Saturday, July 18, 2015

အာဇာနည်နေ့ကိုဖြင့် မြန်မာတွေအဓိဌာန်တစ်မျိုးရယ်နဲ့ ဦးညွှတ်လို့အလေးပြုစေချင် ======================================

အာဇာနည်နေ့ အကြိုဆောင်းပါး အာဇာနည်နေ့ကိုဖြင့် မြန်မာတွေအဓိဌာန်တစ်မျိုးရယ်နဲ့ ဦးညွှတ်လို့အလေးပြုစေချင် ====================================== လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ပေါ်ပေါက်လာရေးအတွက် ဒုတိယကမ္ဘာစစ်အပြီး၌ နိုင်ငံခေါင်းဆောင်များ ကြိုးပမ်းအားထုတ်ခဲ့ကြရာနေရာ၊ နှစ်ဆယ်ရာစုအစပိုင်းတွင် ရွေးကောက်ခံအစိုးရအဖွဲ့ စတင်ရုပ်လုံးပေါ်ရာနေရာ၊ ဒီမိုကရက်တစ် မြန်မာ့ လူ့ဘောင်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ရေးဆွဲ ရာနေရာ၊ မြန်မာ့ပထမဆုံး တိုင်းပြုပြည်ပြု လွှတ်တော် ကျင်းပခဲ့ရာနေရာ၊ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် နိုင်ငံ့ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်နေရာ၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် အင်္ဂလိပ်အစိုးရထံမှ လွတ်လပ်ရေးကို ကြေညာရယူပေးခဲ့သည့်နေရာ၊ ဤနေရာ ကား ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ အတွင်းဝန်များရုံး ဖြစ်ပါသည်။ အတွင်းဝန်များရုံးက ကျွန်တော်တို့ရုံးနှင့် မျက်နှာ ချင်းဆိုင်ဖြစ်၍ ဆယ်စုနှစ်ကျော်မျှ ရင်းနှီးကျွမ်းဝင်ပြီး မြင်ပါများခဲ့သော်ငြား တစ်နေ့တစ်မျိုး မရိုးနိုင်သေးပါ။ အတွင်းဝန်များရုံးရှေ့ပလက်ဖောင်းဘက်ကသာ တတ်နိုင် သမျှ လမ်းလျှောက်ငေးမောရင်း သမိုင်း၏ အတိတ် သမိုင်း၏ အရိပ်များကို ပြန်ပြောင်းတူးဆွနေမိသည်။ ဤသည်မှာ သမိုင်းကိုစိတ်ဝင်စားသူတိုင်း စားသုံးရသည့် အရသာတစ်မျိုးသာ ဖြစ်ပေသည်။ ''နံနက် ၁ဝ နာရီ မိနစ် ၃ဝ ခန့် အလှည့်ကျအစိုးရ အတွင်းဝန် ဦးအုန်းမောင်ရောက်လာပြီး သုံးလေးမိနစ် ခန့်အကြာတွင် လူသတ်သမားများ ရောက်လာခြင်း ဖြစ်သည်။ ရှေ့ဆုံးမှဝင်လာသူသည် အစည်းအဝေး စားပွဲကြီး၏ ဂငယ်ပုံအစမှဝင်၍ အလယ်၌ခြေစုံရပ်ပြီး လျှင် ဗိုလ်ချုပ်အား စ၍ပစ်လေတော့သည်။ ဗိုလ်ချုပ်သည် ထိုင်ရာမှထ၍ လက်ကာပြပြီးလျှင် တစ်ခုခုအော်၍ ပြော သည်။ ကောင်းကောင်းနားမလည်လိုက်ပါ။ လူသတ် သမားများ ပစ်ခတ်နေစဉ် ဗိုလ်ချုပ်သည် သူ၏လက်ယာ ဘက် နောက်ဆွယ်တွင်ရှိသော ရုံးစားပွဲသို့မရောက်မီ စားပွဲနှစ်ခုအကြား၌ ကျဆုံးခဲ့လေသည်။'' ဆိုခဲ့ပါ ၁၉၆၇ ခုနှစ် ဇူလိုင် ၁၅ ရက်ထုတ် လမ်းစဉ် သတင်းတွင် ထိုစဉ်က လုပ်ကြံမှုမှ လွတ်မြောက်ခဲ့သူ ဝန်ကြီးဦးဗဂျမ်း၏ ကိုယ်တွေ့ရေးသားဖော်ပြမှုကလည်း ဤအတွင်းဝန်ရုံးများတွင် သမိုင်းပုံရိပ်များဖြင့် ယနေ့တိုင် စွန်းထင်းထင်ကျန်ရစ်နေဆဲဖြစ်သည်။ ''ကျွန်ုပ်မှတ်မိသော မြင်ကွင်းကိုဖော်ပြရလျှင် ပေ ၄ဝ ပတ်လည်ခန့်မျှရှိသော ခန်းမတစ်ခုလုံး ဆီးနှင်းများ ကျသကဲ့သို့ ယမ်းငွေ့များ တထောင်းထောင်းဖြင့် ဖုံးလွှမ်း နေပြီး ကျည်ဆန်များကလည်း ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲ ၍နေပေသည်။ ဗိုလ်အောင်ကျော်လမ်း(ထိုစဉ်က စပတ်လမ်း)ဘက် သို့ မျက်နှာပြုထားသော ဂငယ်သဏ္ဌာန်စားပွဲထပ်နှင့် ခပ်လှမ်းလှမ်းကြမ်းပြင်ပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းမှာ တုံးလုံးလဲလျက် ငြိမ်သက်နေသည်။ စားပွဲလက်ယာဘက် တွင် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းက သူ၏ကုလား ထိုင်ပေါ်တွင်ပင်ထိုင်လျက် စားပွဲပေါ်သို့ကုန်း၍ လက် ထောက်ထားပြီး ပါးစပ်ကိုဟထားရာ ပါးစပ်မှ သွေးများ စီးကျနေသည်။ စားပွဲလက်ဝဲဘက်တွင် ထိုင်နေကြသော ဝန်ကြီး သခင်မြသည် စားပွဲထိပ် လက်ဝဲဘက်ထောင့် စားပွဲအောက်နား၌ မှောက်လျက်လဲနေရာ သေဆုံးနေပြီ ဟု ယူဆရသည်။ ဝန်ကြီး မစ္စတာ ရာဇတ်၊ ဝန်ကြီး‘ဒီးဒုတ် ဦးဘချို၊ ဝန်ကြီး ဦးဘဝင်းနှင့် ဝန်ကြီး မန်းဘခိုင်တို့သည် သူတို့ထိုင်မြဲ ကုလားထိုင်များတွင် ခေါင်းငိုက်စိုက်ကျ လျက် ငြိမ်သက်နေကြသည်။ မစ္စတာ ရာဇတ်နှင့် ဒီးဒုတ် ဦးဘချိုတို့ နှစ်ဦးတည်းသာ မသေဆုံးကြသေးဘဲ အနည်း ငယ်စီ အသက်ရှူရှိုက်လှုပ်ရှားနေကြသည်။'' တင်ပြပါ ၁၉၆၉ ခုနှစ်ထုတ် လမ်းစဉ်သတင်းတွင် ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ အစိုးရအဖွဲ့တွင် ပါဝင် ခဲ့ပြီး လုပ်ကြံမှုကြီးတွင် ကံသီ၍လွတ်မြောက်ခဲ့သူ ရခိုင် အမျိုးသားခေါင်းဆောင် ဦးအောင်ဇံဝေက ¤င်း၏ကိုယ် တွေ့အဖြစ်အပျက်ကို ဖော်ပြခဲ့မှုကလည်း ဤရက်ပိုင်း အတွင်းဝန်များရုံးကိုမြင်လေတိုင်း ပြန်လည်လွမ်းဆွတ် တသ သတိရစရာပင်။ တစ်ဆက်တည်းမှာပင် လုပ်ကြံမှုကြီးဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီခန့်မှာပင် ဦးစောနှင့် အပေါင်းအပါများ အဖမ်းခံခဲ့ရပြီး ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်တွင် လုပ်ကြံမှုတရားခံ ခေါင်းဆောင်ဦးစောနှင့် မောင်စိုး၊ သက်နှင်း၊ မောင်စိန်၊ ရန်ကြီးအောင်၊ သုခ၊ မောင်နီ၊ ခင်မောင်ရင်နှင့် မှုံကြီးတို့ကို အထူးခုံရုံးက သေဒဏ်အမိန့် ချမှတ်ခဲ့မှုများ၊ ၁၉၄၈ ခုနှစ် မေ ၈ ရက် အရုဏ်တက် ၌ ဦးစော၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့ကို အင်းစိန် ထောင်၌ လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင် တို့ကို ရန်ကုန်ထောင်ကြီး၌ လည်းကောင်း ကြိုးပေးခဲ့မှု များ၊ ဘညွန့်မှာဖော်ကောင်ဖြစ်၍ လွတ်သွားပြီး ခင်မောင် ရင်၊ မောင်နီနှင့် သုခတို့မှာ သမ္မတကြီး၏ အမိန့်ဖြင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များကို ခံယူသွားခဲ့မှုများကို ပြန်ပြောင်းတွေးမိကာ ယဉ်ကျေးသော လူ့ဘောင်အသိုက် အဝန်းအတွင်း အကြမ်းဖက်မှုသည် မှန်ကန်သော လမ်းစဉ်မဟုတ်ကြောင်းကို သမိုင်းသင်ခန်းစာတစ်ရပ် အဖြစ် ပြန်လည်ထုတ်ယူမိပါသည်။ ထို့အပြင် ၁၉၄၈ ခုနှစ် မေလ ၈ရက်နေ့ထုတ် အိုးဝေ သတင်းစာ၏ ''ဤမိုးဤမြေ''အခန်းတွင် မောင်သုမနက ''ဗမာ့ဝဋ်ကြွေး''ခေါင်းစဉ်ဖြင့် ''မေလ ၈ ရက်နေ့မှာ ဦးစောကို ကြိုးပေးတော့မယ်။ ဒီသတင်းမျိုးကြားရတာစိတ်ညစ်တယ်ဗျာ။ ကျဆုံးခဲ့တဲ့ခေါင်းဆောင်များကို သတိရမိတဲ့အခါ လည်း ဦးစောဟာ အခုလိုဖြစ်ရမယ်ဆိုတာ မျှော်လင့်ခဲ့ပြီး ဟုပဲ လောကကြီးမှာ တရားအတိုင်းဖြစ်ကြရမှာကိုး။ ဒီအမှုကြီးကို အစအဆုံးတရားအတိုင်းစီရင်ပြီးရင် အမိမြန်မာပြည်ကြီးဟာ နောင်အခါမှာ ဒီလိုပူဆွေးဒုက္ခမျိုး ဘယ်တော့မှမရောက်ပါစေနဲ့လို့ လှိုက်လှဲစွာဆုတောင်း ပါတယ်။ ဒီလိုအဖြစ်မျိုးကို နောင်မှာမဖြစ်ကြရအောင် နိုင်ငံရေးခေါင်းဆောင်လုပ်သူများ အထူးသတိပြုကြ ပါခင်ဗျား။ တမလွန်ဘဝတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးစော ပြန်လည်မိတ်ဆက်ကာ လွတ်လပ်တဲ့ဗမာပြည်၌ ညီရင်း အစ်ကိုများအဖြစ် ပြန်လည်မွေးဖွားပြီး တိုင်းပြည်အကျိုး ကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ ဆုတောင်းပါတယ်။ လွတ်လပ်သောမြန်မာပြည်ကြီး တည်တံ့ပါစေသော်''ဟူ၍ ရေးသားခဲ့မှုများကိုလည်း ပြန်ပြောင်းသတိရမှု နှင့်အတူ ခေတ်တိုင်းခေတ်တိုင်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၏ အရေးပါမှုကို သတိပြုမိပါသည်။ တစ်ဆက်တည်းမှာပင် ဦးစောသည် ထိုစဉ်ကမတူ သည်များကို ခေတ္တဖယ်ထားပြီး တူညီသည်များကိုသာ အတူတကွ ပူးပေါင်းဆောင်ရွက်ရသည့် ဒီမိုကရေစီ ယဉ်ကျေးမှုနှင့်အညီ အတိုက်အခံပါတီအဖြစ် ရပ်တည် ကာ ၎င်း၏လိုလားချက်များအား ဗိုလ်ချုပ်ဦးဆောင်သော အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့ပါမူ မြန်မာ့သမိုင်းသည် ဤကဲ့သို့ ရာဇဝင် ရိုင်းခဲ့မည်မဟုတ်ဟုလည်း ဆင်ခြင်မိပါ၏။ ပစ္စက္ခတွင်လည်း မြန်မာနိုင်ငံသည် အာဇာနည်နေ့ အခမ်းအနားများကို ကျင်းပနေရုံသက်သက်ဖြင့် သမိုင်း ၏ သမိုင်းပေးတာဝန်ကျေပွန်ပြီဟု မဆိုနိုင်သေးချေ။ ဒီမိုကရေစီနုနယ်စကာလတွင် နိုင်ငံရေးအကျပ်အတည်း တစ်စုံတစ်ရာကြုံတွေ့ခဲ့ပါက လက်ရှိခေတ်ပြိုင်မျိုးဆက် လူငယ်များ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံသားအားလုံး သည် အကြမ်းဖက်လမ်းစဉ်အစား ငြိမ်းချမ်းစွာညှိနှိုင်း ဆွေးနွေးအဖြေရှာရေးဟူသည့် ဒီမိုကရေစီလမ်းစဉ်ကိုသာ အလေးထားရွေးချယ်ခြင်းဖြင့် အနာဂတ်မျိုးဆက်များ အား စံနမူနာလမ်းပြပေးနိုင်ပါလျှင် အဟောဝတ ကောင်းလေစွဟု စဉ်းစားမိပြန်ပါသည်။ ဤသမိုင်းသင်ခန်းစာကလည်း သီအိုရီအသစ်အဆန်း တစ်ရပ်တော့မဟုတ်ချေ။ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုသစ္စာတော်ခံ လူထုအစည်းအဝေးတွင် ထိုစဉ်က နိုင်ငံတော်ဝန်ကြီး ချုပ် ဦးနုပြောကြားခဲ့သည်။ ''ဗမာနိုင်ငံသူ နိုင်ငံသားတွေဟာ နှစ်ပေါင်း ၂ဝဝဝ လောက်ကြာမြင့်ခဲ့တဲ့ ဗမာ့ရာဇဝင် တစ်လျှောက်လုံးမှာ နိုင်ငံရေးအာဏာကို ဒီမိုကရေစီနည်းနဲ့ ရအောင်မယူ ကြဘဲ တစ်ယောက်လည်ပင်း တစ်ယောက်ဖြတ်ပြီး အဓမ္မစနစ်နဲ့ယူခဲ့တဲ့အတွက် ပြည်တစ်မင်း၊ တောင်ငူ တစ်မင်း၊ မုတ္တမတစ်မင်းစသည်ဖြင့် အစိတ်စိတ်အမြွှာမြွှာ ကွဲပြီး နောက်ဆုံးကျွန်ဘဝမှာ ဇာတ်သိမ်းခဲ့ရတယ်။ အဲဒါကို နောင်တမရကြသေးဘဲ တစ်ယောက်လည်ပင်း တစ်ယောက်ဖြတ်ပြီး အာဏာယူတဲ့ အဓမ္မစနစ်နဲ့ ပြည်ထောင်စုသားတွေဟာ အာဏာကိုလုနေကြမယ် ဆိုရင် အရင်တုန်းကလိုပဲ ပြည်ထောင်စုကြီးဟာ အစိတ် စိတ်အမြွှာမြွှာကွဲပြီး ဒီအဓမ္မသားတွေပါ အပါအဝင် ဖြစ်တဲ့ ပြည်ထောင်စုသားအားလုံးဟာ ကျွန်ဘဝမှာ ဇာတ်သိမ်းကြရလိမ့်မယ်လို့ တစ်နှစ်ကျော်လောက် ကတည်းကစပြီး မကြာခဏ ကျွန်တော်လူသိနတ်ကြားသတိပေးခဲ့တယ်''ဟူသည့် မိန့်ခွန်းကို ပြန်ပြောင်းကြည့် လျှင် သိရှိနိုင်စေသည်။ သို့ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အစဉ်အောက်မေ့တမ်းတသတိရသောအားဖြင့် ''မြန်မာ ပြည်လူထုညီညွတ်ဖို့လိုအပ်တယ်။ ဘယ်သူတွေညီညွတ် ရမလဲဆိုရင် တက်ခေတ်မြန်မာပြည်မှာ တက်အံ့ဆဲဆဲ လူငယ်နိုင်ငံရေးသမားတွေ ညီညွတ်မယ်ဆိုရင် မြန်မာ ပြည်ညီညွတ်မှာပဲ''ဟူသည့် ဗိုလ်ချုပ်၏ ညီညွတ်ရေး လမ်းစဉ်၊ ''ဒီမိုကရေစီဝါဒ လွတ်လပ်ရေးနဲ့ဆီလျော်တယ်။ ‘ဒီဝါဒဟာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ်'' ဟူသည့် ဗိုလ်ချုပ်၏ ဒီမိုကရေစီလမ်းစဉ်၊ ''ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်းကတခြား အကွဲကွဲအပြားပြားလုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်မှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်တယ်''ဟူသည့် ရာဇဝင်တွင် သည့် ပင်လုံညီလာခံနှင့် ပင်လုံစာချုပ်ကို အခြေပြုသည့် ဗိုလ်ချုပ်၏ ပြည်ထောင်စုစိတ်ဓာတ်၊ ''လာမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖျက်လို ဖျက်ဆီးလုပ်ကြမယ်ဆိုတဲ့လူတွေ ပေါ်လာရင်တော့ အဲဒီ လူတွေဟာ တိုင်းပြည်ရဲ့ ရန်သူနံပါတ်(၁)တွေပဲ''ဟူသည့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဗိုလ်ချုပ်၏ဆန္ဒ၊ ''မြန်မာပြည်ကြီး လွတ်လပ်စေချင်တယ်။ ညီညွတ် စေချင်တယ်။ ကြီးပွားစေချင်တယ်။ သည်ဟာပါပဲ'' ဟူသည့် ဗိုလ်ချုပ်၏ မျှော်မှန်းချက်၊ ''တိုင်းသူပြည်သား လူအများဟာ ဥမကွဲ သိုက် မပျက် တညီတညွတ်တည်း စည်းကမ်းတကျရှိကြဖို့ လိုတယ်'' ဟူသည့် မြန်မာပြည်သူများ စည်းကမ်းတကျ နှင့် တာဝန်သိမှုကိုလိုလားသည့် ဗိုလ်ချုပ်၏စေတနာ တို့ကို နိုင်ငံသားတိုင်း အစဉ်ထာဝရလိုက်နာ ကြိုးပမ်း ဆောင်ရွက်ကြရင်း ၂ဝ၁၅ ခုနှစ် (၆၈)နှစ်မြောက် အာဇာနည်နေ့ကိုဖြင့် မြန်မာတွေ အဓိဋ္ဌာန်တစ်မျိုးရယ်နဲ့ ဦးညွှတ်လို့ အလေးပြုစေချင်မိကြောင်းဟုဗျာ။ ။ ခင်မောင်ထွေး

No comments: