Monday, August 22, 2016

ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများစုပေါင်း၍ ရေဘေးကူညီမည်

ရန်ကုန်၊ သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်အတွင်း ရေဘေးသင့်ကျေးရွာများနှင့်အခြား ရေဘေးသင့်ဒေသများအတွက် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများစုပေါင်း၍ ကူညီထောက်ပံ့မှုများပြုလုပ်မည်ဖြစ်ကြောင်း ရွှေခရမ်းအသင်း(ကိုရီးယား)အဖွဲ့ခေါင်းဆောင် ဦးတင်ဝင်းနိုင်က ပြောကြားသည်။

ရေဘေးကူညီရေးအတွက် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားအလုပ်သမားများထံမှ ကောက်ခံရရှိသည့်အလှူငွေကျပ် ၂၆ သိန်းကျော်ရှိပြီဖြစ်ပြီး ကူညီထောက်ပံ့မည့်ကျေးရွာနှင့် အချိန်ကာလကို လတ်တလောမဆုံးဖြတ်ရသေးကြောင်း ရွှေခရမ်းအသင်း(ကိုရီးယား) ထံမှ သိရှိရသည်။

“ဒီမှာ(ကိုရီးယား)က နီးစပ်ရာအစုအဖွဲ့လေးတွေက အလှူခံပြီးရသလောက်လှူနေကြတာပါပဲ။ မြန်မာနိုင်ငံသားအလုပ်သမားတွေပေါ့။ အဓိကက ခရမ်းမြို့နယ်ထဲက လိုအပ်တဲ့နေရာကိုလှူဖို့ပါ။ အခုရေဘေးကတော့ အရေးပေါ်အလှူပါ” ဟု ဦးတင်ဝင်းနိုင်က ပြောကြားသည်။

ယင်ခင်နှစ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ကျေးရွာများထံ အသင်း၏ကူညီမှုများကို မြန်မာနိုင်ငံမှ အသင်းကိုယ်စားလှယ်များက ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့သော်လည်း ယခုနှစ်တွင် ငွေအင်အားနည်းသေးသောကြောင့် ကိုယ်တိုင်သွား၊ မသွားမဆုံးဖြတ်ရသေးကြောင်း ဦးတင်ဝင်းနိုင်က ပြောဆိုသည်။

အဆိုပါအသင်းကို ခရမ်းမြို့နယ်သားများဖြင့် စုပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ရေဘေး၊ မီးဘေး အရေးပေါ်အကူအညီများအပြင် ခရမ်းမြို့နယ် အတွင်း ကျေးရွာများမှ အန္တရာယ်ရှိကျောင်းဆောင်၊ အဆောက်အအုံများ ပြင်ဆင်တည်ဆောက်မှုကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း ရွှေခရမ်းအသင်း(ကိုရီးယား)ထံမှ သိရှိရသည်။

No comments: