Tuesday, December 8, 2015

ပြည်တွင်းငြိမ်းချမ်းရေးရရန်လုပ်ဆောင်နိုင်မည်ဟုယုံကြည်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပြောကြား

ပြည်တွင်းငြိမ်းချမ်းရေးရရန်လုပ်ဆောင်နိုင်မည်ဟုယုံကြည်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပြောကြား

နေပြည်တော်၊ဒီဇင်ဘာ ၇

ပြည်တွင်းငြိမ်းချမ်းရေးအတွက် စိတ်ဓါတ်အရင်းခံ၍ လုပ်ဆောင်ပါကမလွဲမသွေရရှိမည်ဟုယုံကြည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ယနေ့ (ဒီဇင်ဘာ ၇ ရက်)နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင်ပြုလုပ်သော တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ညစာစားတွေ့ဆုံပွဲတွင် ၎င်းကယင်းသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ပြည်ထောင်စုအတွက် ဆင်းရဲနေလို့မပေးနိုင်လို့ မပေးနိုင်ဘူးဆိုတာမဟုတ်ပါဘူး။အလုပ်အကျွေးပြုနိုင်တဲ့ယုံကြည်ချက်နဲ့ ရုပ်ပိုင်းမဟုတ်ဘူး။ စိတ်ဓါတ်ပိုင်းဆိုင်ရာနဲ့ မလွဲမသွေလုပ်ရင် ဒီငြိမ်းချမ်းရေးဟာမလွဲမသွေရကိုရရမယ်လို့ ကျွန်မယုံကြည်တယ်" ဟု ၎င်းကဆိုသည်။

ယင်းငြိမ်းချမ်းရေးအတွက် NLD ပါတီသာမက တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှသာရရှိနိုင်မည်ဖြစ်သောကြောင့် အခက်အခဲများကိုကျော်လွှားရန် အားလုံးတွင်တာဝန်ရှိကြောင်း ၎င်းကဆိုသည်။

"ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားတွေအားလုံးပါဝင်ရင်ဖြစ်မြောက်မှာပါ။အဖွဲ့ချုပ်ကလည်းကြိုးစားမှာပဲ" ဟု ၎င်းကပြောသည်။

လက်ရှိတွင် တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် ယခုလာမည့်လွှတ်တော်တွင် ပါဝင်ဆောင်ရွက်ခွင့်မရသော်လည်းဝေဖန်ခြင်း၊ထောက်ပြခြင်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စများကိုလုပ်စေလိုကြောင်း၊ယင်းအပြင်တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားသောဆောင်ရွက်မှုများဖြင့် အားမနာတမ်းပြောကြားစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်းပြောဆိုသည်။

ယင်းညစာစားတွေ့ဆုံပွဲသို့ တိုင်းရင်းသားကိုယ်စားလှယ် ၃၀ကျော်တက်ရောက်ခဲ့သည်။

No comments: