Saturday, August 27, 2016

ငလျင်ဒဏ်သင့် ပုဂံဘုရားများ မိုးဒဏ်ခံနိုင်စေရန် မိုးကာအုပ်မည်


ညောင်ဦး၊ သြဂုတ် ၂၆

ငလျင်ဘေးဒဏ်ခံခဲ့ရသည့် ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် ပုဂံဒေသရှိ ဘုရားစေတီများကို မိုးဒဏ်ခံနိုင်စေရန် မိုးကာများ အုပ်သွားမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။

“အခု လောလောဆယ်တော့ စူဠာမဏိ၊ ပြဿဒ်ကြီး၊ စေတနာကြီးတို့မှာ မိုးကာတွေ အရင်ပို့ထားပြီး အုပ်မိုးနိုင်ဖို့ လုပ်ဆောင်သွားမယ်”ဟု ၎င်းက ပြောသည်။ 

ငလျင်ဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် စေတီပုထိုးများ၏ အလယ်ပိုင်းတွင် ရေဝင်နိုင်သည့် အပေါက်များရှိသဖြင့် ထိုအပေါက်များမှတစ်ဆင့် ရေများ စိမ့်ဝင်လျှင် ဘုရားများ ပိုမိုပျက်စီးနိုင်၍ ယင်းသို့ မိုးရန် စီစဉ်နေခြင်းဖြစ်သည်။ 

“မိုးကာတွေက အလုံအလောက် ရှိပါတယ်။ မိုးကာ မအုပ်ဘူးဆိုရင် ပထမတစ်ချက်က ဘုရားတွေက နံရံပန်းချီတွေ ပျက်စီးနိုင်တယ်။ နောက်တစ်ချက်က မိုးရေတွေ ဝင်ပြီး ကြံ့ခိုင်မှု အားနည်းသွားရင် အကုန်လုံး ပြိုကျသွားနိုင်တယ်”ဟု ရှေးဟောင်း သုတေသနနှင့်  အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဒေသ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။ 

သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်ခန့်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ စေတီပုထိုးပေါင်း ၁၈၇ ဆူ ထိခိုက်ပျက်စီးခဲ့ကြောင်း အဆိုပါ ဦးစီးဌာနထံမှ သိရှိရသည်။

ယင်းအနက် ဘုရားဖူးများ အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ငလျင်ဒဏ်သင့်ခဲ့သည့် စေတီပုထိုး ၃၃ ဆူတွင် အတွင်းပိုင်းသို့ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရှိရသည်။ 

ဘုရားစေတီတို့၏ ပြင်ပ နေရာများသို့ လာရောက်၍ ရရှိသော်လည်း အတွင်းပိုင်းအထိ ဝင်ရောက်လျှင် ထပ်မံ ပြိုနိုင်သည့် အန္တရာယ်ကြောင့် ယင်းကဲ့သို့ တားမြစ်ထားခြင်းဖြစ်ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“ဘုရားဖူးတွေ အဆင်ပြေအောင် လုပ်ဖို့လည်း မနေ့က သမ္မတကြီးက မှာသွားတယ်။ ပြည်တွင်း ပြည်ပက လာရောက်တဲ့ ဧည့်သည်တွေ ဘုရားမဖူးဘဲ ပြန်သွားတာမျိုးလည်း မဖြစ်စေချင်ဘူး။ ဒါကြောင့် အန္တရာယ်ရှိနိုင်တဲ့ နေရာတွေကိုတော့ မဝင်ရောက်ဖို့ လုံခြုံရေးတွေ ချထားပြီး ကန့်သတ်တာပါ”ဟု ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောဆိုသည်။ 

အန္တရာယ်မဖြစ်နိုင်သည့် စေတီပုထိုးများတွင် ဝင်ရောက်ခွင့်များ ပေးနေပြီး ဘုရားအားလုံးသို့ ရက်အနည်းငယ်အတွင်း ဝင်ရောက်ခွင့်ရရှိနိုင်ရန်လည်း ကြိုးပမ်းနေကြောင်း ပုဂံဒေသ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရှိရသည်။

No comments: