မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, July 12, 2015
ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော် (၅) -
ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော် (၅) -
တကယ်တော့ ကျွန်တော်တို့က ဗိုလ်ချုပ်အောင်ဆန်းကို ဘုရားလို ကိုးကွယ်ချင်သူတွေပါ။
သည်တော့ ဗိုလိချုပ်နဲ့
ပတ်သက်တာ မှန်သမျှ ကောင်းပေ့ ညွန့်ပေဆိုတာတွေကိုချည်း ရေးထည့်တော့တာပေါ့။
သည်တော့လဲ သူတို့ အမြင်မှာ
ကျွန်တော်တို့ ဗိုလ်ချုပ်ဟာ
လူနဲ့မတူတော့ပဲ Iron Manလို
ဖြစ်သွား တော့တာပေါ့။
ကျွန်တော့ အတွက်တော့ သင်ခန်းစာတွေပါ။
သည်လိုနဲ့ ဘာအောင်မြင်မှုမှ မရပဲ ရန်ကုန်ကို ပြန်လာခဲ့ရပါတယ်။
အဖွဲ့ကို တိုင်ပင်ပြီး ဇာတ်ညွှန်း တစ်ခု
ကောင်းကောင်းကန်းကန်း
ရေးရအောင်ဆိုတော့ အားလုံး
တစ်ယောက် တစ်မျိုးစီ အကြံပြု ကြပါ
တယ်။
အဲဒီထဲကမှ
ဆရာ ချစ်ဦးညို၊
ဆရာ ကြည်စိုးထွန်း၊
ဆရာ ငြိမ်းမင်းတို့ကို
အတည်ပြုပြီး ကျွန်တော် ကိုယ်တိုင်
လိုက်လံ ကမ်းလှမ်းရပါတယ်။
သူတို့ သုံးယောက်လုံးကလည်း
မငြင်းပါဖူး။
ဒါပေမဲ့ သမိုင်းဆိုင်ရာ အချက်အလက်
တွေ မမှားစေဖို့ သမိုင်း ပညာရှင်တွေနဲ့ ဆွေးနွေးပွဲ လုပ်ပေးပါလို့ ပြောလာခဲ့ကြပါတယ်။
သည်တော့လဲ သမိုင်းရေးရာ
နားလည်သူ တတ်ကျွမ်းသူတွေကို ဖိတ်ခေါ်ပြီး ရက်တော်တော်ကြာကြာ ဆွေးနွေးပွဲတွေ လုပ်ခဲ့ရတာပေါ့။
ဒီလိုမျိုး သုံးလလောက်ကို ဆွေးနွေး ပြီးချိန်မှာ ဆရာငြိမ်းမင်းက သူ့ဇနီးသည်
ရဲ့ ကျန်းမာရေးကြောင့် နိုင်ငံခြားသွား ဆေးကုသဖို့ ကြုံလာပါ တော့တယ်။
ဒီအခါမှာ ဆရာငြိမ်းမင်းက
သူ့တာဝန်ကိုသူ ပြန်အပ်လိုက်ခဲ့ပါတယ်။
တကယ်တော့ ကိုအောင်ဆန်းရဲ့
ဘ၀ကို ဆရာ ကြည်စိုးထွန်း၊
သခင် အောင်ဆန်း ဘ၀ကို
ဆရာ ငြိမ်းမင်းနဲ့ ဗိုလ်ချုပ် အောင်ဆန်း
ဦးအောင်ဆန်း ဘ၀တို့ကို ဆရာ ချစ်ဦးညိုတို့က တာဝန်ယူထားတာပါ။
ဆရာငြိမ်းမင်း ပြန်အပ်သွားတဲ့
တာဝန်ကို ဆရာ မြမြင့်မိုရ် လက်ထဲ လွှဲခဲ့ရပါတော့တယ်။
တစ်ဖက်မှာတော့ သရုပ်ဆောင် ရွေးဖို့ ကိစ္စကို အားစိုက်ပြီး လုပ်ရပြန်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း နေရာကော ဒေါ်ခင်ကြည် နေရာမှာပါ သရုပ်ဆောင် အသစ်တွေပဲ သုံးမယ်ဆိုတော့ တော်တော် ရှာရဖွေရပါတယ်။
သည်နေရာမှာ ပညာတစ်ခု ရလိုက်ပါသေးတယ်။
ပြင်သစ်နိုင်ငံက သရုပ်ဆောင်
နည်းပြဆရာ သီရာရီပစ်ကဒ်နဲ့
ကျွန်တော်နဲ့ ဥရောပ ခရီးစဉ်မှာ တွေ့ခဲ့ရင်းနှီးခဲ့ပါတယ်။
သူက လူတူတာကို မရွေးစေချင်ဖူး။
နည်းနည်းဆင်ရင် တော်ပြီ မိတ်ကပ်နဲ့ ပြင်လို့ရတယ်တဲ့။
စိတ်တူတာ မျက်လုံးတူတာကို ရွေးပါတဲ့။
ဒါပေမဲ့ ကျွန်တော်တို့ မြန်မာ မျက်စေ့ကတော့ ဗိုလ်ချုပ်နဲ့တူတဲ့
လူကိုပဲ ရှာဖွေခဲ့မိကြပါတယ်။
တိုတိုပြောရရင် နောက်ဆုံး အဆင့်မှာ
ဗိုလ်ချုပ်နေရာ အတွက်
ဘောလုံးသမား ကျော်ကျော်မျိုးနဲ့
မောင်ကျောက်ခဲ၊
ဒေါ်ခင်ကြည်နေရာ အတွက်
ကျောင်းဆရာမလေး ဇာခြည်လင်းနဲ့
သင်းမြတ်သန္တာလှိုင်တို့ကို
ရွေးချယ်ခဲ့ပါတယ်။
ရွေးမဲ့သာ ရွေးရတာပါ။
တော်တော် ပြဿနာ များပါတယ်။
မိသားစု ပြဿနာတွေ လိုက်ရှင်းပေး
ရတာ ရှိသလို ဒိုင်အဖွဲ့ကိုလာပြီး သပိတ်မှောက်တာ ဆန္ဒပြတာလဲ ခံရပါတယ်။
ကိုယ်တွေတုန်းကလည်း သူများကို သပိတ်မှောက်ခဲ့ဖူးတာပဲလေ။
အလှည့်ကျတော့ မနွဲ့ရဖူးပေါ့လေ။
သပိတ်မှောက် သူတွေကို အတတ်နိုင်ဆုံး ပြေလည်အောင် ညှိရနှိုင်းရပါတယ်။
ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ဆိုတော့
လည်း ဘယ်သူဖြစ်ဖြစ် ပါချင်ကြမယ်ဆို
တာ ကိုယ်ချင်းစာမိပါတယ်။
ရွေးပြီးပြန်တော့ မပြီးသေးပါဖူး။
သူတို့ လေးယောက်စလုံးဟာ အစိမ်းသက်သက်တွေဆိုတော့ သင်တန်းပေးဖို့ လုပ်ရပြန်ပါရော။
ရုပ်ရှင် အစည်းအရုံးရဲ့အကူအညီနဲ့ သရုပ်ဆောင် နည်းပြ သီယာစီဘလူးကို ခေါ်ပြီး သင်ပေးရပါတယ်။
ကျွန်တော်တို့ မြန်မာ ဒါရိုက်တာတွေ သင်မယ်ဆိုလဲ ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ အဆင့်ရှိတဲ့ ဆရာတစ်ယောက် သင်တာ ပိုကောင်းမယ်လို့ ယုံကြည်လို့ပါပဲ။
ဒီနေရာမှာ ပြဿနာ တစ်ခုက
မထင်မှတ်ဘဲ ဆောင့်တက်လာ ပါတော့တယ်။
သရုပ်ဆောင်လေးတွေကို စခန်းသွင်းဖို့
ဝေဇယန္တာ အိမ်ယာက တိုက်ခန်း
တစ်ခန်းကို အန်တီဆီကနေ တစ်ဆင့်
ဘုတ်အဖွဲ့ကို ပေးထားပါတယ်။
ဒါပေမဲ့ အခန်းပိုင်ရှင်က ဘာတွေကောက် သွားသလဲ မသိပါဘူး။
တစ်ချိန်မှာတော့ အိမ်ခန်းကို ပြန်တောင်း လာပါတော့တယ်။
ကျွန်တော်တို့မှာတော့ ရေစုပ်စက်တွေ အသစ်ဝယ် တပ်ရ၊ မီးတွေကြိုးတွေ လိုင်းအသစ်ဆွဲရ၊ ကြမ်းခင်းတွေပြင်ရ၊ ဆေးတွေ သုတ်ရနဲ့ တော်တော်ကုန်ပြီးမှ ပြန်ပေးလိုက်ရတာဆိုတော့ နှမျောတာ အမှန်ပါပဲ။
ဒီတော့လဲ မိန်းကလေး နှစ်ယောက်ကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်
ရေး ရုံးမှာ ထားဖို့ စီစဉ် ရပါတယ်။
ကျော်ကျော်မျိုးက ကမ္ဘောဇ ဘောလုံးအသင်းကဆိုတော့ သူ့ကို ရွှေအင်ကြင်း အိမ်ယာမှာ တိုက်ခန်း
တစ်ခန်း ပေးထားပါတယ်။
အဲဒီမှာပဲ ယောက်ျားလေး နှစ်ယောက်
ကို အတူထားပေးဖို့ ဘောလုံးအသင်း တာဝန်ရှိသူတွေကို တောင်းပန်ရပါတယ်။
တစ်ခါ သူတို့နှစ်ယောက်ကို အင်္ဂလိပ် စကားပြော သင်ပေးဖို့ အင်္ဂလိပ်သံ
ထွက်တဲ့ ဆရာရှာပြီး သင်ပေးဖို့ စီစဉ်ရပြန်ပါတယ်။
မိန်းကလေး
နှစ်ယောက် အတွက်လည်း အမေရိကန် အသံနဲ့ မဟုတ်ဘဲ အင်္ဂလိပ်သံ စစ်စစ် ထွက်တတ်အောင် သင်ပေးမဲ့ အသက် ရှစ်ဆယ်ကျော် ဆရာမကြီးကို ခေါ်ရပါတော့တယ်။
တစ်ခါ ဒေါ်ခင်ကြည်ဆိုတာ
သူနာပြုဆရာမ တစ်ယောက်ဖြစ်ခဲ့တော့
ဇာခြည်လင်းနဲ့ သင်းမြတ်သန္တာလှိုင်တို့
ကိုသူနာပြု သင်တန်းကိုပါ ပို့ရပြန်ပါတော့တယ်။
တစ်ခါ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင်တစ်ယောက်ဆိုတာ အားလုံးအသိ။
သည်တော့ သရုပ်ဆောင် နှစ်ယောက်
ကို စစ်သင်တန်း တက်ဖို့ စစ်သားပုံသွင်း
ဖို့ တက္ကသိုလ် အရန်တပ်ရင်းက တပ်ကြပ်ကြီး တစ်ယောက်ဆီ အပ်ရပြန်ပါတယ်။
ဒါတွေ အားလုံးကို ရှင်းပြနေတာဟာ ကျွန်တော်တို့ လက်လွက်စပယ် အလွယ်မလုပ်ဖူးဆိုတာ သိစေချင်လို့ပါ။
အဲသလောက် ထောင့်စေ့အောင် လုပ်ထားပေမဲ့လည်း မမျှော်လင့်တဲ့
ပြဿနာ တစ်ခုဟာ ကျွန်တော်တို့ ခေါင်းပေါ်ကို လေယဉ်ပေါ်က ကြဲချလိုက်တဲ့ဗုံးလို တည့်တည့်ကြီး ကျလာပါတော့တယ်။
ဆက်ပါဦးမည်
ဇာဂနာ
Category:
with စုချစ် သမီး စု ချစ် သမီး Tin Ag Hlaing Khutdawn Thway ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော် (၅) -

Subscribe to:
Post Comments (Atom)
No comments:
Post a Comment