ရန်ကုန်၊ သြဂုတ် ၂၅
ရခိုင်ပြည်နယ်တွင် သုံးလအတွင်း လှေနစ်မြုပ်မှု နှစ်ကြိမ် ဖြစ်ပွားကာ ကျောင်းသား၊ ကျောင်းသူ ၁၁ ဦး သေဆုံးခဲ့ပြီး အလားတူ ဖြစ်ရပ် ထပ်မံ ဖြစ်ပွားလျှင် စည်ပင်မှ တာဝန်ရှိသူများကိုပါ အရေးယူမည် ဖြစ်ကြောင်း ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်က ပြောကြားသည်။
မြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ ကော်မတီများ အနေနှင့် ကူးတို့လှေများတွင် သက်ကယ် အင်္ကျီထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ကူးတို့လှေ လိုင်စင်ရထားသူများ လိုင်စင် စည်းကမ်း လိုက်နာခြင်း ရှိ မရှိ တင်းတင်းကျပ်ကျပ် စစ်ဆေးရမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ဆိုသည်။
“နောက်တစ်ကြိမ် ဒီလို ဖြစ်လာရင် လှေတွေကို တင်းတင်းကျပ်ကျပ် စစ်တာ ဆေးတာတွေ မရှိဘူးဆိုရင် သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ စည်ပင်အမှုဆောင် အရာရှိ အပါအဝင် သက်ဆိုင်တဲ့သူတွေကို အရေးယူမယ်”ဟု ဦးမင်းအောင်က ပြောဆိုသည်။
ရသေ့တောင်မြို့နယ်တွင် သြဂုတ်လ ၁၉ ရက်နေ့က ကျောင်းသား၊ ကျောင်းသူ ၁၇ ဦး လိုက်ပါလာသည့် လှေနစ်မြုပ်ခဲ့ပြီး ကျောင်းသူ လေးဦး သေဆုံးခဲ့သည်။
ယင်းမတိုင်မီ ဇွန်လ ၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်တွင် ကူးတို့လှေ နစ်မြုပ်၍ ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦး သေဆုံးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ် ကူးတို့လှေ နစ်မြုပ်မှုကြောင့် အသက် သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် ယင်းသို့ ထပ် မဖြစ်ရန် ပြည်နယ် အစိုးရအဖွဲ့က သြဂုတ်လ ၁ဝ ရက်နေ့မှ စတင်ကာ ကူးတို့လှေများအတွက် လိုအပ်သည့် အသက်ကယ် အင်္ကျီများကို ဈေးနှုန်း သက်သာစွာဖြင့် ဖြန့်ဝေ ပေးခဲ့ကြောင်း ဦးမင်းအောင်က ဆိုသည်။
သို့သော်လည်း ရသေ့တောင်မြို့နယ်တွင် လှေနစ်မြုပ်မှု ဖြစ်ပွားသည့် သြဂုတ်လ ၁၉ ရက်နေ့အထိ အဆိုပါ အသက်ကယ် အင်္ကျီများ ရောက်ရှိခြင်း မရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“အောက်ခြေ ဝန်ထမ်းပိုင်းက ဆောင်ရွက်တဲ့အပိုင်းမှာ နည်းနည်း အားပျော့တာပေါ့။ အခုတော့ ရောက်သွားပါပြီ”ဟု ဦးမင်းအောင်က ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် ကူးတို့လိုင်း ၃၃ဝ ရှိပြီး ယင်းကူတို့လှေများအတွက် အသက်ကယ်အင်္ကျီ ၂,၂၈၈ ထည် ဖြန့်ဝေထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
ကူးတို့လှေများတွင် သက်ကယ်အင်္ကျီများ ထားရှိရန် လိုင်စင် စည်းကမ်း၌ ပါရှိသော်လည်း ကူးတို့လှေများတွင် မထားရှိကြကြောင်း၊ ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လှေနစ်မြုပ်မှုနှင့် ပတ်သက်၍ ကူးတို့လှေ မောင်းသူကို ဖမ်းဆီး တရားစွဲဆိုထားပြီး ကူးတို့လှေ လိုင်စင်ကိုလည်း ပိတ်သိမ်း အရေးယူထားကြောင်း ဦးမင်းအောင်က ဆိုသည်။
No comments:
Post a Comment