Tuesday, December 8, 2015

ဖားကန့်မြေစာပုံအနီး လူနေထိုင်ခြင်း တရားဥပဒေအရ တားမြစ်မည်ဟုဆို

ဖားကန့်မြေစာပုံအနီး လူနေထိုင်ခြင်း တရားဥပဒေအရ တားမြစ်မည်ဟုဆို
Tuesday, December 8, 2015

မြေစာပုံပြိုကျ၍ အ သက်ဆုံးရှုံးမှုများ မကြာခဏဖြစ်ပေါ်နေသော ဖားကန့်ဒေသတွင် စွန့်ပစ် မြေစာပုံအနီး လူအများဝင်ရောက် နေထိုင်မှုကို တရားဥပဒေအရ တားမြစ်၍ စည်းကမ်းတင်းကျပ်မည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနက ပြောသည်။

‘‘အခုလို အသက်ဆုံးရှုံးသွား ရတဲ့အတွက် လူသားတစ်ယောက် အနေနဲ့ ကျွန်တော်လည်း စိတ်မ ကောင်းဖြစ်မိပါတယ်။ နောက် တစ်ကြိမ် ဒီလိုမဖြစ်အောင် ကျွန် တော်တို့ လုပ်ဆောင်ဖို့ရှိပါတယ်။ အဓိကက တရားဥပဒေစိုးမိုးမှုကို လုပ်ရမှာပါ’’ဟု မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ညွှန်ကြားရေးမှူး ဦးဇော်အောင်က ပြောသည်။

သတ္တုတွင်းဝန်ကြီးဌာနက စွန့်ပစ်မြေစာပုံများအနီးတွင် လူများဝင်ရောက်နေထိုင်မှုကို တရားဥပဒေအရ တားမြစ်မည်ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် နောက်ထပ်အသက်ဆုံးရှုံးမှုများ မဖြစ်စေလို၍ ဖြစ်ကြောင်း ဆွေးနွေး တိုင်ပင်နေသည်ဟု ဦးဇော်အောင်က ပြောသည်။

သမ္မတဦးသိန်းစိန်ပြောကြား ခဲ့သော ဒီဇင်ဘာ ၅ ရက်မိန့်ခွန်း တွင် ယခုကဲ့သို့ အန္တရာယ်များ သည့် လုပ်ငန်းခွင်များအတွက် မူ ၀ါဒဆိုင်ရာများ ပြန်လည်သုံးသပ် ရန်လိုအပ်နေပြီး ယခုအဖြစ်အပျက်ကိုလည်း သင်ခန်းစာယူရန် တိုက်တွန်းထားသည်။

ထို့အပြင် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး၊ အကာ အကွယ် ကိရိယာအစုံအလင်ရှိ ရေးနှင့် အလျင်အမြန်ကယ်ဆယ် ရေးများ ဆောင်ရွက်နိုင်ရန် စည်းကမ်းများကို အထူးတင်းကျပ်ရမည်ဟု ဒီဇင်ဘာ ၅ ရက်က မိန့်ခွန်းတွင် သမ္မတကပြောသည်။

‘‘မ၀င်ရ၊ မလုပ်ရဆိုင်းဘုတ် တွေ၊ ညွှန်ကြားချက်တွေ ၀န်ကြီး ဌာနက ထုတ်ဖို့ ညှိနှိုင်းဆောင် ရွက်နေပါတယ်’’ဟု ညွှန်ကြားရေး မှူးက ပြောသည်။

ကျောက်စိမ်းမှ ထွက်ရှိလာ သည့် မြေစာများကို ကုမ္ပဏီက လှေကားထစ်သဏ္ဌာန်ပြုလုပ်၍ မြေစာပုံ စွန့်ပစ်သည့်နေရာတွင် လာရောက်စွန့်ပစ်ခြင်းဖြစ်သော ကြောင့် သတ္တုတွင်းဥပဒေနှင့်ညီ ကြောင်း၊ ဖားကန့်ကျောက်စိမ်း တွင်း၏ အောက်ခံမြေသည် နဂိုက တည်းက သက်တမ်းနုဖြစ်သော ကြောင့် ယခုမြေစာပုံပြိုကျမှုသည် မြေကျွံ၍ ပြိုဆင်းလာခြင်း ဖြစ်နိုင်သကဲ့သို့ မြေစာပုံအလယ်တွင် ရေမဆေးကျောက်ရှာသူများ ထွင်းဖောက်ရှာဖွေခြင်းကြောင့် ပြိုကျသည်လည်း ဖြစ်နိုင်ကြောင်း ဦးဇော်အောင်က ပြောသည်။

မြန်မာနိုင်ငံ၏ တွင်းထွက်သ ယံဇာတတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးလုပ်ဆောင်နေ သည့် သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကို မည်သို့တာဝန်ခံ၊ တာဝန်ယူဖြေရှင်းပေးရန်ရှိပါသလဲဟု မေးမြန်းရာ အစိုးရအဖွဲ့မှ ဥက္ကဋ္ဌ ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ယင်းကိစ္စနှင့်ပတ်သက်၍ ဖြေကြားခြင်းမရှိပေ။

အရပ်ဘက်အဖွဲ့အစည်းများ က ယင်းကိစ္စနှင့်ပတ်သက်၍ သေ ဆုံးသူများ၏ နစ်နာမှုကိုတာဝန် ယူ၊ တာဝန်ခံဖြေရှင်းပေးရန် အစိုးရဌာနဆိုင်ရာကို ဖိအားပေး တောင်းဆိုထားကြောင်း သိရ သည်။ ထို့အပြင် ဒီဇင်ဘာ ၅ ရက် တွင် သမ္မတပြောကြားခဲ့သည့် အ ချက်များကိုလည်း မြေပြင်အခြေ အနေမှန်နှင့် ကွဲလွဲမှုရှိ၍ အားမရ ကြောင်း ပြောကြားထားသည်။

‘‘လုပ်ငန်းခွင်မူဝါဒကို သမ္မတက အခုမှ သင်ခန်းစာယူပြီး သုံးသပ်ရန် လိုအပ်နေပြီလို့ ပြောသွားပါ တယ်။ အဲဒီဖြစ်တဲ့ကိစ္စမှာ အစောကတည်းက ဒီနေရာတွေမှာ အဲဒီ လောက် များလွန်းလှတဲ့ မြေစာ တွေ မသွန်ဖို့ အဲဒီကုမ္ပဏီတွေ စတင် တည်ထောင်စဉ်ကတည်း က သတိပေးထားလောက်တယ်။ သတိပေးထားရဲ့သားနဲ့ ဂရုမစိုက် ဘူးဆိုတာ အဲဒီကုမ္ပဏီအားကိုးရှိ နေလို့နေမှာပေါ့ဗျာ’’ဟု ဒေသခံ ကျောက်ကုန်သည် ဦးလွင်မောင် က 7Day Daily အား ဒီဇင်ဘာ ၅ ရက်က ဖြေကြားထားသည်။

သတ္တုတွင်းဥပဒေတွင် မြေ စာပုံစွန့်ပစ်နိုင်သည့် အမြင့်ပေ ပမာဏကို ၄၅ပေ သတ်မှတ်ထားသောကြောင့် ယင်းအမြင့်ပေကို ကျော်လွန်ပါက ဥပဒေချိုးဖောက်ရာရောက်ပြီး သတ္တုတွင်းဥပဒေအရ အရေးယူနိုင်သည်။

ဖားကန့်နှင့် လုံးခင်းဒေသ တွင် ကျောက်စိမ်းတူးဖော်ရေးမှ ထွက်ရှိသည့် မြေစာများကို ၄၅ ပေမကျော်လွန်ဘဲ မြေဧက ၁,၄၀၀တွင် မြေစာပုံ ၁၂ ပုံခန့်သာစွန့်ပစ်ရန် သတ္တုတွင်းဝန်ကြီးဌာနက သတ်မှတ်ထားသည်။

ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်ဒေသတွင် ကုမ္ပဏီများကစွန့်ပစ်ထားသော မြေစာပုံများထဲမှ ရေမဆေးကျောက်ရှာဖွေသူများကို နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုးဇေယျာထွန်း/ရိုက်တာ)
7Day Daily

No comments: