ရန်ကုန်၊ သြဂုတ် ၂၆
ယာဉ်စည်းကမ်း လိုက်နာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးပွိုင့်များနှင့် လူစည်ကားရာ နေရာများတွင် စောင့်ကြည့်ရေး ကင်မရာ (စီစီတီဗီ) ၈၀၀ ကျော် တပ်ဆင်သွားမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံး ဒုတိယ ရဲမှူးကြီး ဦးအောင်ကိုဦးက သြဂုတ်လ ၂၆ ရက်နေ့က ညနေပိုင်းက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ယာဉ် မရပ်နားရ နေရာများ၊ ယာဉ် နှစ်ထပ်ရပ်လေ့ရှိသည့် နေရာများ၊ ဘူတာ၊လေဆိပ်၊ မီးပွိုင့်များတွင် စောင့်ကြည့် ကင်မရာ ၇၉၆ လုံးအပြင် ၃၆၀ ဒီဂရီ လှည့်ပတ် စစ်ဆေးနိုင်သည့် ကင်မရာ အလုံး ၂၀ ကိုပါ တပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ရန်ကုန်မြို့တွင်း၊ မြို့ပြင် နေရာ ၂၀ ကိုလည်း ကင်မရာ တပ်ဖို့ ရှိတယ်။ နေရာတွေကို အတည်ပြုဖို့အတွက် တိုင်းဒေသကြီး အစိုးရကို ကျွန်တော်တို့ဘက်က တင်ပြထားတယ်”ဟု ဒုတိယရဲမှူးကြီး ဦးအောင်ကိုဦးက ဆိုသည်။
ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများအတွက် တရားရုံးက ဒဏ်ငွေ ကျပ်သုံးသောင်းအောက်သာ ချမှတ်ထား၍ စည်းကမ်း ဖောက်ဖျက်မှုကို ထပ်ဆင့် ကျူးလွန်သူများကြောင့် ပြစ်ဒဏ်ကို ကျပ်တစ်သိန်းမှ ကျပ် သုံးသိန်းထိ တိုးမြှင့်ချမှတ်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားပြီဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆိုသည်။
“ကင်မရာတွေ တပ်လိုက်တာကြောင့် ယာဉ်စည်းကမ်း ဖောက်တာ လျော့သွားမယ်လို့တော့ သိပ် မထင်ဘူး။ စည်းကမ်း လိုက်နာဖို့ဆို လိုင်စင် ထုတ်တဲ့အချိန်မှာ အားလုံး နားလည်မှ လိုင်စင် ထုတ်ပေးတာမျိုးက ပိုကောင်းတယ်။ အပြောင်းအလဲ ရှိရင် လူတိုင်း သိနိုင်အောင် မီဒီယာကတစ်ဆင့် ကြေညာပေးစေချင်တယ်”ဟု ဒဂုံမြို့နယ်တွင် နေထိုင်သူ ကိုအာကာဘိုက မှတ်ချက်ပြုသည်။
အသစ် ဖွဲ့စည်းလိုက်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ကလည်း လာမည့် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ယာဉ်စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များကို စီမံချက်ဖြင့် ဒဏ်ကြေး တိုးမြှင့် အရေးယူသွားရန် ရှိကြောင်း အဆိုပါ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။
No comments:
Post a Comment