Monday, August 22, 2016

တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ရပ်ဆိုင်းထားရခြင်းကြောင့် ကုန်သွယ်မှု ကျဆင်းကာ ငွေကြေးလှည့်လည်မှု တုံ့ဆိုင်းနိုင်သည်ဟုဆို

မြန်မာဘက်မှ ဆန်တင်ပို့မှုကို တရုတ်အစိုးရ၏ အဖမ်းအဆီး များပြားနေခြင်းကြောင့် မြန်မာနိုင်ငံတွင် ကုန်သွယ်မှု ကျဆင်းကာ ငွေကြေးလှည့်လည်မှု တုံ့ဆိုင်းနိုင်ကြောင်းဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက The Ladies သို့ ပြောကြားသည်။
 
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ၈၀ ရာခိုင်နှုန်းခန့် ရှိနေသည့်အတွက် တရုတ်သို့ ဆန်တင်ပို့မှုသည် အချိန်ကြာကြာ ရပ်ဆိုင်းနေပါက လုပ်ငန်းရှင်များအတွက် အခက်အခဲများ ကြုံလာနိုင်ကြောင်း သိရသည်။
 
“လောလောဆယ်တော့ ပို့လို့မရသေးဘူး။ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ဆန်မှမဟုတ်ဘူး သကြားတို့ ပြောင်းတို့ အစရှိတဲ့ ကုန်စည်တွေလည်း ပို့လို့မရဘူး။ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်အထိ ပို့လို့မရသေးဘူး ဆိုရင်တော့ ကုန်စည်ဈေး ကျဆင်းနိုင်ပါတယ် ” ဟု ဒေါက်တာစိုးထွန်းက ဆက်လက်ပြောကြားသည်။
 
ယခင်က မူဆယ် ဆန်ဈေးကွက်အတွင်းသို့ တစ်ရက်လျှင် ဆန်တန်ချိန် ၃၀၀၀ မှ ၄၀၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တစ်ရက်လျှင် တန်ချိန် ၁၅၀၀ မှ ၂၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ရာ တရုတ်နိုင်ငံဘက်မှ ဆန်ဝယ်ယူမှုသည် ထက်ဝက်နီးပါး ကျဆင်းလျှက်ရှိကြောင်း သိရသည်။
 
တရုတ်ကုန်သည်များက မြန်မာဘက်မှ ဆန်ဝယ်ယူခြင်းသည် မြန်မာနိုင်ငံအနေဖြင့် တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်နိုင်ငံမှ ၀ယ်ယူခြင်းသည် မှောင်ခိုသဘောမျိုး ဖြစ်နေသောကြောင့် ဖမ်းဆီးခြင်းများ ခံရခြင်းဖြစ်ကြောင်း သိရသည်။
 
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ခရီးစဉ်တွင် တရုတ် မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှု၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနှင့် နယ်စပ်ဒေသ တရားဥပဒေ စိုးမိုးရေး ချစ်ကြည်ရင်းနှီးမှု တိုးမြင့်ဖို့အရေး သဘောတူညီခဲ့ကြပြီး တရုတ်နိုင်ငံ၏ တစ်ခုတည်းရပ်ဝန်း၊ တစ်ခုတည်းသောလ မ်းကြောင်း စီးပွားရေးမူဖြင့် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန် သဘောတူညီမှုရရှိခဲ့သည်။
 
“စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလို့ ဆိုရာမှာ အားလုံးကို ခြုံငုံပြီးပြောတဲ့အတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ပူးပေါင်းဆောင်ရွက်တဲ့ အခါမှာလည်း ကဏ္ဍတစ်ခုစီကို သီးခြားစာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်နိုင်မှသာ အကျိုးရှိလာနိုင်မှာပါ” ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။
 
ဝသန်
The Ladies News
 

No comments: