မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, July 9, 2015
အဘယ့်ကြောင့် မဲပေးသင့်သနည်း =======================
အဘယ့်ကြောင့် မဲပေးသင့်သနည်း
=======================
မြန်မာ့နိုင်ငံရေးရဲ့ ကြီးမားတဲ့ အပြောင်းအလဲကြီးဖြစ်မယ်လို့ အားလုံးက ယူဆထားတဲ့ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွေကို လာမယ့် နိုဝင်ဘာလ ၈ရက် (တနင်္ဂနွေနေ့)မှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။ ဒီလကုန်ဆိုရင် ပါတီပေါင်း ၈၃ ပါတီမှ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးကြတော့မှာပါ။ ပါတီအားလုံးကတော့ မည်သည့်မဲဆန္ဒနယ်မှာ မည်သူဝင်ရောက် အရွေးခံမယ်ဆိုပြီး တရားဝင် ထုတ်ပြန်တာတွေ ဒီနေ့အထိ မတွေ့ရသေးဘဲ တခြားပါတီတွေဆီက အဖြေကို စောင့်နေကြဟန်ရှိပါတယ်။
အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ ရွေးကောက်ပွဲကို ဝင်မယ်/ မဝင်ဘူး ဆိုတာကိုတောင် အခုအချိန်ထိ ပြတ်ပြတ်သားသား မပြောဆိုသေးပါဘူး။ မဲဆန္ဒရှင် ပြည်သူများကလည်း အသဲကြားက မဲတစ်ပြားကို ဘယ်ပါတီကို ပေးရမယ်ဆိုတာ စိတ်မဝင်စားယုံမျှမက မဲစာရင်းမှာ မိမိနာမည် ပါ/မပါ ကိုပင် စိတ်ဝင်စားသူ အလွန်နည်းနေပါတယ်။
ရွေးကောက်ပွဲမှာ မဲပေးခြင်း၊ မပေးခြင်းဟာ နိုင်ငံသား တစ်ဦးရဲ့ ကိုယ်ပိုင် အခွင့်အရေးပဲ ဖြစ်ပါတယ်။ နိုင်ငံ အနည်းစုမှာသာ မဲမပေးမနေရ သတ်မှတ် ထားပေမယ့် နိုင်ငံအများစုမှာတော့ မဲပေးမှုကို မိမိဆန္ဒ အလျှောက် မဲပေးခြင်း၊ မပေးခြင်း လုပ်ဖို့ သတ်မှတ် ထားပါတယ်။ သို့သော် နိုင်ငံသား တစ်ဦးအနေနဲ့ မဲပေးခြင်းဟာ မိမိရဲ့ အခွင့်အာဏာကို ကျင့်သုံးခွင့်ရခြင်း ဖြစ်တဲ့အတွက် မဖြစ်မနေ ကျင့်သုံး သင့်တယ်လို့ စာရေးသူအနေနဲ့ ယုံကြည်ပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ဟိုး ဂရိ ဒီမိုကရေစီ ကနေ စပြီး အမေရိကန် တော်လှန်ရေး၊ ဗြိတိသျှ စည်းမျဉ်းခံ ဘုရင်စနစ် စသည်ဖြင့် ဒီမိုကရေစီစနစ် အဆင့်ဆင့် ထွန်းကားခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ လူသား အားလုံး မဲပေးပိုင်ခွင့် ရခဲ့တာ မဟုတ်ပါဘူး။
ပထမပိုင်းမှာ မဲပေးခွင့်ကို ပစ္စည်း ပိုင်ဆိုင်မှုနဲ့ ဆုံးဖြတ်ခဲ့တယ်။ နောက်တော့ ပညာ အရည်အချင်း၊ နောက် အမျိုးသားတွေ အားလုံး (ကျွန်တွေမပါ) မဲပေးခွင့်၊ နောက်မှ အမျိုးသမီးတွေ မဲပေးခွင့်၊ အသားအရောင် မခွဲဘဲ မဲပေးခွင့် စသည်ဖြင့် မဲပေးခွင့်ရရှိဖို့ အတွက် အဆင့်ဆင့် တိုက်ပွဲ ၀င်ခဲ့ရတာပါ။ .
ဒီမိုကရေစီ စနစ်ကို မျှော်မှန်းပြီး ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ အစပိုင်း ကြေညာချက်မှာ Governments are instituted among Men, deriving their just powers from the consent of the governed, That whenever any Form of Government becomes destructive of these ends, it is the Right of the People to alter or to abolish it, လို့ ဖော်ပြခဲ့တဲ့ အမေရိကန်မှာတောင် အမေရိကန် အမျိုးသမီးများဟာ ၁၉၂၀ ပြည့်နှစ်၊ လူမည်းများဟာ ၁၉၆၅ ခုနှစ် ကျမှ အပြည့်အ၀ မဲပေးခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလို မဲပေးခွင့်ရဖို့ အတွက်လည်း အသက် သွေးချွေးတွေ အများကြီး ရင်းခဲ့ ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့ လူတိုင်း ရနေတဲ့ မဲပေးခွင့် ဆိုတာဟာ အင်မတန် တန်ဖိုးကြီးတဲ့ အတွက် ဒီအခွင့်အရေးကို သုံးခွင့်ရတဲ့ အချိန်တိုင်းမှာ မဲဆန္ဒရှင် တစ်ယောက် အနေနဲ့ မဖြစ်မနေ အသုံးချ ရမှာပဲ ဖြစ်ပါတယ်။
အခုချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်နိုင်သေးတာကြောင့်၊ တပ်မတော်သား လွှတ်တော်အမတ်တွေ ရှိနေသေးတာကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက် သင့်ကြောင်း တချို့က ပြောဆိုတာတွေလည်းရှိပါတယ်။
သပိတ်မှောက်ရုံဖြင့် ရွေးကောက်ပွဲက မပျက်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ စနစ်က အမေရိကန်၊ ဗြိတိန်တို့မှာလိုပဲ မဲဆန္ဒနယ် တစ်ခုမှာ မဲအများဆုံး ရတဲ့သူ တစ်ဦးပဲ အနိုင်ပေးတဲ့ စနစ် First Past the Post စနစ် ဖြစ်ပါတယ်။ မဲအများဆုံး ရသူဟာ ထောက်ခံသူ ငါးဆယ် ရာခိုင်နှုန်း ကျော်ဖို့လည်း မလိုပါဘူး။ အားလုံးသပိတ်မှောက်ချိန် တစ်ဦးတည်းက မဲထည့်လျှင် တစ်မဲရသူက အနိုင်ရသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်က ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲကို အသက် ၁၈ နှစ်ပြည့်ပြီးသူအားလုံး မဖြစ်မနေ မဲထည့်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။
ဒေါက်တာမျိုးချစ် အဘယ့်ကြောင့် မဲပေးသင့်သနည်း

ဒေါက်တာမျိုးချစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment