Monday, December 7, 2015

မစုစုနွေး အမှုဟောင်းဖြင့် ပြင်ဦးလွင်တွင် အဖမ်းခံရ ------------------------------

မစုစုနွေး အမှုဟောင်းဖြင့် ပြင်ဦးလွင်တွင် အဖမ်းခံရ
------------------------------

မန္တလေး၊ ဒီဇင်ဘာ၆

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် လူ့အခွင့်အရေးဆိုင်ရာ လာရောက်ဟောပြောသည့်  မစုစုနွေးကို လွန်ခဲ့သော တစ်နှစ်ခန့်က ပြုလုပ်ခဲ့သော တောင်သူလယ်သမားများ၏ မြေသိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့မှုဖြင့် ဒီဇင်ဘာလ ၆ ရက်နေ့ ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးမိုက်ကယ်ထွန်းက ပြောကြားသည်။

လွန်ခဲ့သော ၂၀၁၄ ခုနှစ်ခန့်က ပြင်ဦးလွင်မြို့ရှိ တောင်သူလယ်သမားများ၏ မြေသိမ်းဆည်းခံရမှုနှင့် ပတ်သက်၍  ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် ပုဒ်မ ၁၈ ဖြင့် မစုစုနွေးမှာ အမှုဖွင့်ခံထားရကြောင်း၊ ယင်းနောက် တစ်နှစ်ကျော်အကြာ ၂၀၁၅ ခုနှစ်  ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြင်ဦးလွင်၌ ပြုလုပ်သော လူ့အခွင့်အရေးဟောပြောပွဲသို့ မစုစုနွေး လာရောက်ဟောပြောပြီးနောက် ယခင်အမှုဖွင့်ခံရသော ပုဒ်မဖြင့် စစ်ဆေးရန် မြို့နယ်ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးကာ စစ်ဆေးနေကြောင်း ၎င်းက ရှင်းပြသည်။

မစုစုနွေးကို ၂၀၁၄ ခုနှစ်က (ပ) ၁၂၂/၁၄၊ ငြိမ်းစုစီ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ် တရားရုံး၌ ရုံးထုတ်မည်ဖြစ်ကြောင်း၊ အသေးစိတ် အခြေအနေမှာ စစ်ဆေးနေဆဲ ဖြစ်သောကြောင့် ၎င်းအနေနှင့် ဖြေကြား၍ မရကြောင်း ပြင်ဦးလွင် မြို့မရဲစခန်းမှ တာဝန်ကျ ရဲအုပ်က ပြောဆိုသည်။

“အဖမ်းခံရတဲ့ ညကနေစပြီး တရားဥပဒေစိုးမိုးမှု မရှိလို့၊ မတရား ဖမ်းဆီးခံနေရလို့ အစာငတ်ခံ ဆန္ဒပြမယ်လို့ မစုစုနွေးက ပြောတယ်၊ အာမခံမယူဘူး။ အချုပ်ထဲမှာပဲ နေမယ်” ဟု ယင်းဟောပြောပွဲသို့ အတူလိုက်ပါလာသော ဦးမိုက်ကယ်ထွန်းက ပြောကြားသည်။

ပြင်ဦးလွင်မြို့နယ် ဧဒင်ဟိုတယ်တွင် ဒီဇင်ဘာလ ၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော လူ့အခွင့်အရေးဆိုင်ရာ ဟောပြောပွဲတွင် လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ ဦးအောင်မျိုးမင်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမာကီ၊ လယ်သမားနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေး အပါအဝင် အခြားလူ့အခွင့်အရေး ကျွမ်းကျင်သူများက လာရောက်ဟောပြောခဲ့သည်။

No comments: