တရားစွဲခံထားရသော ဒက္ခိဏသီရိမြို့နယ် အနိုင်ရNLDအမတ်ကို ယနေ့ စတင်စစ်ဆေးမည်
ရန်ကုန်၊ ဒီဇင်ဘာ ၆
နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်ဒေါ်သန်းသန်းစိုးတို့ကို မဲရုံအတွင်းနှောက်ယှက်မှုဖြင့် တရားစွဲဆိုထားရာ ယင်းအမှုကို ယနေ့ (ဒီဇင်ဘာ ၇ ရက်)တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း တရားစွဲခံထားရသူဒေါ်သန်းသန်းစိုးက ပြောကြားသည်။
နိုဝင်ဘာ ၃၀ရက်က တရားရုံးတွင် အမှုတွဲစတင်ခဲ့ပြီး အာမခံရသောကြောင့် ဒီဇင်ဘာ ၇ရက်တွင် စတင်စစ်ဆေးရန် တရားသူကြီးက ချိန်းဆိုလိုက်ကြောင်း၎င်းကပြောသည်။
“၇ရက်နေ့မှာတော့တရားလိုနဲ့သက်သေကိုစစ်ဆေးဖို့ချိန်းဖြစ်ပါတယ်။ ကျွန်မတို့ပြန်ပြီးတော့ မဲရုံမှူးကို အမှုဖွင့်ထားတာကျတော့ အခုထိတရားရုံးမရောက်သေးဘူး။ ဥပဒေရုံးမှာပဲရှိသေးတယ်၊ဥပဒေအကြံပြုချက်တောင်းထားတုန်းပဲရှိပါသေးတယ်”ဟု ဒေါ်သန်းသန်းစိုးကရှင်းပြသည်။
နိုဝင်ဘာ ၈ရက် ညနေပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တာဝန်ကျသော မဲရုံမှူးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ဦးကို မဲရုံအတွင်းမဲဆန္ဒရှင်များကို နှောက်ယှက်မှုဖြင့် ရွေးကောက်ပွဲဆိုင်ရာပြစ်မှုဥပဒေပုဒ်မ ၆၀၊၆၂တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်း ဒက္ခိဏသီရိမြို့နယ်ရဲစခန်းမှ စခန်းမှူးရဲမှူးစိုးဝင်းကရှင်းပြသည်။
အဆိုပါမဲရုံမှူးကအမှုဖွင့်တိုင်းကြားခဲ့သည့်အတွက် NLDကိုယ်စားလှယ်လောင်းကို နိုဝင်ဘာ ၁၂ရက်က ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ပြီး NLDကိုယ်စားလှယ်လောင်းမှ မဲရုံမှူးကို မဲရုံအတွင်းမဲဆွယ်မှုဖြင့် ရွေးကောက်ပွဲဥပဒေပုဒ်မ၆၁(က)(ခ)တို့ဖြင့် ပြန်လည်အမှုဖွင့်တိုင်းကြားခဲ့ကြောင်း ၎င်းကပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့်ရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်ထွန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှလယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ကို အနိုင်ရရှိခဲ့သည်။
No comments:
Post a Comment