Monday, August 22, 2016

အစိုးရတစ်ရပ်အဖြစ် တာဝန်ယူပြီဆိုပါက တိုင်းပြည်၏ဘဏ္ဍာ၊ တိုင်းပြည်၏ လူ့အရင်းအမြစ်နှင့် သမိုင်းကြောင်း အမွေကိုပါ ဆက်ခံပြီး အောင်မြင်အောင် ကြိုးစားရမည်ဟု ဦးသိန်းစိန်ပြောကြား

အစိုးရတစ်ရပ်အဖြစ် တာဝန်ယူပြီဆိုပါက တိုင်းပြည်၏ ပကတိလိုအပ်ချက်များနှင့် ပြည်သူတို့၏လိုအပ်မှုနှင့် ဆန္ဒ မျှော်မှန်းချက်များ၊ တိုင်းပြည်၏ဘဏ္ဍာ၊ တိုင်းပြည်၏ လူ့အရင်းအမြစ်နှင့် သမိုင်းကြောင်း အမွေကိုပါ ဆက်ခံပြီး အောင်မြင်အောင် ကြိုးစားရမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ သမ္မတဟောင်း ဦးသိန်းစိန်က ယနေ့ ပြောသည်။
 
“ကမ္ဘာ့နိုင်ငံများမှာရှိတဲ့ နိုင်ငံရေးပါတီတွေဟာ မိမိပါတီကို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကိစ္စ အဖြာဖြာကို ကျွမ်းကျင် နှံ့စပ်အောင် မပြတ်လေ့လာ ပြင်ဆင်ပြီး အချိန်အခါ ရောက်လာလို့ ပြည်သူက ရွေးချယ်တာဝန်ပေးရင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နိုင်အောင် ပြင်ဆင်ထားကြရသလို ပါတီကိုလည်း အလားတူ ပြင်ဆင်လေ့ကျင့်ထားရမှာ ဖြစ်ပါတယ်”ဟု ဦးသိန်းစိန်က သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီ ဒုတိယမြောက် ညီလာခံ ဖွင့်ပွဲမိန့်ခွန်းပြောကြားရာတွင် ပြောဆိုသည်။
 
ထို့အတူ ကမ္ဘာ့ဒီိမိုကရေစီနိုင်ငံများတွင် အမြဲနိုင်သည့် ပါတီမရှိသကဲ့သို့ အမြဲရှုံးနေသည့် ပါတီ မရှိသည်ကို တွေ့ရမည်ဖြစ်ပြီး ပြည်သူများကလည်း မည်သည့်ပါတီကို နိုင်ငံ့တာဝန်ပေးလျှင် ကောင်းမလဲစဉ်းစား၍ မဲပေးရွေးချယ်ကြရခြင်း ဖြစ်သည်ဟုလည်း ဦးသိန်းစိန်ကဆိုသည်။
 
ညီလာခံတွင် ပါတီ ဗဟိုအဆင့်အတွက် ပုဂ္ဂိုလ်များကို ညီလာခံကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ဆက်လက် ရွေးချယ်သွားမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲရလဒ်အပေါ် ပြန်လည်သုံးသပ်ကာ ပါတီကျစ်လစ်ခိုင်မာအောင် ပြန်လည်ဖွဲ့စည်းရာတွင် ရပ်ကွက်/ကျေးရွာ အဆင့်မှ ဗဟိုအထိ ပါတီအဆင့်ဆင့် ပြန်လည် ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေး ကော်မတီများ စနစ်တကျဖွဲ့စည်းနေသည်ဟု ဦးသိန်းစိန်က ပြောသည်။
 
“ပါတီရဲမူဝါဒရည်မှန်းချက်နဲ့ မဟာဗျူဟာအပိုင်းကို ပြောင်းလဲကျင့်သုံးဖို့ မလိုပေမယ့် နည်းဗျူဟာ ကျင့်သုံး မှု အပိုင်းတွေမှာတော့ ခေတ်ကာလ အခြေအနေ အချိန်အခါ ပြည်သူတွေရဲ့ လိုအင်ဆန္ဒ တွေနဲ့အညီ လိုက်လျောညီထွေ ပြောင်းလဲကျင့်သုံး သင့်တာတွေကို ပြောင်းလဲကျင့်သုံးရမှာ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်ကပြောသည်။
 
ပါတီသည့် ပြည်သူ့အတွက်ဟု ခံယူထားသည့်အတိုင်း ပြည်သူများ၏ ဆန္ဒ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားရမည်ဖြစ်ပြီး ပြည်သူ့ပါတီဖြစ်ရန်အတွက် ပြည်သူနှင့် အမြဲထိတွေ့နေပြီး ပြည်သူနှင့် တစ်သားတည်း ရှိနေကြရမည်ဖြစ်သည်။ ပြည်သူလူထု၏ အခက်အခဲ အကျပ်အတည်းကိုလည်း ကူညီဖြေရှင်းပေးရန် လိုအပ်ပြီး အခြေအနေအမှန်သိရှိအောင် အောက်ခြေအထိ ကွင်းဆင်းထိတွေ့နေရန်လည်း လိုအပ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
 
 
ဇော်မင်းထွန်း
The Ladies News

No comments: