မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, July 12, 2015
စစ်ဦးစီးချုပ်တွေရဲ့နေဝင်ချိန်**
စစ်ဦးစီးချုပ်တွေရဲ့နေဝင်ချိန်**
ဗိုလ်ချုပ်မှူးကြီး စောမောင်သည်
မြန်မာ့ တပ်မတော်၏ ဆဋ္ဌမမြောက်
ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ပါသည်။
တပ်မတော်တွင် ရဲဘော် အဆင့်ဖြင့်
စတင်တာဝန်ထမ်း ဆောင်ခဲ့ပြီး
နောက်ဆုံး ကာကွယ်ရေး ဦးစီးချုပ်
အဆင့် အထိ တာဝန် ပေးအပ်ခြင်း
ခံရသူဖြစ်ပါသည်။
ယနေ့ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်အထိ
တပ်မတော်၏
ကာကွယ်ရေး ဦးစီးချုပ်များတွင်
ရဲဘော်ဘ၀မှ ဗိုလ်ချုပ်မှူးကြီး
ဖြစ်လာသူမှာ ဗိုလ်ချုပ်မှူးကြီး
စောမောင် တစ်ဦးတည်းသာ
ဖြစ်ပါသည်။
အလွန်လေးစား ဂုဏ်ယူဖွယ်ရာ
ကောင်းပါသည်။
ဗိုလ်ချုပ်မှူးကြီး စောမောင်သည်
မန္တလေးသား တစ်ဦးဖြစ်ပြီး ဆရာကြီး
ဦးရာဇတ်၏ နေရှင်နယ်ကျောင်းထွက်
တစ်ဦး ဖြစ်ပါသည်။
မြန်မာ့ တပ်မတော် ဗိုလ်သင်တန်း
အပတ်စဉ်(၆)မှ ဗိုလ်သင်တန်း
ကျောင်းဆင်း တစ်ဦးဖြစ်ပြီး
၁၉၈၈ အရေးအခင်း ကာလတွင်
ထိုစဉ်က တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီး
စောမောင်သည် မဆလ အစိုးရ၏
ကွပ်ကဲမှု အောက်တွင် တာဝန်ထမ်း
ဆောင် နေရသည်။
ထိုစဉ်က ဆိုးဝါးလာသော
အကြမ်းဖက်မှု၊ လုယက်မှု၊ ခေါင်းဖြတ်သတ်မှုများ
(ဤအခြေအနေဆိုးများကို
မဆလ အစိုးရနှင့် ထောက်လှမ်းရေးတို့
မှဖန်တီးသည်ဟု သုံးသပ်ကြပါသည်။)
ထို့ကြောင့် နောက်ဆုံးတွင်
ဦးနေ၀င်းသည်
၁၉၈၈၊ စက်တင်ဘာ ၁၇ ရက်
နေ့တွင် ဗိုလ်ချုပ်မှူးကြီး စောမောင်
နှင့် ဗိုလ်ချုပ် ခင်ညွန့်တို့အား ခေါ်ယူတွေ့ဆုံပြီး နိုင်ငံ၏ အာဏာ
ကို လွှဲအပ်ပေးလိုက်ပါတော့သည်။
ရိုးသားပြီး စစ်သား ပီသလှသော ဗိုလ်ချုပ်မှူးကြီး စောမောင်သည်
နိုင်ငံရေး အာဏာအား တာဝန်ယူ ထမ်းရွက်ရန် ၀န်လေးခဲ့ကြောင်းကို သိခဲ့ရပါသည်။
သို့သော် အခြေအနေ
အရပ်ရပ်ကြောင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့်
တည်ဆောက်ရေး အဖွဲ့သည် ပေါ်ပေါက်ခဲ့ရပါသည်။
အဆိုးဆုံးသော အခြေအနေတွင်
ဝင်ရောက် တာဝန်ယူခဲ့ရသောကြောင့် ဗိုလ်ချုပ်မှူးကြီး စောမောင်သည် Pressure အလွန်များ ခဲ့ရပါသည်။
ပင်ကိုယ်စရိုက်အားဖြင့် ပျော်ပျော်နေတတ်ပြီး နိုင်ငံရေးနှင့်
ရှုပ်ထွေးမှု မရှိအောင် နေလိုသော
သူ၏ ဆန္ဒသည် နိုင်ငံ၏ ကြီးမားသော တာဝန်ကြီးကို ထမ်းဆောင်ရသော
အခါ ပိုမို၍ စိတ်၏ ဖိစီးမှုကို ခံစားရပါ
သည်။
များမြောင်လှစွာသော နိုင်ငံရေး
ပါတီများ၊ အဖွဲ့အစည်း အမျိုးမျိုးတို့ဖြင့် ပေါ်ပေါက်ခဲ့သော ထိုကာလ၏ အခြေအနေများကို ယနေ့လူငယ်များ မှတ်သား ဖတ်ရှုရန် လိုပါသည်။
အုပ်ချုပ်ရေး ပျက်နေသော
ကာလတွင် နိုင်ငံရေး ပါတီများ၏
စုစည်းမှု၊ စည်းလုံးမှု၊ တစ်ဦးပေါ်
တစ်ဦး နားလည်မှုအစရှိသော
အခြေခံ အချက်အလက်များ ကွဲလွဲမှုတို့ကြောင့် မြန်မာနိုင်ငံသည်
ဒုတိယ အကြိမ်မြောက် စစ်အာဏာ
ရှင်စနစ် ဆက်လက်ကြီးစိုးရန် အတွက် ဖန်တီးပေးသကဲ့သို့ ဖြစ်ခဲ့ရပါသည်။
ဗိုလ်ချုပ်မှူးကြီး စောမောင်သည်
အာဏာ စတင်ယူပြီးသည့်နောက်
၁၉၈၉ ခု၊မတ်လ ၂၇ ရက်
တပ်မတော်နေ့ ညစာစားပွဲတွင် ဦးနေ၀င်းသည် ဗိုလ်ချုပ်ကြီး
ယူနီဖောင်းဖြင့် တက်ရောက်လာသည်
ကို မှတ်မိကြပါလိမ့်မည်။
ထိုစဉ် ကာလက န၀တ အစိုးရ
အပေါ်တွင် ဦးနေ၀င်း၏ အာဏာ လွှမ်းမိုးမှုသည် သက်ရောက်မှု ရှိနေခြင်း
ကို ပြသကဲ့သို့ ဖြစ်နေပါသည်။
ကမ္ဘာ့ နိုင်ငံများကလည်း န၀တ
အစိုးရသည် ဦးနေ၀င်း နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု မြင်ကြပါသည်။
မည်သို့ပင်ဆိုစေကာမူ ၈၈ အရေးအခင်းကြောင့် မဆလ အစိုးရအဖွဲ့ ပြုတ်ကျသွားပြီး တက်လာသော န၀တ အဖွဲ့သည် ရွေးကောက်ပွဲကို လုပ်ပေးမည်ဖြစ်ကြောင်းကို ကြေညာခဲ့ပါသည်။
ထို့ ပြင် ဗိုလ်ချုပ်မှူးကြီးသည်
၎င်းအား အနားပေးမည့်
စကားကိုလည်း ကမ္ဘာသို့
ပြောဆိုခဲ့ပါသည်။
၎င်းပြောကြားသော စကားများမှာ တပ်မတော် အစိုးရသည် ရွေးကောက်ပွဲ ကျင်းပပေးပြီးလျှင် နိုင်သောပါတီသို့
အာဏာ လွှဲပြောင်းပေးပြီး စစ်တန်းလျား
သို့ ပြန်မည်ဆိုသော စကား ဖြစ်ပါသည်။
ဤစကားကို ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ၄င်း၏ရင်ထဲက
ဆန္ဒအတိုင်း ရိုးသားစွာဖြင့် ပြောကြား
ခဲ့ခြင်း ဖြစ်ပါသည်။
ထိုစဉ်ကာလက ကျန်န၀တ အဖွဲ့ဝင်များသည် ဗိုလ်ချုပ်မှူးကြီး
စောမောင် ပြောသော စကားကို မလိုက်နာလိုသူများ အနေဖြင့် ဗိုလ်ချုပ်မှူးကြီး စောမောင်အား ဖယ်ရှားရေးကို စတင်ကြံစည်ခဲ့ပါသည်။
မဆလ ပါတီ၏ ပါတီဝင်ဟောင်း တစ်ဦးဖြစ်ပြီး CEC တာဝန်ကို
ယူခဲ့ရသော
ဗိုလ်ချုပ်မှူးကြီး စောမောင်သည်
၁၉၀၀ပြည့် ရွေးကောက်ပွဲတွင် မဆလ
ပါတီသည်လည်း လွှတ်တော်တွင်း
အတော်များများကို ရနိုင်သည်ဟု
မျှော်မှန်းခဲ့ရပါသည်။
သို့သော် တကယ်တမ်း အဖြေထွက်လာသော အခါတွင် တက်တက်စင် လွဲခဲ့ရပါသည်။
တဆည အမည်ဖြင့်
ရွေးကောက်ပွဲသို့ ၀င်ခဲ့သော မဆလ ပါတီသည် တစ်နိုင်ငံလုံးတွင် ၃နေရာလောက်သာ နိုင်သည်ဟု ထင်ခဲ့ပါသည်။
တပ်မတော် ဂေါက်ကွင်းတွင်
မဆလ ပါတီ၏ ထိပ်တန်း ခေါင်းဆောင်များအား မူလက
သူ့အပေါ်တွင် ထက်ဝက်ခန့် နိုင်ရမည်ဟု ပြောခဲ့သော စကားအရ ၄င်းမဆလပါတီမှ
လူကြီးများအား “ခင်ဗျားတို့ လိမ်လို့ကိုပဲ မပြီးနိုင်သေးဘူး”
ဟု ပြောခဲ့သည်ကို ကြားသိရပါသည်။
ထိုစဉ်က ရွေးကောက်ပွဲတွင် NLD ပါတီသည် အပြတ်အသတ် နိုင်ခဲ့သည်ကို မှတ်မိကြပါလိမ့်မည်။
မြန်မာနိုင်ငံအား ကယ်တင်ခဲ့သည်ဟု ကြွေးကြော်ခဲ့သော
ဗိုလ်ချုပ်မှူးကြီး စောမောင်၊
ရွေးကောက်ပွဲ ပြီးသောအခါတွင်
စစ်တန်းလျားသို့ ပြန်မည်ဟု
ကြွေးကြော်ခဲ့သော ဗိုလ်ချုပ်မှူးကြီး
စောမောင် ထိုပုဂ္ဂိုလ်၏
နောက်ဆုံးနေ့များသည် အလွန်
ကြေကွဲစရာလည်း ကောင်းပါသည်။
ဝမ်းနည်းစရာလည်း ကောင်းပါသည်။
ပင်ကိုယ် စရိုက်အားဖြင့် ရိုးသားဖြောင့်မတ်ပြီး နိုင်ငံရေးနှင့် ကင်းရှင်းစွာ နေလိုသူ၊
စစ်သား ဘ၀ကိုသာ မြတ်နိုး
ခုံမင်သူဟူသည့် အခြေအနေ
အရပ်ရပ်ကြောင့် နိုင်ငံရေး ဇာတ်ခုံ
ပေါ်တွင် အဓိက ဇာတ်ဆောင်အဖြစ်
ကပြ အသုံးတော်ခံရာမှ နိုင်ငံရေး
အာဏာကို ရွေးကောက်ပွဲတွင်
နိုင်လာသော NLD ပါတီသို့ ၄င်း၏ လုပ်ဖော်ကိုင်ဖက်များမှ အာဏာ
မလွှဲအပ် လိုသောကြောင့် နောက်ဆုံး
တွင် ၁၉၉၂ ခု၊ ဧပြီလ ၂၃ ရက်နေ့တွင် ရာထူးမှ ဖယ်ရှား ခံလိုက်ရပါသည်။
ဗိုလ်ချုပ်မှူးကြီး စောမောင်အား ဖယ်ရှားခြင်းနှင့် ပတ်သက်၍
အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ထွန်းကြည် ရေးသောစာအုပ်တွင် ဖတ်မိကြပါလိမ့်
မည်။
၎င်းစာပိုဒ်မှာ
“ဗိုလ်ချုပ်မှူးကြီး စောမောင် သေနတ်ဖြင့် စစ်ရုံးပေါ်သို့ တက်လာပါက တို့ဘာလုပ်ကြမလဲ”
ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မေးသောအခါတွင်
ဗိုလ်ချုပ်ကြီး ခင်ညွန့်မှ ၄င်း၏
သေနတ် ယမ်းများကို ထုတ်ထားကြောင်း၊ စိတ်ပူစရာ မလိုကြောင်း ပြောပါသည်။
မြန်မာ့ တပ်မတော်တွင် မိမိအကြီး
အကဲအား ဤသို့ ရာထူးမှ ဖယ်ရှားခြင်း
သည် ပထမဆုံး အကြိမ် ဖြစ်ပါသည်။
ယင်းဖြစ်ရပ်သည် တပ်မတော်အတွက် မကောင်းသော အစဉ်အလာ တစ်ခု ဖြစ်ပါသည်။သို့သော် အာဏာဟူသော စွမ်းအားကြီးသည်။
အချင်းချင်းကိုပင် သစ္စာဖောက်ရန် စေ့ဆော်သော စွမ်းအားကြီး တစ်ခု ဖြစ်ပါသည်။
ဤဖြစ်စဉ်တွင် ပါဝင်ခဲ့သော
ဗိုလ်ချုပ်ကြီး ခင်ညွန့်သည်
၎င်းအနေဖြင့် ဗိုလ်ချုပ်မှူးကြီး စောမောင်အား ဖြုတ်ချရာတွင်
အဓိက နေရာမှ ပါဝင်ခဲ့သောကြောင့်
၎င်းအား န၀တ အဖွဲ့တွင် ဒုဥက္ကဋ္ဌ
ရမည်ဟု မျှော်မှန်းခဲ့သော်လည်း နောက်ဆုံးတွင် သူကိုယ်တိုင်ပင်လျှင် ရာထူးမှ ဖြုတ်ခံရပြီး နေအိမ် အကျယ်ချုပ် ဘ၀သို့ ရောက်ရှိသွားရပါသည်။
မြန်မာ့ တပ်မတော်သို့
စစ်သားဘ၀ဖြင့် ၀င်ရောက်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ် အထိ
ဖြစ်လာသော ဗိုလ်ချုပ်မှူးကြီး စောမောင်သည် ၁၉၉၇ခုနှစ် ဇူလိုင်လ ၂၄ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။
စစ်သား ဘ၀တွင် အမိန့်နှင့် တာဝန်ကို အဓိကထားပြီး စစ်သား တစ်ယောက် ပီသစွာဖြင့် တာဝန်ကျေခဲ့သော ဗိုလ်ချုပ်မှူးကြီး စောမောင်သည်
နောက်ဆုံး နိဂုံးချုပ်မှာ မလှမပ ဖြစ်ခဲ့ရပါသည်။
စစ်သား ပီသစွာ မိမိ၏ ရင်ထဲရှိသော ရိုးသားစွာ ပြောကြားမိ၍ ရာထူးမှ ဖယ်ရှားခြင်း ခံရပါသည်။
၎င်းအနေဖြင့် ပင်ကိုယ်ရိုးသားသူ
တစ်ဦး ဖြစ်သည့်အတိုင်း စစ်သားဘဝ
ကိုသာ ခုံမင်ပြီး သမ္မတ၊ ၀န်ကြီးချုပ်
စသော ရာထူးများကို မက်မောခဲ့သူ
တစ်ဦး မဟုတ်ပါ။
၎င်းအကြောင်းအရာကိုလည်း ၄င်း၏နီးစပ်ရာ တပည့်များက
ပြောဆိုလေ့ ရှိကြောင်းကို သိရှိရပါသည်။
မည်သို့ပင် ဆိုစေကာမူ ဗိုလ်ချုပ်မှူးကြီး စောမောင်သည် မြန်မာ့တပ်မတော်၏ ဆဋ္ဌမမြောက် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည်ကိုက အငြင်းပွားဖွယ်ရာ မရှိပါ။
ကိုရင်မောင်
with Su Nld Apple Chit Thu Tin Ag Hlaing Uthant Al Nga Htin Nge Khutdawn Thway စစ်ဦးစီးချုပ်တွေရဲ့နေဝင်ချိန်**

Subscribe to:
Post Comments (Atom)
No comments:
Post a Comment