေါ်ဝင်းဝင်းမော်တို့က ရန်ကုန်တိုင်းဒေသကြီးအတွင်း အဓိက ဆန်စပါး ထုတ်လုပ်ရာ ဒေသဖြစ်သည့် ကျောက်တန်း မြို့နယ်ရှိ မှော်ဝန်းချောင်းကြောင့် တောင်ပိုင်း နှင့်မြောက်ပိုင်းဟု ကွဲပြားပြီး လမ်းပန်းဆက်သွယ်မှု ခက်ခဲသည့် အခြေအနေ၊ တောင်ဘက်ခြမ်း ဒေသရှိ ကျေးရွာများ အနေဖြင့် ကျောက်တန်းမြို့သို့ သွားရောက်ရန် အတွက် ရေလမ်းခရီးဖြင့် လည်းကောင်း၊ သုံးခွမြို့မှတစ်ဆင့် ကုန်းလမ်းခရီးဖြင့် ၃၇ မိုင်ကို လည်းကောင်း အဆင့်ဆင့်သွားရောက်နေရသဖြင့် ဒေသ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူမှုစီးပွားအခြေအနေများ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ယခုမှော်ဝန်းတံတား တည်ဆောက် ပြီးစီးမှုကြောင့် ကျောက်တန်း၊ သန်လျင်မှတစ်ဆင့် ရန်ကုန်မြို့သို့ အလွယ်တကူ ဆက်သွယ် သွားလာနိုင်တော့မည် ဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို များစွာ အထောက်အကူဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ကျောက်တန်း ဒေသတွင် လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးမြေများသို့ ပင်လယ်ရေငန် ဝင်ရောက်မှုကို ကာကွယ်ပေးနိုင်ရေးတို့အား ဆက်လက် ဆောင်ရွက်ပေးပါရန်၊ နိုင်ငံတော်သမ္မတ အနေဖြင့် ကျေးလက် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လာမည့်နှစ်များတွင်လည်း ဆက်လက် အကောင် အထည်ဖော် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ကျောက်တန်းမြို့နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ အနာဂတ်စီမံချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကျောက်တန်းမြို့နယ်သည် ရန်ကုန်မြို့နေ လူဦးရေ ခုနစ်သန်းခန့်အတွက် စားနပ်ရိက္ခာ အဓိက ထုတ်လုပ်ပေးနေသည့် ဒေသ ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး နေခဲ့ကြောင်း၊ ထို့ကြောင့် ကျောက်တန်းမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာအုပ်စု ၃၂ အုပ်စု၊ ကျေးရွာပေါင်း ၄၅ ရွာ၊ လူဦးရေ ရှစ်သောင်း၏ လူမှုစီးပွားဘ၀နှင့် ပညာရေး၊ ကျန်းမာရေး အခြေအနေများ တိုးတက်မြင့်မားစေရန်အတွက် ယခု မှော်ဝန်းတံတားကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း။ ကျောက်တန်းမြို့နယ်တွင် လမ်းပန်းဆက်သွယ်မှု အခက်အခဲအပြင် မိုးရာသီ ရေကြီး ရေလျှံမှု၊ ပင်လယ်ဆားငန်ရေဝင်ရောက်မှုများနှင့်လည်း ရင်ဆိုင်နေရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရ အနေဖြင့် ရေတားတမံနှင့်လမ်းအဖြစ် ပူးတွဲအသုံးပြုနိုင်သည့် ပင်လယ် ရေတားတမံကို ကျောက်တန်းဒေသ တောင်ပိုင်း ပင်လယ်ကမ်းခြေ တစ်လျှောက်တွင် တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း။ ထို့ပြင် ပဲခူးမြစ်မှ ရေချိုကို အသုံးပြုပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လည်း စီမံချက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားသည် ဒေသတွင်း စိုက်ပျိုးရေးနှင့် အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အတွက် အဆင့်မြင့်နည်းပညာသုံး ကျောက်မီးသွေးစက်ရုံကို တည်ဆောက် နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ နောင်ရှာဖွေတွေ့ရှိသည့် သဘာဝ ဓာတ်ငွေ့များကိုလည်း ပြည်တွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် အဓိကထား အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကျောက်မီးသွေး အသုံးပြုရာ၌ မိမိဂျပန်ပြည်ခရီးစဉ်တွင် လေ့လာတွေ့ရှိခဲ့သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် နည်းစနစ်များကို အသုံးပြု သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံတွင် ကျောက်မီးသွေးစက်ရုံများ ပတ်ဝန်းကျင်၌ မြို့ရွာများ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တည်ရှိပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဘဲ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေကြောင်း။ မွန်ဂိုလီးယားနိုင်ငံတွင်လည်း မြို့တော် အူလန်ဘာတာ လူနေရပ်ကွက်များအတွင်းတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသုံးခုရှိပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိ၊ မီးခိုးမထွက်ဘဲ လည်ပတ်နေသည်ကို လေ့လာသိရှိရကြောင်း၊ ကျောက်တန်း ဒေသကို သီလဝါအထူးစီးပွားရေးဇုန်နှင့်လည်းကောင်း၊ စစ်တောင်းမြစ်ကို ဖြတ်ပြီး မွန် ပြည်နယ်နှင့် လည်းကောင်း ဆက်စပ်ပြီး စိုက်ပျိုးရေးသာမက အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့်ဒေသဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မှော်ဝန်းတံတားကို ဘက်စုံ ပညာထူးချွန်လူငယ် မောင်သီဟဇော်၊ ကင်းထောက်လူငယ် မသင်းသင်းလှိုင် နှင့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းတွင် (၅) ဘာသာ ဂုဏ်ထူးရှင် မမေရတနာဦး တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးသည်။ ထို့နောက် နိုင်ငံတော်သမ္မတက မှော်ဝန်းတံတား ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူများသည် တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှု စစ်ဆေးပြီး ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ မှော်ဝန်းတံတားသည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကျောက်တန်း-ဝဲကြီး-သုံးခွကားလမ်းပေါ်တွင်တည်ရှိပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ၂၀၁၄ -၂၀၁၅ ဘဏ္ဍရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဆောက်လုပ်ရေး အထူးအဖွဲ့(၁၆) က စတင်တည်ဆောက်ခဲ့သည်။ တံတားအမျိုးအစားမှာ သံကူကွန်ကရစ် ဘိုးပိုင်နှင့် တံတားကိုယ်ထည်နှင့် တံတား အပေါ်ထည်မှာ အာရ်စီကွန်ကရစ်တံတားဖြစ်ပြီး တံတားအရှည်ပေ ၉၀၀၊ ယာဉ်သွား လမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် ၃ ပေ ၆ လက်မ၊ ရေလမ်း ကင်းလွတ် အကျယ် ပေ ၉၀ နှင့် အမြင့် ၁၅ ပေ၊ တံတားခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း သိရသည်။ အဆိုပါ တံတားမဖွင့်လှစ်မီက တံတားမြို့နှင့် ကျောက်တန်းမြို့နယ် တောင်ဘက်ခြမ်းရှိ မုတ္တမပင်လယ်ကွေ့မှ ကျေးရွာပေါင်း ၄၅ ရွာ အိမ်ထောင်စုပေါင်း ၂၀၄၂၄ စု၊ လူဦးရေ ၈၁၄၇၈ ဦးတို့သည် ကျောက်တန်းမြို့နှင့် သန်လျင်မြို့တို့ကို သွားရောက်နိုင်ရန် မှော်ဝန်း ချောင်းကြီးခြားနေသဖြင့် သုံးခွမြို့မှတစ်ဆင့် ၃၇ မိုင်ကျော်ကို ကွေ့ပတ်၍ သွားလာခဲ့ရပြီး ယခုတံတားဖွင့်လှစ်နိုင်သောကြောင့် ၁၅ မိုင်ခန့်ဖြင့် အချိန်တိုအတွင်း သွားလာနိုင်တော့ မည် ဖြစ်သည်။ ထို့အတူ အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူများသည် ယခင်က ရန်ကုန်မြို့သို့သွားလျှင် သုံးခွမြို့ကို ဖြတ်၍အချိန် လေးနာရီခန့် သွားလာခဲ့ရပြီး ယခုအခါ မှော်ဝန်းတံတားပေါ်မှ တစ်ဆင့် ရန်ကုန်မြို့သို့ နှစ်နာရီခန့်အတွင်း သွားလာနိုင်တော့မည်ဖြစ်သည်။ ထို့ပြင် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘ၀ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး အဆိုပါဒေသရှိ စိုက်ပျိုးမြေ ၁၂၇၇၁၂ ဧကတို့မှ လယ်ယာ ထွက်ကုန်များနှင့် ငါး၊ ပုစွန်မွေးမြူရေး ၁၁၄၅၂ ကန်တို့မှသားငါး၊ ပုစွန် စသည့် ရေထွက်ကုန်ပစ္စည်းများကို ရန်ကုန်မြို့နှင့် ဆက်စပ်မြို့များသို့ သယ်ယူပို့ဆောင် စရိတ် သက်သာစွာဖြင့် အချိန်တိုအတွင်းတင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။

No comments: