Saturday, August 27, 2016

လေးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ စုံစမ်းနေဆဲ အခြေအနေသာ ဖြစ်သောကြောင့် ထူးခြားသည့် အကြောင်းအရာ ရှိလာမှသာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နိုင်မည်



Posted: August 26, 2016

ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့တွင် မင်္ဂလာဒုံမြို့တွင် ဖြစ်ပွားခဲ့သော လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ စုံစမ်းနေဆဲ အခြေအနေသာ ဖြစ်သောကြောင့် ထူးခြားသည့် အကြောင်းအရာ ရှိလာမှသာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ထောက်ကြန့်မြို့မ ရဲစခန်းမှ စခန်းမှူးက The Ladies သို့ ပြောသည်။

 

“ရဲလုပ်ငန်းအရ ဆောင်ရွက်နေတာဖြစ်တဲ့ သက်သေခံ ပစ္စည်းရှာဖွေခြင်းတွေ ပြုလုပ်နေပါတယ်။ ကျွန်တော်တို့ဘက်က ဘာကိုမှ မထုတ်ပြန်သေးပါဘူး။ အကြောင်းအရာစုံမှ ထုတ်ပြန်မှာပါ” ဟု စခန်းမှူးက ဆက်လက်ပြောကြားသည်။

 

အဆိုပါ လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များသည် စုံစမ်းဆောင်ရွက်ဆဲ ဖြစ်သောကြောင့် လူမှုကွန်ယက်တွင် ဖော်ပြနေသော ကိစ္စရပ်များသည် ရဲတပ်ဖွဲ့ဝင်များ ထုတ်ပြန်သော အကြောင်းအရာများ မဟုတ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် မှုခင်းရဲတပ်ဖွဲ့တို့ပူးပေါင်းကာ အမှုမှန်ပေါ်ပေါက်ရေးကို ဆောင်ရွက်လျှက်ရှိနေရာ အဆိုပါ မှုခင်းဖြစ်ပွားသော နေအိမ်ပတ်ဝန်းကျင်တွင် သက်သေခံ ပစ္စည်းရှာဖွေခြင်း လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

သြဂုတ်လ ၂၀ ရက်နေ့တွင် ဦးစိုးနောင်(ရဲအရာရှိဟောင်း) အသက် ၃၇ နှစ်နှင့် ဇနီးဖြစ်သူ မချယ်ရီပွင့်(အသက် ၃၃နှစ်) ၊သားအကြီး ဟန်သူရ (အသက် ၁၃)နှစ်နှင့် သားအငယ် စွမ်းထက်မြက် (အသက် ၉နှစ်)တို့သည် ၄င်းတို့၏ နေအိမ်တွင် ဓါးဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

 

ဝသန်

The Ladies News

No comments: