26-Aug-2016 tagged as
ရန်ကုန်၊ သြဂုတ် ၂၆
မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး ကဏ္ဍတွင် အသုံးပြုနိုင်ရေး ဂျပန်ယန်းငွေ ဘီလီယံ ၁ဝဝ ချေးပေးရန် ဂျပန်အစိုးရက ပြင်ဆင်နေကြောင်း The Japan Times သတင်းဌာနက သြဂုတ်လ ၂၆ ရက်နေ့တွင် ဖော်ပြထားသည်။
ဂျပန်အစိုးရက မြန်မာနိုင်ငံသို့ ယန်း ဘီလီယံ ၁ဝဝ ချေးပေးမည့် အစီအစဉ်ကို ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက စက်တင်ဘာလဆန်းတွင် လာအိုနိုင်ငံ၌ ပြုလုပ်မည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် တရားဝင် ကြေညာမည် ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ထပ်လောင်း ဖော်ပြထားသည်။
ယင်းချေးငွေများကို ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း ကဲ့သို့သော အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး ကဏ္ဍများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ကြောင်း ဂျပန်အစိုးရ သတင်းရင်းမြစ်များကို ကိုးကား၍ The Japan Times တွင် ရေးသားထားသည်။
ယန်းဘီလီယံ ၁ဝဝ (မြန်မာကျပ်ငွေ ဘီလီယံ ၁၂ဝဝ နီးပါး) ချေးပေးမည့် ဂျပန် အစိုးရ၏ အစီအစဉ်မှာ တရုတ်နိုင်ငံ၏ မြန်မာအစိုးရသစ်အပေါ် သြဇာ လွှမ်းမိုးရန် ကြိုးပမ်းမှုကို တန်ပြန် ချေဖျက်နိုင်ရေး ရည်ရွယ်ကြောင်း ဂျပန်အစိုးရ အရာရှိကြီး တစ်ဦးကို ကိုးကား ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကလည်း ဂျပန်အစိုးရက မြန်မာနိုင်ငံအပေါ် တင်ရှိနေသည့် ကြွေးမြီယန်း ဘီလီယံ ၅ဝဝ ခန့်ကို ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်တို့တွင် ပယ်ဖျက်ပေးခဲ့ပြီး ချေးငွေ အသစ် အများအပြား ခွင့်ပြုခဲ့သည်။ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် မြန်မာအစိုးရတို့ သဘော တူညီချက်ဖြင့် ၂ဝ၁၅ ခုနှစ် အောက်တိုဘာလအတွင်း ယန်းငွေ ဘီလီယံ ၁ဝဝ နီးပါးကို ထုတ်ချေးရန် သဘောတူခဲ့ပြီး လျှပ်စစ် ဓာတ်အားလိုင်းများ အဆင့်မြှင့်ရေး၊ မြို့ပတ် ရထား အဆင့်မြှင့်တင်ရေးနှင့် အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်း စီမံကိန်းများတွင် အသုံးပြုရန် ဖြစ်ကြောင်း ကြေညာခဲ့သည်။
No comments:
Post a Comment