Saturday, July 18, 2015

အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်းခြင်း ================================================

အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်းခြင်း ================================================ ဒီးဒုတ်ဦးဘချို၊၊ မန်းဘခိုင် နှင့် ဦးအုန်းမောင် တွေ့ဆုံမေးမြန်း-မင်းသစ်၊ ဓာတ်ပုံ-ဇော်မင်းလတ်(သတင်းစဉ်) မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းနေချိန် မသမာသူတို့၏လက်ချက်ဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည့် ဇူလိုင်လ ၁၉ ရက်နေ့အခါသမယတွင် မြန်မာပြည်သူတစ်ရပ်လုံး၏ ရင်ထဲ၌ လွမ်းဆွတ်သတိရ အောက်မေ့ခြင်းများဖြစ်ပေါ်နေသကဲ့သို့ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များရင်ထဲတွင်လည်း အခြားသူများထက် ပို၍လွမ်းဆွတ်သတိရနေကြပေလိမ့်မည်။ ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့်စပ်လျဉ်းပြီး မြန်မာ့သတင်းစဉ်(သတင်း)အဖွဲ့မှ အာဇာနည်ခေါင်းဆောင် ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးအုန်းမောင်တို့၏ မိသားစု ဝင်များနှင့်သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ရေးသားတင်ပြလိုက်ရပါသည်- ဒီးဒုတ်ဦးဘချိုသည် ဘက်စုံပညာရှင်တစ်ဦးဖြစ်သည်။ ဂီတပညာရှင်တစ်ဦး၊ နက္ခတ်ပညာကျွမ်းကျင်သူတစ်ဦး၊ သတင်းစာဆရာ၊ စာရေးဆရာ၊ အမျိုးသားကောလိပ်တွင် မြန်မာစာသင်ကြားသူ ဆရာကြီးတစ်ဦးဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က လေးစားအားကိုးသူ တစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်း၏ မြေးဖြစ်သူ ဒေါက်တာဒေါ်ခင်လှချိုနှင့်တွေ့ဆုံရာတွင် ......။ ဒေါက်တာဒေါ်ခင်လှချို (အာဇာနည်ခေါင်းဆောင် ဒီးဒုတ်ဦးဘချို၏ မြေး) မေး ။ အန်တီ့အနေနဲ့ ဆရာကြီး ဒီးဒုတ်ဦးဘချိုနဲ့ ဘယ်လိုတော်စပ်တယ်ဆိုတာနဲ့ အာဇာနည်နေ့ ရောက်ခါနီးပြီဆိုရင် အာဇာနည်ခေါင်းဆောင်တစ်ဦးရဲ့ အနွယ်ဝင် တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရတယ်ဆို တာလေး ဖြေကြားပေးစေချင်ပါတယ်ခင်ဗျာ။ ဖြေ ။ ကျွန်မက ဒီးဒုတ်ဦးဘချိုရဲ့ မြေးအကြီးဆုံးပါ။ ကျွန်မအမေက ညီမလေးေ ယာက်ထဲမှာ အငယ် ဆုံး။ မေမေဆုံးတာ ၂ဝဝ၆ ခုနှစ်ကပါ။ အာဇာနည်နေ့ရောက်တိုင်း တကယ်ကို စိတ် မကောင်းပါဘူး။ ကျွန်မတို့အမေက အဘိုးဆုံးပြီး တော်တော်ကြာမှ လက်ထပ်ခဲ့တာဆိုတော့ ကျွန်မတို့က အဘိုးကိုလည်း မမီလိုက်ဘူး။ အဘိုးက ဂီတပညာရှင်၊ နက္ခတ်လည်းတတ်တယ်၊ စာပေလည်းရေးတယ်၊ ပညာ အုပ်လည်း ပညာအုပ်၊ အမျိုးသားပညာရေးလည်း လုပ်ခဲ့ တယ်ဆိုတော့ ကျွန်မသိသလောက်ပြောရမယ်ဆိုရင် ဘက်စုံပညာရှင်ပေါ့။ ဒီလိုဘက်စုံပညာရှင်တစ်ယောက် အမျိုးထဲမှာရှိခဲ့ပြီး အစောကြီးဆုံးရှုံးခဲ့တယ်ဆိုတော့ ကျွန်မတို့ မမီလိုက်တာကို စိတ်မကောင်းဘူး။ နှမြောတယ်၊ ဝမ်းလည်းနည်းတယ် တိုင်းပြည်အနေနဲ့ ကြည့်မယ်ဆိုရင်လည်း နစ်နာတယ်။ အဲလိုတော့ ခံစားမိတယ်။ မေး ။ နိုင်ငံတော်အစိုးရသစ်လက်ထက်မှာ အာဇာနည် နေ့အခမ်းအနားကျင်းပတာနဲ့ ပတ်သက်ပြီး အာဇာနည်မိသားစုဝင်တစ်ဦးအနေနဲ့ ဘယ်လိုမြင် ပါသလဲ။ ဖြေ ။ ဟိုးအရင် အဘွားရှိတုန်းက ကျွန်မတို့ငယ်ငယ် လေးက ကြားဖူးခဲ့တာ အာဇာနည်နေ့ဆိုရင် နိုင်ငံတော်သမ္မတအဆင့် တက်ရောက်ခဲ့တာ။ နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင်ကိုယ်တိုင်တက်ရောက်ခဲ့ တယ်လို့ပြောပါတယ်။ ကျွန်မတို့တော့ မမီလိုက်ဘူး။ အခုအစိုးရလက်ထက်မှာ ဒုတိယသမ္မတတို့၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတို့၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့ တက်ရောက်ဂါရဝပြုတာကိုလည်း တွေ့ရတယ်။ ကျွန်မတို့အဘိုးနဲ့ပတ်သက်ပြီး အာဇာနည်နေ့ရောက် တိုင်း အိမ်မှာ ဆွမ်းကပ်တယ်။ ဒီလိုလုပ်တယ်ဆိုတာ လည်း အဘိုးအဘွားတွေကို ကျေးဇူးဆပ်ဂုဏ်ပြုသလို အစိုးရအနေနဲ့လည်း သူတို့တာဝန်ကို သူတို့လုပ်တယ် လို့မြင်ပါတယ်။ မေး ။ အာဇာနည်ခေါင်းဆောင်တစ်ဦးရဲ့ မြေးဖြစ်ရတဲ့ အတွက် ရင်ထဲမှာ ဘယ်လိုခံစားရပါသလဲ။ အန်တီ့အနေနဲ့ နိုင်ငံ့တာဝန်တွေကို ဘယ်လိုကဏ္ဍတွေ မှာ တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတာလည်း ပြောပြ ပေးပါ။ ဖြေ ။ အဲဒီအတွက်တော့ ဂုဏ်ယူတာပေါ့။ ကျွန်မ အဘိုးက လူတိုင်းနဲ့တူတဲ့သူမှ မဟုတ်တာ။ အရင်တုန်းက ကျွန်မကဆရာဝန်ပါ။ ဆေးရုံကြီးမှာ အလုပ်လုပ်ခဲ့ပါတယ်။ လုပ်သက် ၁၃ နှစ်မှာ အလုပ် ထွက်ခဲ့တာပါ။ အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သူ မန်း ဘခိုင်သည် ကရင်-ဗမာ ချစ်ကြည်ရေးကို အထူးကြိုးပမ်း တည်ဆောက်ခဲ့သူဖြစ်သည်။ ဖဆပလအဖွဲ့ကြီး ဖြစ် မြောက်ရေးတွင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ကရင်လူငယ် များ အစည်းအရုံးဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသူဖြစ် သည်။ ၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် စက်မှု လက်မှု နှင့် အလုပ်သမားဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရ သည်။ မန်းဘခိုင်၏ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ရာ တွင် ......။ နန့်ခင်ဌေးရီခိုင်၊ အလယ်တန်းပြ (ငြိမ်း) (အာဇာနည်ခေါင်းဆောင် မန်းဘခိုင်၏ သမီး) မေး ။ အာဇာနည်နေ့နီးလာပြီဆိုရင် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ရင်ထဲမှာ ဘယ်လိုခံစားရပါ သလဲ။ ဖြေ ။ အာဇာနည်နေ့ရောက်တော့မယ်ဆိုရင် အမိုးက ပါပါဆုံးတဲ့အချိန်မှာ ခုနစ်နှစ်သမီးလေးပဲရှိသေး တယ်။ သိတတ်တယ်ဆိုရုံလောက်အရွယ်ပဲရှိသေးတယ်။ အခုလို အာဇာနည်နေ့ရောက်လာပြီဆိုရင် ကိုယ့်ရဲ့ ပါပါကို ပြန်ပြီးမြင်ယောင်လာတယ်။ ပြန်လည်တွေ့ချင် နေသလိုပဲ။ အခုလိုအခမ်းအနားနဲ့ လုပ်ပေးတဲ့အခါ ကြတော့ ရင်ထဲမှာ ကျေးဇူးလည်းတင်တယ်၊ ဝမ်းလည်း သာတယ်။ အာဇာနည်နေ့ရောက်ပြီဆိုရင် ပါပါအတွက် ဟိုးနဂိုကတည်းက ယုန်တလင်းရွာမှာ နှစ်တိုင်းပဲ ဘုရားရှိခိုးပေးတယ်၊ ဆုတောင်းပေးတယ်။ အမိုးတို့က ခရစ်ယာန်ဆိုတော့ ဘုရားရှိခိုးပေးတယ်ပေါ့။ မေး ။ အခုအစိုးရလက်ထက်မှာ အာဇာနည်နေ့အခမ်း အနားကျင်းပတာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါ သလဲ။ ဖြေ ။ အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော်က သိုက်သိုက်ဝန်းဝန်း ကျင်းပပေးတဲ့အတွက် အများကြီး ဝမ်းသာတာပေါ့။ ဘာလို့လဲဆိုတော့ ပါပါတို့ ဆုံးသွား ပြီးတဲ့နောက်ပိုင်းမှာ တော်တော်လေး တိမ်မြုပ် သွားတယ်။ အမိုးတို့ ပန်းခွေချခွင့်ရတဲ့ အချိန်ကလည်း ဖြစ်သလိုလေးပဲလုပ်သွားတယ်။ အခု လက်ထက်မှာ အာဇာနည်နေ့ အခမ်းအနားကို ပြည့်ပြည့်စုံစုံလေး နဲ့ ပြန်လည်ကျင်းပပေးတဲ့အတွက် ဝမ်းသာစရာဖြစ်မိ တယ်။ မေး ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေ ဆောင်ရွက်နေတဲ့အပေါ် အာဇာနည်ခေါင်းဆောင်ကြီးတစ်ယောက်ရဲ့ သမီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဖြေ ။ အမိုးတို့ကတော့ ဘာပဲဖြစ်ဖြစ် အကုန်လုံး ငြိမ်းချမ်းသာယာစေချင်တယ်။ အမိုးတို့ ပါပါရှိ ကတည်းကကိုက ပါပါက နိုင်ငံကိုချစ်သလို လူမျိုးကိုလည်း အလွန်ချစ်တယ်။ တိုင်းရင်းသားတွေ အကုန်လုံးကိုလည်း ညီညီညွတ်ညွတ်စည်းစည်းလုံးလုံးနဲ့ ဖြစ်စေချင်ခဲ့တာ။ အမိုးတို့ ကရင်စကားပုံမှာ ညီညွတ်မှုရှိရင် ပင်လယ် ထဲမှာရှိတဲ့ရေကို အကုန်ခပ်ထုတ်နိုင်တယ်ဆိုတဲ့ စကားပုံ ရှိတယ်။ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်အတွက်၊ အခုလို ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေတယ်ဆိုတော့ ဝမ်းသာစရာပေါ့။ ကွဲပြားနေတာကိုတော့ အမိုးတို့လည်း သဘောမကျပါဘူး။ ပြန်ပြီးတော့ စည်းစည်းလုံးလုံးနဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးအတွက် ပြန်လုပ်တဲ့အခါ အလွန်ဝမ်းသာ တယ်။ ဒါတွေကိုလည်း အားလုံးပြေပြေလည်လည်နဲ့ ဖြစ်မြောက်ပါစေလို့ ဆုတောင်း ပေးတယ်။ မေး ။ ကရင်ပြည်နယ်ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အာဇာနည်ခေါင်းဆောင်ကြီး ကရင် တိုင်းရင်းသားတစ်ယောက်ဖြစ်တဲ့ မန်းဘခိုင်ရဲ့သမီး တစ်ယောက်အနေနဲ့ ကရင်လူထုကို ဘာများပြောချင် ပါသလဲ။ ဖြေ ။ ကရင်ပြည်နယ် ကရင်လူမျိုးတွေနဲ့ မြန်မာတိုင်း ရင်းသားတွေ တစ်ယောက်နဲ့ တစ်ယောက် စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ဖြစ်စေချင်တယ်။ ဖြစ်ဖို့ အတွက်လည်း အမိုးတို့ ဘုရားသခင်ဆီဆုတောင်းပေး တယ်။ ဆုတောင်းတဲ့ အချိန်မှာလည်း ဒီတိုင်းပြည်မှာရှိတဲ့ ကရင်တွေ၊ ဗမာတွေ၊ အခြားတိုင်းရင်းသားတွေ ဘာသာ မတူပေမယ့် အားလုံးစည်းစည်းလုံးလုံးနဲ့ဖြစ်ဖို့ ဆုတောင်း နေပါတယ်။ ကရင်လူထုတွေကလည်း ဘာပဲဖြစ်ဖြစ် ပါပါတို့ချမှတ်သွားတဲ့မူတွေကို တစ်ယောက်နဲ့တစ်ယောက် စည်းစည်းလုံးလုံးနဲ့ ခွင့်လွှတ်သည်းခံပြီး တစ်ယောက်ကို တစ်ယောက် နားလည်မှုရှိပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ လက်တွဲပြီးတော့သွားစေချင်တယ်။ မေး ။ လက်ရှိနိုင်ငံတော်အစိုးရရဲ့ ဒီမိုကရေစီ လမ်းကြောင်း ဖော်ဆောင်နေတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။ ဖြေ ။ အလွန်ဝမ်းသာတယ်။ အခုဆိုရင် အကုန်လုံး လမ်းပန်းဆက်သွယ်ရေးတွေကောင်းပြီး လျှပ်စစ် မီးတွေရလာတယ်။ အားလုံးပြည့်ပြည့်စုံစုံမဟုတ်ပေမယ့် လိုအပ်တဲ့နေရာတွေမှာ ဖြည့်ဆည်းပေးနေသလို ကျန်တဲ့ နေရာတွေကိုလည်း ဖြည့်ဆည်းပေးမှာပါ။ ဖြည့်ဆည်း ပေးရမယ့်နေရာတွေကိုလည်း ပြည့်ပြည့်ဝဝနဲ့ ဖြည့်ဆည်း ပေးတယ်လို့ မြင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ပါပါတို့ ချသွားတဲ့ လမ်းစဉ်ကို အားလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲ ပြီး အကောင်အထည်ဖော်ကြပါလို့ ပြောချင်တယ်။ ဒေါ်မြင့်မြင့်ခိုင်၊ ပါမောက္ခဌာနမှူး-ငြိမ်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် (အာဇာနည်ခေါင်းဆောင် မန်းဘခိုင်၏သမီး) မေး ။ အာဇာနည်နေ့ရောက်လာပြီဆိုရင် တစ်တိုင်း ပြည်လုံးက ပြည်သူတွေကလည်း လွမ်းဆွတ် သတိရကြတယ်။ မိသားစုတွေအနေနဲ့ကော ဘယ်လို ခံစားမှုတွေ ဖြစ်ပေါ်လာတယ်ဆိုတာ သိပါရစေ။ ဖြေ ။ အထူးသဖြင့် အာဇာနည်ဗိမာန်သွားရင် အခု ဘာမှ အမှတ်တရမရှိတော့ဘူး။ ဟိုတုန်းက အုတ်ဂူတွေမှာဆိုရင် ဝန်ကြီးဌာနနဲ့တကွ နာမည်တွေ၊ ဘယ်နှစ်တွေမှာမွေးဖွားတယ်၊ ဘယ်ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်တယ်၊ ပြီးတော့ အဲဒီဂူရဲ့အပေါ်မှာ ဓာတ်ပုံတွေ အသီးသီးရှိတယ်။ အခု အကုန်လုံး ဘာမှ မရှိတော့တဲ့အခါ နောက်လူတွေ သိဖို့ရာ အတော့်ကို ခက်သွားတယ်။ ဒါကြောင့် အနည်းဆုံးတော့ ဓာတ်ပုံ၊ ဥပမာဆိုပါစို့ ကြေးရုပ်နဲ့ပဲဖြစ်ဖြစ်၊ အနုပညာရှင်တွေတောင်မှ ကြေးရုပ်နဲ့ထုပြီး လုပ်နေတော့ ဒီခေါင်းဆောင်ကြီး တွေရဲ့ပုံတွေကို မလုပ်နိုင်စရာ အကြောင်းမရှိဘူးလို့ ထင်တယ်။ အနည်းဆုံးနာမည်နဲ့ သူတို့ဘယ်လိုတာဝန် ထမ်းဆောင်ခဲ့သလဲဆိုတာ အရင်တုန်းက အုတ်ဂူ တွေမှာရှိတဲ့ ကျောက်ပြားမှာရေးထားတာ။ အခု အဲဒီ လောက်တော့ ဖြစ်စေချင်တာပေါ့။ အဲဒီလိုမဟုတ် တဲ့အခါ သွားတိုင်းသွားတိုင်း စိတ်မကောင်းဖြစ်ရတယ်။ နောက်တစ်ခုက လွတ်လပ်ရေးနေ့ရောက်တိုင်း မှာ ဂုဏ်ပြုညစာစားပွဲလုပ်ပြီးတော့ လွတ်လပ်ရေး အတွက် တာဝန်ထမ်းဆောင်ခဲ့တဲ့ လူတွေရဲ့မိသားစု တွေနဲ့ ဂုဏ်ပြုတဲ့ ညစာထမင်းစားပွဲရှိတယ်။ အဲဒါ ဟိုတုန်းက အမြဲဖိတ်ခဲ့တယ်။ ဖိတ်တာ ဒီလွတ်လပ်ရေး နေ့မှ မဟုတ်ဘူး။ ဟိုတုန်းက တပ်မတော်နေ့တို့၊ ဘာတို့ ဘာအခမ်း အနားရှိရှိ၊ ဝန်ကြီးတွေLevel သတ်မှတ်ပြီး ဘာပွဲလမ်းရှိရှိ၊ ဒီအာဇာနည်မိသားစုဝင်တွေကို အမြဲ တမ်းရှေ့တန်းက ဖိတ်ခဲ့တယ်။ အခုအသိအမှတ်မပြု တော့ဘဲ လွတ်လပ်ရေးနေ့ညစာစားပွဲကျင်းပနေတာ မိသားစုအနေနဲ့ ပိုပြီးတော့ စိတ်မကောင်းဖြစ်ရတယ်။ အဓိကက အဲဒီအချက် နှစ်ချက်ပဲပြောချင်တာ။ တခြား ဟာတွေ ဘာမှမရှိပါဘူး။ မေး ။ လက်ရှိ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးနေမှုအပေါ် ဆရာမကြီး အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ဖြေ ။ ဟိုတုန်းကဆို တိုင်းရင်းသားတွေအကုန်လုံး စည်းစည်းလုံးလုံးနဲ့ဝိုင်းပြီး လွတ်လပ်ရေး အတွက်လုပ်ခဲ့ကြတာ။ အခုလည်း အဲဒီလိုအခြေအနေ မျိုးဖြစ်စေချင်တယ်။ ဗိုလ်ချုပ်တို့၊ အဖေတို့ကြိုးစား ခဲ့တာ၊ အသက်ပါပေးပြီး ကြိုးစားခဲ့တာတွေ အခုမှ ဒီလိုဖြစ်နေတယ်ဆိုတော့ နှမြောဖို့ကောင်းတာပေါ့။ အာဇာနည်ခေါင်းဆောင်ကြီးတွေ အသက်စွန့်သွားတာ မတန်ဘူး ဖြစ်သွားတာပေါ့။ တစ်နိုင်ငံလုံး စည်းစည်း လုံးလုံးနဲ့ လွတ်လပ်ရေးရဲ့ အရသာခံစားပြီး ပျော်ရွှင် တဲ့နိုင်ငံကြီး ဖြစ်စေချင်တယ်။ အာဇာနည်ခေါင်းဆောင် ကြီးတွေရဲ့ စိတ်ထဲမှာလည်း ဒီလိုဆန္ဒတွေရှိနေမယ်လို့ ထင်တယ်။ ဦးအုန်းမောင်သည် ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်ပြီး ၁၉၃၇ ခုနှစ်တွင် အိုင်စီအက်(စ်)စာမေးပွဲ ဝင်ရောက်ဖြေဆိုရာ ဖြေဆိုသူသုံးဦးအနက် ပထမရရှိခဲ့သူ ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင် ရေးအတွင်းဝန်အဖြစ် ဆောင်ရွက်နေစဉ် ဗိုလ်ချုပ်တို့နှင့် အတူ ကျဆုံးခဲ့ရခြင်းဖြစ်သည်။ ဦးအုန်းမောင်၏သား ဖြစ်သူ ဒေါက်တာ မင်းမြင့်နှင့် တွေ့ဆုံခဲ့ရာတွင် ...။ ဒေါက်တာ မင်းမြင့်၊ ပါမောက္ခဌာနမှူး-ငြိမ်း၊ ကုန်ထုတ်ဓာတုဗေဒဌာန (အတွင်းဝန် ဦးအုန်းမောင်၏ သားအငယ်ဆုံး) မေး ။ အာဇာနည်နေ့ရောက်ပြီဆိုရင် အာဇာနည် ခေါင်းဆောင်ကြီးတွေနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးက ပြည်သူတွေက လွမ်းဆွတ်သတိရမှုတွေ ရှိနေကြတယ်။ ဆရာ့အနေနဲ့ အာဇာနည်နေ့ရောက်ခါနီး ဘယ်လိုခံစားမှု တွေရှိတယ်ဆိုတာ သိပါရစေ။ ဖြေ ။ အဖေတို့ကျဆုံးချိန်မှာ ဆရာက တစ်နှစ်နဲ့ ၁ဝ လသားပဲ ရှိသေးတယ်။ စိတ်မကောင်းဖြစ် တာတော့ အရွယ်ရောက်ပြီး ၁၉ ဇူလိုင်မှာ တစ်နှစ်တစ်ခါ လွမ်းသူ့ပန်းခွေချတော့မှသိတယ်။ စိတ်မကောင်းဖြစ်မိ တယ်။ ကျဆုံးချိန်တုန်းက ၁ နှစ် ၁ဝ လသားဆိုတော့ ဒါတွေမသိဘူးပေါ့၊ ပိုပြီးခံစားရတာ သားသမီးတွေထက် စာရင် ဆရာ့အမေ ဒေါ်သိန်ြး<ွကယ်က ပိုခံစားရတယ်။ အဖေကျဆုံးချိန်တုန်းက အမေက အသက်၂၂ နှစ်လောက်ပဲရှိသေးတယ်။ အမေက နှစ်တိုင်း ဒီအချိန် ရောက်ရင် အခုထိနေထိုင်မကောင်းဖြစ်ပြီး အိပ်မက် လိုလို အတိတ်ကို ပြန်သတိရတယ်။ အခုလိုတစ်ယောက် တည်း ဆိုရင် ပြန်တွေးပြီး စိတ်မကောင်းဖြစ်နေတတ် တယ်၊ မျက်ရည်ကျနေတယ်၊ ဆရာတို့ကိုတော့ ဖွင့်မပြောဘူးပေါ့။ အခု အမေက အသက် ၉၁ နှစ်ရှိပြီ။ အဖေ့အတွက် အမြဲတမ်း ဆွမ်းကျွေးပေးရတယ်။ အဖေကျဆုံးချိန်တုန်းက ၃၄ နှစ် အရွယ်ပေါ့၊ ဒီနှစ်သက်စေ့ သံဃာတော်တွေ ဆွမ်းကပ်မယ်။ နိုင်ငံ တော်ကလုပ်တဲ့မြို့တော်ခန်းမမှာ ဆွမ်းကျွေးတာတောင် မသွားဘူး။ သူကိုယ်တိုင်အိမ်မှာ သံဃာတွေပင့်ပြီး ဆွမ်းကပ်တယ်။ မေး ။ အစိုးရသစ်လက်ထက်မှာ ကျင်းပတဲ့ အာဇာနည် နေ့အခမ်းအနားနဲ့ပတ်သက်ပြီး မိသားစုဝင်တွေ အနေနဲ့ ဘယ်လိုထင်မြင်ပါသလဲ။ ဖြေ ။ ဟိုးတုန်းကသိတတ်တဲ့ အရွယ်ရောက်ကတည်း က အာဇာနည်နေ့အခမ်းအနားတက်ရင် သမ္မတကြီး မန်းဝင်းမောင် ကိုယ်တိုင်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး အန်တီဒေါ်ခင်ကြည်၊ အောင်ဆန်းစုကြည်လည်းပါတာပေါ့။ ဦးအောင်ဆန်းဦး တို့ရော၊ သူတို့မိသားစုကထိပ်ဆုံးမှာနေပြီး သမ္မတကြီး က အားလုံးကို လက်ဆွဲနှုတ်ဆက်တယ်။ အားပေး စကားပြောတယ်။ မိသားစုကိုးဖွဲ့ကို တစ်ဖွဲ့စီလိုက် နှုတ်ဆက်တယ်။ ပြီးတော့မှ အားလုံး အာဇာနည်ဗိမာန် ပေါ်အတူတက်တယ်။ ပန်းခွေအတူတူချတယ်။ အလေး ပြုတာလည်းအတူတူပဲ။ အဲဒီအစဉ်အလာကို တော်လှန်ရေးကောင်စီ အစိုးရ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်မှာလည်း လုပ်ခဲ့ တယ်။ ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် မိသားစုဝင်တွေ ကို ရင်းရင်းနှီးနှီးနှုတ်ဆက်တယ်။ နှုတ်ဆက်ပြီးရင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဇာနည်ဗိမာန်ပေါ်တက်သွား တယ်။ မိသားစုဝင်တွေက နောက်ကလိုက်သွားတယ်။ အတူတူပန်းခွေချတယ်။ အဲဒါလေးက ဟိုတုန်းက အစီအစဉ်ပေါ့။ နောက်ပိုင်းတော့ ပြန်ကြားရေးဝန်ကြီးအဆင့် လောက်၊ အဲဒီကနေနောက်ဆုံး မြို့တော်ဝန်အဆင့်ထိ ဖြစ်သွားတယ်။ ဟိုတုန်းကတော့ ဗိုလ်ချုပ်ကြီးတွေ၊ သမ္မတကြီးတွေ ပန်းခွေချရင် မိသားစုဝင်တွေပါ အတူတူ လိုက်ချတယ်။ နောက်ပိုင်းတော့ ဘယ်သူ့လက်ထက်လဲ မသိတော့ဘူး။ အဲဒီအစီအစဉ်တွေပျက်သွားတယ်။ အခုတော့ နိုင်ငံတော်လူကြီးတွေ ဂါရဝပြုပြီးရင် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေက တစ်ဖွဲ့ချင်း ဂါရဝပြုကန်တော့ကြရတယ်။ ဖြစ်နိုင်ရင် ဟိုတုန်းကလို ပြန်ဖြစ်ချင်တယ်။ အခုလည်းသမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်ကစပြီး နိုင်ငံတော် ဒုတိယသမ္မတအဆင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌတွေ တက်ရောက်ပြီး ဂါရဝပြု လာတာ တွေ့ရတယ်။ ဆရာတို့ဆို သွားရေးလာရေး ကားအဆင်မပြေ လို့ နိုင်ငံတော်ကနေပြီး အဆင်ပြေအောင် ဆောင်ရွက် ပေးတယ်။ နိုင်ငံတော်ကလုပ်ပေးတဲ့ အစီအစဉ်က ဆရာ့ အမြင်နဲ့ပြောရရင် အဆင်ပြေပါတယ်။ ဒီနှစ်နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင်လာမယ်လို့ သတင်း သဲ့သဲ့ကြားတယ်။ လာမယ်ဆိုရင်တော့ အတိုင်းမသိ ဝမ်းသာတာပေါ့။ စိတ်အလွန်ထိခိုက်နေတဲ့အချိန် နိုင်ငံ့အကြီးဆုံး ခေါင်းဆောင်က ဘာပဲပြောပြောလာတယ် ဆိုရင်တော့ မိသားစုတစ်ဦးချင်းက အလွန်ဝမ်းသာကြလိမ့်မယ်။ စိတ်မကောင်းတဲ့ကြားထဲကပဲ လာအားပေးမယ်ဆိုရင် အင်မတန်ပဲ အားရှိတာပေါ့။ မေး ။ အခု အစိုးရလက်ထက်မှာ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုတွေလုပ်နေ တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။ ဖြေ ။ အခုလုပ်နေတဲ့အချိန်ထိ ဆရာကိုယ်တိုင်က လည်း နိုင်ငံရေးသမားစစ်စစ် မဟုတ်သေးတော့ နိုင်ငံရေးလုပ်ဖို့ စိတ်ဆန္ဒတော့ရှိတယ်။ နိုင်ငံရေးသမ္ဘာရင့် အတွေ့အကြုံမရှိတော့ သမ္မတကြီး ဦးသိန်းစိန် လုပ်တာ တွေ မှတ်ချက်ပေးဖို့ခက်တယ်။ ယေဘုယျပြောမယ်ဆိုရင် သမ္မတကြီးလုပ်နေတဲ့ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး ကို အများကြီး သဘောကျပါတယ်။ ထောက်လည်း ထောက်ခံပါတယ်။ လိုချင်တဲ့ ဒီမိုကရေစီအဆင့်ကိုတော့ အပြည့်အဝမရောက်ရှိသေးဘူးလို့ ထင်တယ်။ (ဟုတ်ကဲ့၊ အခုလို စိတ်ရှည်လက်ရှည် ဖြေကြား ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။)

No comments: